HomeEntertainmentFilmAvengers ဇာတ်ကောင်တွေရဲ့ မူပိုင်ခွင့်အတွက် Marvel ရဲ့ တရားစွဲဆိုမှုနဲ့ MCU ရဲ့ အလားအလာ

Avengers ဇာတ်ကောင်တွေရဲ့ မူပိုင်ခွင့်အတွက် Marvel ရဲ့ တရားစွဲဆိုမှုနဲ့ MCU ရဲ့ အလားအလာ

Marvel ဟာ နာမည်ကြီး စူပါဟီးရိုးဇာတ်ကောင်တွေ ဖြစ်တဲ့ Iron Man ၊ Spider-Man ၊ Black Widow တို့ အပါအဝင် Avengers ဟီးရိုးဇာတ်ကောင်တွေရဲ့ မူပိုင်ခွင့်ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ တရားစွဲဆိုမှု ငါးခု ပြုလုပ်ထားပါတယ်။ ဒီတရားရင်ဆိုင်မှုတွေနဲ့ MCU ရဲ့ အနာဂတ်အလားအလာနဲ့ ပတ်သက်ပြီး ရှင်းပြပေးချင်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပထမဆုံး ကြားလိုက်ရပြီဆိုရင်တော့ ပရိသတ်တွေအနေနဲ့ ခေါင်းရှုပ်သွားမှာ အမှန်ပါပဲ။ Marvel ကောမစ်တွေထဲမှာ ဆယ်စုနှစ်နဲ့ချီပြီး ပါဝင်လာတဲ့အပြင် live action ရုပ်ရှင်တွေထဲမှာလည်း နှစ်နဲ့ချီပြီး ပါဝင်လာတဲ့ ဒီဇာတ်ကောင်တွေဟာ နဂိုတည်းက Marvel ရဲ့ အပိုင်တွေပဲလို့ သိထားကြပြီး ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အချို့သော မူပိုင်ခွင့်ဥပဒေရဲ့ အသေးစိတ်ကျမှုတွေကြောင့် ဒီကာရိုက်တာတွေရဲ့ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး Marvel ဟာ အကျပ်အတည်းနဲ့ ကြုံကြိုက်နေရတာ ဖြစ်ပါတယ်။

photo via screenrant

လွန်ခဲ့တဲ့ (၁၃)နှစ်တာကာလအတွင်းမှာ Marvel စတူဒီယိုဟာ ကမ္ဘာပေါ်က အကြီးမားဆုံး media franchise တစ်ခုကို ပိုင်ဆိုင်ထားပြီး လူသိများတဲ့ စူပါဟီးရိုးတွေအပြင် လူသိနည်းတဲ့ စူပါဟီးရိုးတွေကိုပါ ပရိသတ်တွေ အသည်းစွဲဖြစ်အောင် ပွဲထုတ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၀၉ ခုနှစ်မှာ Disney စတူဒီယိုက Marvel ကို ဝယ်ယူလိုက်ပြီးနောက်မှာတော့ MCU franchise ကို ပိုမိုကြီးမားကျယ်ပြန့်လာအောင် ချဲ့ထွင်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ကာရိုက်တာအဟောင်းတွေနဲ့ ပတ်သက်လာရင်တော့ မူပိုင်ခွင့်နဲ့ သုံးစွဲခွင့်ကိစ္စတွေမှာ တရားဥပဒေနဲ့ ငြိစွန်းတာတွေ ရှိနေပါတယ်။

ဒီအချိန်မှာ ပရိသတ်တွေ သိချင်နေမှာကတော့ Marvel ဟာ သူ့ရဲ့ အကြီးမားဆုံး ကာရိုက်တာအချို့ကို ဘာကြောင့် ဆုံးရှုံးသွားနိုင်ချေ ရှိနေသလည်းဆိုတာနဲ့ ဒီတရားစွဲဆိုမှုကနေ ကာရိုက်တာတွေကို ဘယ်လို ပြန်လည်ရရှိနိုင်မလည်းဆိုတာပါပဲ။ အဖြေကတော့ ထင်သလောက် မရိုးရှင်းဘဲ ကောမစ်ဖန်တီးသူတွေနဲ့ ကုမ္ပဏီကြားက နှစ်ရှည်လများ အငြင်းပွားမှုတွေနဲ့ သက်ဆိုင်နေပါတယ်။ Spider-Man ၊ Iron Man နဲ့ Avengers ဇာတ်ကောင်တွေရဲ့ မူပိုင်ခွင့်ကိစ္စ တရားရင်ဆိုင်မှုနဲ့ ပတ်သက်ပြီး စာဖတ်သူတို့ သိထားသင့်သမျှကတော့ …

Iron Man ၊ Spider-Man နဲ့ Avengers တွေရဲ့ ဖန်တီးသူတွေကို Marvel က ဘာကြောင့် တရားစွဲဆိုရတာလဲ?

လာမယ့်နှစ်တွေအတွင်းမှာ Marvel ဟာ ဆယ်စုနှစ်နဲ့ချီပြီး ပိုင်ဆိုင်လာခဲ့တဲ့ သူ့ရဲ့ အကြီးမားဆုံး ဇာတ်ကောင်တွေကို ဆုံးရှုံးရနိုင်ချေ ရှိနေပါတယ်။ အကြောင်းရင်းကတော့ မူပိုင်ခွင့် အဆုံးသတ်ခြင်းကြောင့် ဖြစ်ပါတယ်။ မူပိုင်ခွင့် အဆုံးသတ်ခြင်းဆိုတာကတော့ မူပိုင်ခွင့်ဥပဒေမှာ ထည့်သွင်းပြဌာန်းထားတဲ့ ပြဌာန်းချက်တစ်ခု ဖြစ်ပြီး ဖန်တီးသူတွေအတွက် ရေရှည်နှစ်ကာလတွေမှာ ပိုင်ဆိုင်ခွင့် ပိုမိုမြင့်မားခိုင်မာစေဖို့ ရည်ရွယ်ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဥပမာ စာရေးသူတစ်ယောက်ဟာ ကိုယ်ပိုင်ဇာတ်ကောင်နဲ့ ဇာတ်လမ်းကို ဖန်တီးရေးသားပြီး ကုမ္ပဏီတစ်ခုကနေ ထုတ်ဝေဖြန့်ချိလိုက်တယ် ဆိုကြပါစို့။ အဲဒီအခါ များသောအားဖြင့် စာရေးသူနဲ့ ကုမ္ပဏီကြားက သဘောတူညီချက်တွေထဲမှာ ဒီဇာတ်လမ်း၊ ဇာတ်ကောင်တွေရဲ့ မူပိုင်ခွင့်ကို ကုမ္ပဏီဘက်က ရရှိဖို့လည်း ပါဝင်တတ်ကြပါတယ်။ ဒါဟာ ရုပ်ရှင်၊ စာပေအမျိုးအစား၊ ခေတ်စနစ်နဲ့ စာရေးသူအပေါ် မူတည်ပြီး ကွဲပြားမှုများစွာ ရှိတတ်ကြပေမယ့် အများအားဖြင့်တော့ အသုံးပြုခွင့်ကို ကုမ္ပဏီဘက်ကပဲ ရရှိလေ့ ရှိပါတယ်။

မူပိုင်ခွင့် အဆုံးသတ်သွားမှုမှာတော့ မူလဖန်တီးသူ (သို့မဟုတ်) သူ့ရဲ့ သားစဉ်မြေးဆက် အမွေဆက်ခံသူက ယခင် ဖန်တီးထားရှိပြီးတဲ့ ဇာတ်လမ်း၊ ဇာတ်ကောင်တွေရဲ့ မူပိုင်ခွင့်ကို ပြန်လည်ရရှိပိုင်ခွင့်၊ ဒါမှမဟုတ် ကုမ္ပဏီနဲ့ ပြန်လည်ညှိနှိုင်းပိုင်ခွင့်တွေ ရရှိထားပါတယ်။ ဖန်တီးသူဘက်က ဒီအခွင့်အရေးကို ရရှိနိုင်ဖို့ များသောအားဖြင့် ဆယ်စုနှစ်များစွာ ကြာမြင့်အောင် စောင့်ဆိုင်းရတတ်ပါတယ်။

Iron Man ၊ Spider-Man ၊ Black Widow ၊ Hawkeye နဲ့ Doctor Strange တို့ အပါအဝင် Avengers ကာရိုက်တာများစွာအတွက် အဆိုပါ မူပိုင်ခွင့်အဆုံးသတ်တော့မယ့် ကာလဟာ နီးကပ်လာပြီ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာပဲ မူလ Spider-Man ကောမစ်ရဲ့ ပူးတွဲဖန်တီးသူလည်းဖြစ်၊ artist လည်း ဖြစ်တဲ့ Steve Ditko ရဲ့ အမွေဆက်ခံသူဟာ မူပိုင်ခွင့်ကာလ အဆုံးသတ်တော့မယ့်အကြောင်း သတိပေးလျှောက်လွှာ တင်ထားပြီး ဖြစ်ပါတယ်။ တကယ်လို့ သူ့ရဲ့ လျှောက်ထားမှုကသာ အောင်မြင်မယ်ဆိုရင်တော့ လာမယ့် ၂၀၂၃ ခုနှစ် ဇွန်လမှာ စတင်ပြီး အသက်ဝင်မှာ ဖြစ်ပါတယ်။

အလွယ်ပြောရရင်တော့ ဖန်တီးသူ Ditko ရဲ့ အမွေဆက်ခံသူဘက်ကိုသာ ခွင့်ပြုချက်ရသွားမယ်ဆိုရင်တော့ Disney နဲ့ Marvel စတူဒီယို နှစ်ခုစလုံးဟာ Spider-Man ရဲ့ မူပိုင်ခွင့်ကို နှစ်နှစ်အတွင်းမှာ ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်။ အလားတူပဲ Marvel ရဲ့ artist ဟောင်းတွေနဲ့ စာရေးသူဟောင်းတွေရဲ့ အမွေခံတွေကလည်း အလားတူ လျှောက်ထားချက်မျိုး လာမယ့်ကာလတွေမှာ လုပ်လာနိုင်ချေ ရှိပါတယ်။ အကြောင်းကတော့ Marvel အနေနဲ့ ကာရိုက်တာအများစုရဲ့ မူပိုင်ခွင့်တွေကို ပိုင်ဆိုင်ထားခဲ့တဲ့ ကာလဟာ အဆုံးသတ်ချိန် နီးကပ်လာတာကြောင့်ပါပဲ။

Photo via theverge

တစ်ဖက်မှာတော့ Marvel စတူဒီယိုဟာ Avengers ဇာတ်ကောင်တွေရဲ့ မူပိုင်ခွင့်တွေကို ဆုံးရှုံးရမယ့် အနေအထားကနေ ကာကွယ်တဲ့အနေနဲ့ အခုလို တရားစွဲဆိုမှု ငါးခုကို ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ Marvel ရဲ့ နာမည်ကြီး ဖန်တီးသူတွေဖြစ်တဲ့ Ditko ၊ Stan Lee နဲ့ Gene Colan တို့ အပါအဝင် အခြားသော ဖန်တီးသူတွေရဲ့ အမွေဆက်ခံသူတွေကို Marvel ဘက်က တရားစွဲဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဒီတရားစွဲဆိုမှုတွေရဲ့ အခြေခံအချက်ကတော့ လက်ရှိ အငြင်းပွားနေရတဲ့ ကာရိုက်တာတွေဟာ ကုမ္ပဏီက အလုပ်ခန့်ထားချိန်မှာ ဖန်တီးထားတာတွေ ဖြစ်လို့ မူပိုင်ခွင့် အဆုံးသတ်ခြင်း ဥပဒေနဲ့ ကိုက်ညီခြင်း မရှိဘူးလို့ Marvel ဘက်က ပြောထားတာ ဖြစ်ပါတယ်။ အဲဒီခေတ်ကာလက ကောမစ်ဇာတ်လမ်း ရေးသားသူတွေ၊ artist တွေ အများစုဟာ သူတို့ဖန်တီးသမျှတွေရဲ့ မူပိုင်ခွင့်၊ အသုံးပြုခွင့်တွေကို ကုမ္ပဏီဘက်က ပိုင်ဆိုင်ရမယ်ဆိုတဲ့ စာချုပ်တွေနဲ့ အလုပ်လုပ်ခဲ့ကြတာ များပါတယ်။

ဒီအချက်အပေါ် မူတည်ပြီး Marvel ဘက်ကတော့ Spider-Man ၊ Iron Man နဲ့ ကျန် Avengers ဇာတ်ကောင်တွေဟာ သူ့ရဲ့ ဝန်ထမ်းကာလမှာ ဖန်တီးခဲ့တာ ဖြစ်တဲ့အတွက် မူပိုင်ခွင့်ဟာ မူလဖန်တီးသူဆီ ရောက်သွားရမှာ မဟုတ်ဘဲ မူပိုင်ခွင့် အဆုံးသတ်ခြင်းဆိုတာလည်း မရှိဘူးလို့ အခိုင်အမာ ပြောဆိုနေပါတယ်။

မူပိုင်ခွင့်ဥပဒေနဲ့ ပတ်သက်တဲ့ Disney ရဲ့ ရာဇဝင်
photo via screenrant

Marvel ဟာ ယခုတရားရင်ဆိုင်မှုကနေ အနိုင်ရရှိမှာလား ဆိုတာကတော့ အတိတ်မှာ ဖြစ်ခဲ့ဖူးတဲ့ ကိစ္စတွေကနေ ဥပမာအနေနဲ့ တွေးကြည့်နိုင်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းကလည်း နာမည်ကြီး ကောမစ်ရေးသားသူ၊ artist ဖြစ်တဲ့ Jack Kirby ဟာ Spider-Man ၊ Hulk ၊ Thor ဇာတ်ကောင်တွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီနဲ့ ပြန်လည်ညှိနှိုင်း ဆွေးနွေးဖို့ အလားတူ လျှောက်ထားချက်မျိုး ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း Jack Kirby ဟာ ဝန်ထမ်းအနေနဲ့ ဒီဇာတ်ကောင်တွေကို ဖန်တီးခဲ့တာ ဖြစ်တဲ့အတွက် မူပိုင်ခွင့်အနေနဲ့ ရပိုင်ခွင့်မရှိဘူးလို့ တရားရုံးက စီရင်ချက် ချခဲ့ပါသေးတယ်။ ဒီကိစ္စဟာ အဲဒီမှာတင် မပြီးဆုံးခဲ့ဘဲ ယူအက်စ်ရဲ့ နိုင်ငံတော်တရားရုံးချုပ်အထိ ရောက်သွားမလို ဖြစ်ခဲ့ပြီးတော့မှ ကုမ္ပဏီဘက်က လျော်ကြေးအနေနဲ့ ပေးချေပြီး ကျေအေးလိုက်ရတာ ဖြစ်ပါတယ်။

Photo via theverge

အဲဒီတုန်းက Kirby ရဲ့အမှုကို ကိုင်ခဲ့တဲ့ ရှေ့နေကတော့ Marc Toberoff ဖြစ်ပြီး အခုလက်ရှိ Ditko ရဲ့ အမှုကို ကိုင်ပေးမယ့် ရှေ့နေလည်း ဖြစ်ပါတယ်။ Disney ဘက်က ပြန်လည်ချေပမယ့် ရှေ့နေကတော့ Dan Petrocelli ဖြစ်ပြီး သူဟာ DC ရဲ့ နာမည်ကျော်ဇာတ်ကောင် Superman ရဲ့ မူပိုင်ခွင့်အဆုံးသတ်မှုကို မူလဖန်တီးသူတွေဖြစ်တဲ့ Jerry Siegel နဲ့ Joe Schuster တို့ဆီကနေ အနိုင်နဲ့ပိုင်းကာ ကုမ္ပဏီကို မူပိုင်ခွင့်အပ်နှင်းပေးထားသူ ဖြစ်ပါတယ်။

Disney ရဲ့ ရာဇဝင်ကို ပြောရမယ်ဆိုရင်လည်း ယူအက်စ်ရဲ့ မူပိုင်ခွင့်ဥပဒေကိုတောင် သက်ရောက်မှုများစွာ ဖြစ်ပေါ်အောင် ကစားနိုင်တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူ ဖြစ်ပါတယ်။ အဲဒါကတော့ မူပိုင်ခွင့် သက်တမ်းကို (၁၄)နှစ်ကနေ နှစ်(၁၀၀)အထိ တိုးနိုင်အောင် နောက်ကနေ မီးထိုးပေးခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

၁၉၂၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Steamboat Willie ထဲမှာ ပထမဆုံး ဖော်ပြခဲ့တဲ့ Mickey Mouse ရဲ့ မူပိုင်ခွင့်ဟာ တကယ်တော့ ၁၉၈၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးရမှာ ဖြစ်ပါတယ်။ သို့သော်လည်း Disney ဟာ မူပိုင်ခွင့်ဥပဒေကို ပြောင်းလဲသွားအောင် ကွန်ဂရက်လွှတ်တော်မှာ လော်ဘီလုပ်ခဲ့ပြီး Mickey Mouse ရဲ့ မူပိုင်ခွင့်သက်တမ်းကို ၂၀၀၃ ခုနှစ်အထိ ဆွဲဆန့်ခဲ့ပါတယ်။ အဲဒီနောက်မှာလည်း ၂၀၂၃ ခုနှစ်အထိ ထပ်မံ အချိန်ဆွဲထားခဲ့ပါသေးတယ်။

MCU အတွက် ဖြစ်ပေါ်လာနိုင်တဲ့ သက်ရောက်မှုများ

အဆိုးဆုံးကို တွေးကြည့်မယ်ဆိုရင်တော့ လာမယ့်နှစ်တွေအတွင်းမှာ Marvel ဟာ သူ့ရဲ့ နာမည်ကြီးဇာတ်ကောင်တွေကို မူပိုင်ခွင့် ဆုံးရှုံးလိုက်ရနိုင်ချေ ရှိပါတယ်။ ဒါဟာ အဆိုးဝါးဆုံးသော အခြေအနေကို တွေးထားတာ ဖြစ်ပြီး တကယ်လို့ Marvel ဘက်က ဒီတရားရင်ဆိုင်မှုမှာ အနိုင်ရရှိခဲ့ရင်လည်း ဆိုးဝါးတဲ့ PR skill ကြောင့် မီဒီယာတွေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

ကောမစ်ရေးသား ဖန်တီးသူတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ရပိုင်ခွင့်တွေ တောင်းဆိုလာခဲ့ကြတာ နှစ်ကာလ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီခေတ်အခါက ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေအရ MCU ရဲ့ နာမည်ကြီးကာရိုက်တာတွေကို ဖန်တီးရေးသားပေးခဲ့တဲ့ မူလဖန်တီးသူတွေဟာ ယခု ကုမ္ပဏီဘက်က ရရှိနေတဲ့ အကျိုးအမြတ်တွေရော၊ အသိအမှတ်ပြုမှုတွေကိုပါ မရရှိကြတာကြောင့် ဖြစ်ပါတယ်။

photo via screenrant

ဒါ့အပြင် ယခုနှစ်အတွင်းမှာပဲ ဟိုးလေးတကျော် ဖြစ်နေတဲ့ မင်းသမီး Scarlett Johansson နဲ့ တရားရင်ဆိုင်မှုမှာလည်း Disney ဘက်က ဝေဖန်မှုများစွာ ရရှိနေပြီး ပရိသတ်တွေကလည်း မင်းသမီးဘက်ကို အားပေးနေကြတာ အထင်းသား ဖြစ်ပါတယ်။

သို့သော်လည်း အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံးသော franchise တစ်ခုဖြစ်တဲ့ MCU ကို အဆုံးရှုံးခံဖို့ဆိုတာ Disney အတွက်တော့ အိပ်မက်တောင် မက်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် Disney လို Big Five စာရင်းဝင် စတူဒီယိုကြီးနဲ့ တစ်သီးပုဂ္ဂလချင်းစီ တရားရင်ဆိုင်မယ်ဆိုရင် ဖန်တီးသူတွေဘက်က အနိုင်ရရှိနိုင်ချေဟာ တကယ်တော့ အများကြီး မျှော်လင့်ထားလို့ မရပါဘူး။ ဒါကြောင့် ဖြစ်နိုင်ချေအရှိဆုံးကတော့ တရားရုံးပြင်ပမှာပဲ သဘောတူညီမှုတစ်ခုခုနဲ့ ကျေအေးလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular