HomeCelebs Update NewsInternationalရုပ်ရှင်အသစ်အတွက် (၆)ပတ်အတွင်း ပေါင်(၃၀)တက်အောင် ကြိုးစားခဲ့ရတဲ့ Mark Wahlberg

ရုပ်ရှင်အသစ်အတွက် (၆)ပတ်အတွင်း ပေါင်(၃၀)တက်အောင် ကြိုးစားခဲ့ရတဲ့ Mark Wahlberg

နာမည်ကျော်မင်းသား Mark Wahlberg ကတော့ သူ့ရဲ့ရုပ်ရှင်အသစ်က ဇာတ်ရုပ်အတွက် တိုတောင်းတဲ့ အချိန်ကာလအတွင်း ပေါင်(၃၀)တက်လာအောင် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

Mark Wahlberg ဟာ Father Stu လို့ အမည်ရတဲ့ ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိဇာတ်လမ်းတစ်ခုမှာ Stuart Long ဆိုတဲ့ ပုဂ္ဂိုလ်နေရာက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အဆိုပါဇာတ်ရုပ်အတွက် Mark ဟာ သူ့ရဲ့နဂို ကျစ်လျစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်အစား ဝဖိုင့်တဲ့ ခန္ဓာကိုယ် အနေအထားဖြစ်အောင် ပြုပြင် ပြောင်းလဲခဲ့ရပါတယ်။ ဒါကြောင့်လည်း ရက်သတ္တပတ်(၆)ပတ်ဆိုတဲ့ တစ်လခွဲခန့် ကာလအတွင်းမှာ ပေါင်(၃၀) ထပ်တက်လာအောင် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။

ခန္ဓာကိုယ်အတွက် လိုအပ်တာထက် ကယ်လိုရီတွေကို ပိုမိုစားသုံးရတာဟာ ထင်ထားသလောက် ပျော်စရာမကောင်းပါဘူးလို့လည်း Entertainment Tonight နဲ့ အင်တာဗျူးမှာ Mark က ရင်ဖွင့်ခဲ့ပါသေးတယ်။

Photo: markwahlbergbest/ Instagram

“ပေါင်(၃၀)တက်အောင် လုပ်ဖို့ ကျွန်တော့်မှာ အချိန်(၆)ပတ်ပဲ ရှိပါတယ်။ ပထမဆုံး နှစ်ပတ်မှာ ကျွန်တော် တစ်နေ့ကို ကယ်လိုရီ(၇၀၀၀)လောက် စားပါတယ်။ ပြီးတော့ နောက်ဆုံး လေးပတ်မှာတော့ တစ်နေ့ကို ကယ်လိုရီ(၁၁,၀၀၀)လောက် စားခဲ့ရပါတယ် … ” လို့ ဆိုပါတယ်။ တစ်နေ့ကို လူတစ်ယောက် ပုံမှန်စားသုံးဖို့ လိုအပ်တဲ့ ပမာဏဟာ ကယ်လိုရီ(၂၀၀၀)ဝန်းကျင်မျှသာ ဖြစ်တာကြောင့် Mark အနေနဲ့ တစ်နေ့ကို ကယ်လိုရီ(၁၀,၀၀၀)ကျော် စားသုံးရတာဟာ ပုံမှန်ထက် ငါးဆလောက် များပြားပါတယ်။

စိတ်ကို ထိန်းချုပ်နေစရာ မလိုဘဲ ကြိုက်သလို စားလို့ရတာဟာ အစပိုင်းလောက်ပဲ ပျော်စရာကောင်းပေမယ့် နောက်ပိုင်းမှာတော့ စိတ်ပင်ပန်းစရာ ဖြစ်တယ်လို့ Mark က ဆိုပါတယ်။

Photo via IMDb

“လုံးဝ ပျော်ဖို့မကောင်းပါဘူးဗျာ။ ပထမဆုံး စားရတဲ့ အကြိမ်တုန်းကတော့ အရမ်းမိုက်ပါတယ်။ အဲဒီနောက်ပိုင်းကျတော့ ကိုယ်ကဗိုက်ပြည့်နေပြီ ဖြစ်ပေမယ့် နောက်ထပ် ထပ်စားရပြန်ရော။ ကျွန်တော့်အသက်အရွယ်နဲ့ ဒီလောက် အချိန်အတွင်းမှာ ဒီလောက် ဝိတ်တက်လာဖို့ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အရာ မဟုတ်ဘူးလေဗျာ … ” လို့ အသက်(၅၀)နှစ်အရွယ် Mark က ရင်ဖွင့်ပါတယ်။

ဒါကြောင့်ပဲ ဝိတ်တက်ရင် ပြီးရောဆိုပြီး အလွယ်စားလို့ရတဲ့ junk food တွေကို မစားခဲ့ဘဲ အာဟာရတန်ဖိုး ပြည့်ဝတဲ့ အစားအစာတွေကိုသာ စားသုံးခဲ့တယ်လို့ ဆိုပါတယ်။

Photo: markwahlberg/ Instagram

“ခင်ဗျားတို့ ထင်တဲ့ဟာတွေ ကျွန်တော်မစားပါဘူး။ ဘုရား ဘုရား … ကျွန်တော်က ဆိုဖာပေါ်ထိုင်ပြီး ရေခဲမုန့်တွေ၊ ပီဇာတွေချည်းပဲ နင်းကန်စားရမလားဗျာ။ ကျွန်တော် ဝိတ်တက်ဖို့ကိစ္စကို ကျန်းမာရေးနဲ့အညီ ဖြစ်အောင်ပဲ ကြိုးစားခဲ့တယ်။ တစ်ခါစားရင် ကြက်ဥ(၁၂)လုံး၊ ဘေကွန်(၁၂)ခု၊ အာလူးမီးဖုတ် (၂)လုံး၊ Porterhouse steak (၁)ခု၊ ထမင်းဖြူ (၂)ပန်းကန်နဲ့ သံလွင်ဆီ (၁)ဖန်ခွက် စားတယ် … ”

“ပထမဆုံး နှစ်ပတ်ကို ပရိုတိန်းဓာတ် မြင့်မားတဲ့ဟာတွေပဲ စားတယ်။ ဒုတိယ နှစ်ပတ်ကိုကျတော့ ကာဘိုဟိုက်ဒရိတ်တွေ အများကြီး စားတယ်။ နောက်ဆုံးနှစ်ပတ်မှာတော့ ကဆီဓာတ်များတာတွေ စားတယ်။ ခန္ဓာကိုယ်က ဝဝဖိုင့်ဖိုင့်ပုံစံမျိုး ဖြစ်ဖို့အတွက် ဆိုဒီယမ်တွေလည်း စားရတယ်။ အဲတော့ ပြောရရင် တကယ်ကြီးကို ပျော်ဖို့မကောင်းပါဘူး။ ဗိုက်ပြည့်နေတဲ့ အချိန်မှာ နောက်ထပ် ထပ်စားရတာလောက် ဆိုးဝါးတဲ့အရာ မရှိပါဘူး … ” လို့ Mark က ဆိုပါတယ်။

Mark Wahlberg သရုပ်ဆောင်ထားတဲ့ Father Stu ဇာတ်ကားကတော့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လက်ဝှေ့သမားဘဝကနေ ခရစ်ယာန်ဘုန်းကြီးဘဝကို ပြောင်းလဲသွားတဲ့ Stuart Long ဆိုသူရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Mark Wahlberg ၊ Jackie Weaver နဲ့ Mel Gibson တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဧပြီလ(၁၃)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular