HomeCharacterMarvel ကောမစ်ထဲက သွေးစုပ်ဖုတ်ကောင်တွေရဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်းများ

Marvel ကောမစ်ထဲက သွေးစုပ်ဖုတ်ကောင်တွေရဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်းများ

Marvel Cinematic Universe ထဲမှာတော့ မကြာခင်မှာ သွေးစုပ်ဖုတ်ကောင်တွေလည်း ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Eternals ရုပ်ရှင်ထဲမှာတော့ Black Knight ဖြစ်လာမယ့် Dane Whitman ကို မြင်တွေ့ခဲ့ရသလို Credit Scene ထဲမှာလည်း Blade ရဲ့ အသံကို ကြားခဲ့ရပါတယ်။

ပရိသတ်တွေ အားလုံးသိကြတဲ့အတိုင်း Blade ကတော့ သွေးစုပ်ဖုတ်ကောင်မုဆိုး ဖြစ်ပြီး Black Knight ကလည်း သွေးစုပ်ဖုတ်ကောင်တွေနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် Sony ကလည်း မကြာသေးခင်ကပဲ Morbius ရုပ်ရှင်ကို ရုံတင်ပြသခဲ့တာကြောင့် မကြာခင်မှာပဲ MCU ထဲမှာတော့ သွေးစုပ်ဖုတ်ကောင်တွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Marvel ကောမစ်ထဲက သွေးစုပ်ဖုတ်ကောင်တွေရဲ့ သမိုင်းကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ပထမဆုံး သွေးစုပ်ဖုတ်ကောင်

photo via screenrant

Marvel ကောမစ်ထဲမှာတော့ သွေးစုပ်ဖုတ်ကောင်တွေဟာ မှော်ပညာတွေကနေ အစပြုပြီး ဖြစ်လာခဲ့တာပါ။ ကောမစ်ထဲက ပထမဆုံး သွေးစုပ်ဖုတ်ကောင်ကတော့ WandaVision ဇာတ်လမ်းတွဲနဲ့ Doctor Strange in the Multiverse of Madness ရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Darkhold စာအုပ်ကြောင့် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ Doctor Strange, Sorcerer Supreme #11 ကောမစ်ထဲမှာတော့ Doctor Doom ရဲ့ နောက်လိုက်တွေ ဖြစ်တဲ့ Darkholder တွေဟာ Darkhold စာအုပ်ကို အသုံးပြုပြီး ပထမဆုံး သွေးစုပ်ဖုတ်ကောင်ဖြစ်တဲ့ Varnae ကို ဖန်တီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Varnae ဟာ Darkholder တွေရဲ့ အမိန့်ကို မနာခံဘဲ ပြန်လည်တိုက်ခိုက်ခဲ့ပြီး Darkhold စာအုပ်ကို အသုံးပြုကာ နောက်ထပ် သွေးစုပ်ဖုတ်ကောင်တွေကို ဖန်တီးခဲ့ပါတယ်။

သွေးစုပ်ဖုတ်ကောင်မျိူးကွဲများ

photo via screenrant

သွေးစုပ်ဖုတ်ကောင်တွေဟာ အချိန်တွေ ကြာမြင့်လာတာနဲ့အမျှ ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်လာပြီး မျိူးကွဲတွေ ဖြစ်လာပါတော့တယ်။ အဲဒီမျိူးကွဲတွေကတော့

Jumlin – Jumlin တွေကတော့ ပထမဆုံး သွေးစုပ်ဖုတ်ကောင် မျိူးစိတ်ပဲ ဖြစ်ပြီး အမေရိကမြောက်ပိုင်းမှာ ယခုအချိန်ထိ နေထိုင်ဆဲ ဖြစ်ပါတယ်။

Charniputra – သူတို့တွေကတော့ Gargoyle နဲ့ဆင်တူတဲ့ သွေးစုပ်ဖုတ်ကောင်တွေပဲ ဖြစ်ကြပြီး ဟိမဝန္တာတောင်တန်းမှာ နေထိုင်ကြပါတယ်။

Aqueos – Aqueos တွေကတော့ အတ္တလန်တစ်မြို့ကြီး ပျက်စီးသွားချိန်မှာ ကမ္ဘာပေါ်ကို ရောက်ရှိလာတဲ့ သွေးစုပ်ဖုတ်ကောင်တွေပဲ ဖြစ်ပါတယ်။

Krieger Sect – သူတို့တွေကတော့ အင်အားအကြီးမားဆုံး စစ်သည်တော် မျိူးစုတွေထဲကတစ်ခု ဖြစ်ပြီး အနိုင်ယူဖို့ မဖြစ်နိုင်လောက်တဲ့ တောင်ပေါ်ခံတပ်တွေမှာ နေထိုင်ကြပါတယ်။

Claw Sect – Claw Sect လို့ခေါ်တဲ့ သွေးစုပ်ဖုတ်ကောင်တွေကတော့ Krieger တွေရဲ့ပြိုင်ဘက် စစ်သည်တော်မျိူးစု ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသက ဆင်းသက်လာပါတယ်။

Mystikos Sect – သူတို့တွေကတော့ အနောက်တိုင်း လူ့အဖွဲ့အစည်းထဲမှာ ဝင်ရောက်နေတဲ့ အမေရိကန်သွေးစုပ်ဖုတ်ကောင်တွေ ဖြစ်ပြီး သွေးစုပ်ဖုတ်ကောင်တွေရဲ့ အားနည်းချက်တွေကို နည်းပညာအကူအညီနဲ့ ဖြေရှင်းတတ်ကြပါတယ်။

photo via screenrant

Anchorite Sect – သူတို့ကတော့ လူသားတွေ များပြားလာမှုကြောင့် တဖြည်းဖြည်း နောက်ဆုတ်လာရတဲ့ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ သွေးစုပ်ဖုတ်ကောင်တွေပဲ ဖြစ်ပါတယ်။

Nosferatu Sect – သူတို့ကတော့ ဉရောပအရှေ့ပိုင်းမှာ နေထိုင်ကြပြီး အလွန်သွေးဆာတတ်တဲ့ မျိူးစိတ်တွေ ဖြစ်ကာ တခါတရံမှာ တခြားသွေးစုပ်ဖုတ်ကောင်တွေကိုလည်း တိုက်ခိုက်ကြပါသေးတယ်။

Moksha Sect – Moksha Sect တွေကတော့ တတ်နိုင်သမျှ နည်းနည်းပဲ စားသုံးကြပြီး ဒီအချက်ကြောင့်ပဲ စွမ်းအားတွေ ရရှိထားတဲ့ မျိူးစိတ်ပဲ ဖြစ်ပါတယ်။ ဒီမျိူးစိတ်ထဲမှာတော့ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းအားတောင် ပါဝင်နေပါတယ်။

Siren Sect – သူတို့ကတော့ လူသားတွေကို မြူစွယ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ သွေးစုပ်ဖုတ်ကောင်အမတွေပဲ ဖြစ်ပါတယ်။

Adze – Adze တွေကတော့ အာဖရိက သွေးစုပ်ဖုတ်ကောင်တွေ ဖြစ်ကြပြီး သွေးစုပ်ဖုတ်ကောင်တွေရဲ့ သာမန်အားနည်းချက်တွေကို အတိုင်းအတာတစ်ခုထိ ခံနိုင်ရည်ရှိပြီးသား ဖြစ်နေကြသူတွေလည်း ဖြစ်ပါတယ်။

Ancients – Ancients တွေကတော့ သာမန်သွေးစုပ်ဖုတ်ကောင်တွေထက် ပိုမိုသာလွန်တဲ့ အလျင်နဲ့ Healing တွေကို ပိုင်ဆိုင်ထားတဲ့ အီတလီသွေးစုပ်ဖုတ်ကောင်တွေပဲ ဖြစ်ပါတယ်။

Yiki Onna – သူတို့တွေကတော့ ဂျပန်က သွေးစုပ်ဖုတ်ကောင် မိသားစုတွေပဲ ဖြစ်ပြီး ရေခဲမုန်တိုင်းအဖြစ်လည်း ပြောင်းလဲနိုင်ကြပါတယ်။

Trysks – သူတို့တွေကတော့ တခြားသွေးစုပ်ဖုတ်ကောင်တွေကို အမဲလိုက်ကြတဲ့ မျိူးစိတ်ပဲ ဖြစ်ပါတယ်။

Dracula

photo via screenrant

၁၄၀၀ ခုနှစ်ကျော်လောက်မှာတော့ Vlad Tepes Dracula ဟာ ဆေးကုသဖို့အတွက် ဂျစ်ပစီတစ်ယောက်ဖြစ်သူ Lianda ဆီကို ရောက်သွားပါတယ်။ တကယ်တော့ Lianda ဟာ သွေးစုပ်ဖုတ်ကောင် ဖြစ်ပြီး Dracula ကို သမိုင်းမှာ စွမ်းအားအကြီးဆုံး သွေးစုပ်ဖုတ်ကောင်တွေထဲက တစ်ယောက်အဖြစ် ပြောင်းလဲလိုက်ပါတယ်။

စစချင်းမှာတော့ Dracula ဟာ သူ့ရဲ့ဆန္ဒမပါဘဲ ယခုလို ပြောင်းလဲခံလိုက်ရတာကြောင့် ဒေါသထွက်ပြီး Lianda ကို လက်စားချေခဲ့သလို သွေးချောင်းစီးတဲ့ သောင်းကျန်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ မကြာခင်မှာတော့ Dracula ဟာ သွေးစုပ်ဖုတ်ကောင်တွေကြားထဲမှာ တဖြည်းဖြည်း အဆင့်တွေ တက်လာခဲ့ပြီး နောက်ဆုံးမှာတော့ ပထမဆုံးသွေးစုပ်ဖုတ်ကောင် ဖြစ်တဲ့ Varnae ကို အနိုင်ယူပြီး Vampire Lord ဖြစ်လာပါတော့တယ်။ ဒါကြောင့်ပဲ သူဟာ ရာစုနှစ်နဲ့ချီပြီး သွေးစုပ်ဖုတ်ကောင်တွေကို အုပ်စိုးခဲ့တဲ့အပြင် Transylvania မှာ Dracula ရဲတိုက်ကို တည်ဆောက်ခဲ့ပါတယ်။

Dracula ကတော့ အမြဲတမ်း ဗီလိန်ဖြစ်နေပေမယ့်လည်း သူဟာ နာဇီတွေကိုတော့ ဆန့်ကျင်ခဲ့ပါတယ်။ အကြောင်းကတော့ နာဇီတွေမှာ ဂျစ်ပစီအစေခံတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။ သူဟာ Nick Fury နဲ့ ပူးပေါင်းကာ နာဇီတွေကို တိုက်ခိုက်ခဲ့ပြီး Ravencroft Institute မှာ ပြုလုပ်နေတဲ့ သဘာဝလွန် စမ်းသပ်ချက်တွေကိုလည်း ကူညီပေးခဲ့ပါတယ်။ ယခုခေတ်ကို ရောက်လာတဲ့ အချိန်မှာတော့ သူဟာ Blade နဲ့ Doctor Strange တို့ရဲ့ အဓိကရန်သူ ဖြစ်ပါတယ်။

ဒါကတော့ Marvel ကောမစ်ထဲက သွေးစုပ်ဖုတ်ကောင်တွေရဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်းနဲ့ မျိုးကွဲတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular