HomeCelebs Update NewsKoreaဇာတ်လမ်းလိုအပ်ချက်အရ အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားတဲ့ ကိုရီးယားမင်းသားများ

ဇာတ်လမ်းလိုအပ်ချက်အရ အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားတဲ့ ကိုရီးယားမင်းသားများ

သရုပ်ဆောင်တစ်ယောက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေထဲမှာ အသွင်အပြင်ကို လုံးဝပြောင်းလဲပစ်ရတာလည်း ပါဝင်ပါတယ်။ ဆန့်ကျင်ဘက် ပုံစံတွေကို ပြောင်းလဲပစ်ပြီး သရုပ်ဆောင်ခြင်းအားဖြင့် သရုပ်ဆောင်တစ်ယောက်ဟာ သူ့ရဲ့ကာရိုက်တာအပေါ် ဘယ်လောက် မြှုပ်နှံထားလည်းဆိုတာ သိသာပေါ်လွင်စေပါတယ်။ ဇာတ်ရုပ်အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်ကြရာမှာ တချို့ကတော့ အနည်းအကျဉ်းပဲ ပြင်ဆင်ရတာမျိုး ရှိသလို တချို့ကတော့ လူပုံစံတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ အမျိုးသမီးလို ဝတ်စားဆင်ယင်ပြီး အမျိုးသမီးတစ်ယောက်လို သရုပ်ဆောင်ထားတဲ့ ကိုရီးယားသရုပ်ဆောင် မင်းသားတွေပဲ ဖြစ်ပါတယ်။

Lee Joon Gi

Photo via kdramastars

Lee Joon Gi ကတော့ The King and The Clown ရုပ်ရှင်နဲ့ နိုင်ငံတကာ ပရိသတ်တွေကြားမှာပါ အောင်မြင်မှု ရရှိထားသူ ဖြစ်ပါတယ်။ Lee Joon Gi ဟာ ဒီဇာတ်ရုပ်နေရာကို ရရှိဖို့ အခြားသော သရုပ်ဆောင်တွေနဲ့ အပြိုင်အဆိုင် ကြိုးစားပြီးမှ ဒီကာရိုက်တာမှာ သရုပ်ဆောင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း သူ့ရဲ့သေသပ်လှပတဲ့ သရုပ်ဆောင်မှုနဲ့ သူသာလျှင် ဒီဇာတ်ရုပ်နဲ့ အလိုက်ဖက်ဆုံးဖြစ်ကြောင်း သက်သေပြထားပါတယ်။

The King and The Clown ရုပ်ရှင်ကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb rating (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယ်လှည့်ဖျော်ဖြေတဲ့ လူပြက်နှစ်ယောက်ဟာ ဘုရင်မင်းမြတ်ကို သရော်ပြက်လုံး ထုတ်မိတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။ ဘုရင်ကတော့ သူတို့နှစ်ယောက်ကို တန်းမသတ်စေဘဲ အခွင့်အရေးပေးတဲ့အနေနဲ့ သူ့ကို ရယ်မောအောင် ပြုလုပ်နိုင်ရင် အသက်ချမ်းသာခွင့် ပေးမယ်လို့ အမိန့်ချလာတဲ့အခါမှာတော့ … ။

Ji Chang Wook

Photo via kdramastars

ရိုမန့်တစ် ဟာသဇာတ်ရုပ်တွေမှာ ဆရာတစ်ဆူလို့ သတ်မှတ်ခံထားရတဲ့ Ji Chang Wook ဟာလည်း Bachelor’s Vegetable Store ဇာတ်လမ်းတွဲထဲမှာ စုန်းမလှလှလေးအဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒါကတော့ သူဟာ သစ်သီးရောင်းသူတစ်ယောက် ဖြစ်ပြီး အသီးတွေကို လူစိတ်ဝင်စားလာအောင် အခုလိုဝတ်ဆင်ပြီး ရောင်းချတာ ဖြစ်ပါတယ်။

Bachelor’s Vegetable Store ဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး အပိုင်းပေါင်း (၂၄)ပိုင်း ပါဝင်ပါတယ်။ IMDb rating ကတော့ (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၉၈ ခုနှစ်ဝန်းကျင်ကာလမှာ မြို့ငယ်လေးတစ်မြို့မှာ သစ်သီးတွေ ရောင်းချရင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုင်ခွဲပေါင်းများစွာ ပိုင်ဆိုင်လာတဲ့ Lee Young Suk ဆိုသူရဲ့ ဘဝအကြောင်း တကယ့် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Seo Kang Joon

Photo via kdramastars

ယောက်ျားပီသတဲ့ ရုပ်သွင်ရှိသူလို့ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ မင်းသား Seo Kang Joon ဟာလည်း After School: Lucky or Not ဆိုတဲ့ ဒရာမာတစ်ခုထဲမှာ ကျောင်းသူလေးတစ်ယောက်လို သရုပ်ဆောင်ဖူးပါတယ်။ ဒီဒရာမာထဲက သူ့ရဲ့သရုပ်ဆောင်မှုကတော့ ပရိသတ်တွေကြားထဲမှာ ပြောစမှတ်ဖြစ်ခဲ့တဲ့ ဇာတ်ရုပ်တစ်ခုလည်း ဖြစ်ပါတယ်။

After School: Lucky or Not ကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိထားတဲ့ ဟာသဒရာမာတစ်ခု ဖြစ်ပြီး season (၂)ခု ထွက်ရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Kim So Eun ဆိုတဲ့ ကျောင်းသူလေးဟာ အေးအေးဆေးဆေး နေထိုင်တတ်သူ ဖြစ်ပေမယ့် တစ်နေ့မှာတော့ Lucky or Not ဆိုတဲ့ အဖွဲ့တစ်ခုရဲ့ ဖိတ်ကြားစာတစ်စောင်ကို ရရှိလာပါတယ်။ အဲဒီနောက်မှာတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို ကောင်လေးငါးယောက်ဟာ သူမကို သူတို့အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ပါတော့တယ်။

Yoo Seung Ho

Photo via kdramastars

မင်းသား Yoo Seung Ho ဟာလည်း ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Seondal: The Man Who Sells The River ဆိုတဲ့ ရုပ်ရှင်ထဲမှာ ပထမဆုံးအကြိမ် အမျိုးသမီးတစ်ယောက်လို သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Yoo Seung Ho ဟာ Seon Dal ဆိုတဲ့ လူလိမ်တစ်ယောက်နေရာက သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားထဲမှာတော့ မင်းသားကို ကိုရီးယားရိုးရာ ဝတ်စုံနဲ့ လှပတဲ့ ကောင်မလေးအဖြစ် ပြောင်းလဲ သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Seon Dal ဆိုတဲ့ လူလိမ်တစ်ယောက်ဟာ ပိုင်ရှင်မရှိတဲ့ မြစ်တစ်စင်းကို ဘုရင်မင်းမြတ်ဆီ လိမ်လည် ရောင်းချဖို့ ကြိုးစားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ IMDb rating ကတော့ (6.5) ရရှိထားပါတယ်။

Kim Nam Gil

Photo via kdramastars

SBS ရုပ်သံလိုင်းက ထုတ်လွှင့်ပြီး ပရိသတ်အားပေးမှု တခဲနက် ရရှိထားတဲ့ The Fiery Priest ဒရာမာထဲမှာတော့ သရုပ်ဆောင် Kim Nam Gil ဟာ အမျိုးသမီးတစ်ယောက်လို ဝတ်ဆင်ပြီး သရုပ်ဆောင်ထားပါတယ်။ အဲဒါကတော့ သူဟာ အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲ ဝတ်ဆင်ပြီး အသွင်ယူ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ အမျိုးသမီးတစ်ယောက်လို ပြောင်းလဲ သရုပ်ဆောင်မှုကို ပရိသတ်တွေကတော့ အလွန်သဘောကျ နှစ်ခြိုက်ခဲ့ကြပါတယ်။

The Fiery Priest ဒရာမာကတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb rating (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး၊ လူသစ်တန်း စုံထောက်တစ်ယောက်နဲ့ စိတ်ဓာတ်ပြင်းထန်တဲ့ အမှုစစ်ရှေ့နေတို့ အတူတူ ပူးပေါင်းပြီး ကတ်သလစ် ဘုန်းတော်ကြီးတစ်ပါး ပါဝင်ပတ်သက်နေတဲ့ လူသတ်မှုတစ်ခုကို စုံစမ်း စစ်ဆေးကြတာ ဖြစ်ပါတယ်။

ဒါကတော့ ဇာတ်လမ်းရဲ့ လိုအပ်ချက်အရ အမျိုးသမီးတစ်ယောက်လို ဝတ်စားဆင်ယင်ပြီး သရုပ်ဆောင်ထားတဲ့ ကိုရီးယားသရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အလားတူ သရုပ်ဆောင်တွေ ရှိရင်လည်း ကောမန့်မှာ ပြန်လည် ဆွေးနွေးခဲ့ပါဦး။

Vancouver
RELATED ARTICLES

Most Popular