HomeCharacterLoki ကို ဘောလိဝုဒ်စတား လုပ်လိုက်တဲ့ Marvel ကောမစ်

Loki ကို ဘောလိဝုဒ်စတား လုပ်လိုက်တဲ့ Marvel ကောမစ်

Marvel ကောမစ်ထဲမှာတော့ Loki ကို ပုံစံအမျိူးမျိူးနဲ့ မြင်တွေ့ခဲ့ရပြီး ယခုအချိန်မှာလည်း ဘောလိဝုဒ်စတား တစ်ယောက်အနေနဲ့ မြင်တွေ့လိုက်ရပါတယ်။ ကောမစ်ထဲမှာတော့ Loki ဟာ သမ္မတနေရာမှာလည်း ဝင်အရွေးခံခဲ့ဖူးသလို Avengers အဖွဲ့ဝင်လည်း ဖြစ်ခဲ့ဖူးပါသေးတယ်။ ဒါကြောင့်ပဲ Loki ဟာ ဘယ်လိုမျိူး ဘောလိဝုဒ်စတား တစ်ယောက်အဖြစ် ပါဝင်လာတယ် ဆိုတာကို ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။

Ms. Marvel: Beyond the Limit #1 ကောမစ်ထဲမှာတော့ Ms. Marvel ဟာ သူမရဲ့ဝမ်းကွဲ သိပ္ပံပညာရှင်တစ်ယောက်ဆီကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲ့ဒီသိပ္ပံပညာရှင်ဆီမှာတော့ တခြား Reality တွေဆီကို သွားနိုင်တဲ့ စက်ပစ္စည်းတစ်ခု ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ စမ်းသပ်ခန်းဟာ ဖောက်ထွင်းခံရပြီး Ms. Marvel ရဲ့ ဝမ်းကွဲဟာလည်း အန္တရာယ်ကျရောက်နေတဲ့ အချိန်မှာတော့ Ms. Marvel က ဝင်ရောက်တားဆီးခဲ့ပါတယ်။

photo via screenrant

ဒီလိုတားဆီးရင်းနဲ့ပဲ သူမဟာ အဲ့ဒီစက်ပစ္စည်းကို ထိမိသွားပြီး တခြားဒိုင်မေးရှင်းမှာ ရှိနေတဲ့ သူမကိုယ်သူမ ခဏတာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီစက်ပစ္စည်းကို လွှတ်လိုက်တဲ့အချိန်မှာတော့ အဲ့ဒီပုံရိပ်တွေလည်း ပျောက်ကွယ်သွားပြီး အရာရာဟာ ပုံမှန်လို ပြန်ဖြစ်သွားပါတယ်။ ဒါကြောင့်ပဲ သူမဟာ အေးအေးဆေးဆေး အိမ်ကို ပြန်သွားတဲ့အချိန်မှာတော့ အရာရာဟာ ပြောင်းလဲသွားတာကို သတိပြုမိသွားပါတော့တယ်။

Ms. Marvel ဟာ သူမရဲ့ အိမ်ထဲကို ဝင်ဝင်ချင်းမှာပဲ သူမရဲ့မိဘတွေက ဘောလိဝုဒ်ရုပ်ရှင် ကြည့်နေရင်း တစ်ယောက်နဲ့တစ်ယောက် အလွန်ချစ်မြတ်နိုးနေတဲ့ ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။ သူမကတော့ ထူးဆန်းလိုက်တာလို့ တွေးရင်းနဲ့ပဲ သူမရဲ့ ကိုယ်ပိုင်အခန်းဆီသို့ ဝင်သွားပါတယ်။ အဲ့ဒီနောက် သူမ ဧည့်ခန်းထဲကို ပြန်ဝင်လာတဲ့အချိန်မှာတော့ သူမရဲ့မိဘတွေကပါ အဲ့ဒီဘောလိဝုဒ်ရုပ်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေတာကို မြင်တွေ့လိုက်ရပြီး အပြင်ကို ကြည့်လိုက်တဲ့အခါမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးကပါ ဘောလိဝုဒ်ရုပ်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေတာကို မြင်တွေ့လိုက်ရပါတော့တယ်။

photo via screenrant

လူတိုင်းဟာ အိန္ဒိယရိုးရာဝတ်စုံတွေနဲ့ လမ်းမတွေပေါ်မှာ ကနေကြပြီး Ms. Marvel ကလည်း ဘယ်လိုတွေ ဖြစ်ကုန်လည်းဆိုတာ စုံစမ်းဖို့ အိမ်အပြင်ကို ထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာ‌တော့ သူမဟာ ဆင်တစ်ကောင်နဲ့ ထိပ်တိုက်တိုးခဲ့ပြီး အဲ့ဒီဆင်ပေါ်မှာတော့ Loki ရှိနေပါတယ်။ Reality တစ်ခုလုံးက ဘောလိဝုဒ်ရုပ်ရှင်အဖြစ် ပြောင်းလဲနေပြီး Loki ကတော့ အဲ့ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာတင် ကောမစ်ရဲ့ Issue က ပြီးဆုံးသွားတာကြောင့် Loki ဟာ Reality ကို ဘောလိဝုဒ်ရုပ်ရှင်အဖြစ် ပြောင်းလဲလိုက်တာလား ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့်လည်း ရပ်ကွက်တစ်ခုလုံးကို အပျော်သဘောနဲ့ ဘောလိဝုဒ်ရုပ်ရှင်အဖြစ် ပြောင်းလဲတယ်ဆိုတဲ့ အရာဟာ Loki အတွက် အပျင်းပြေသဘောနဲ့ ပြုလုပ်နိုင်တဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို ပြောင်းလဲသွားရခြင်းဟာ Ms. Marvel က Reality တွေကို ခရီးသွားနိုင်တဲ့ စက်ပစ္စည်းကို ထိတွေ့မိလိုက်လို့လည်း ဖြစ်နိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယခုဆိုရင်တော့ Marvel ကောမစ်မှာ Loki ကို ဘောလိဝုဒ် စတားတစ်ယောက်အဖြစ် တရားဝင် ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular