HomeEntertainmentFilmMCU ရဲ့ သရုပ်ဆောင်အသစ်တွေကို သရုပ်ဆောင်ကြေးအနည်းငယ်သာပေးတဲ့ Marvel

MCU ရဲ့ သရုပ်ဆောင်အသစ်တွေကို သရုပ်ဆောင်ကြေးအနည်းငယ်သာပေးတဲ့ Marvel

Marvel စတူဒီယိုဟာ MCU ထဲကို အသစ်ဝင်ရောက်လာကြတဲ့ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကိုတော့ သရုပ်ဆောင်ကြေး အနည်းငယ်သာပေးတယ်လို့ သိရပါတယ်။ ယခုအချိန်မှာ အကြီးမားဆုံး Franchise တစ်ခု ဖြစ်နေတဲ့ MCU ဟာ ၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ MCU ရုပ်ရှင်တွေဟာ တဖြည်းဖြည်းနဲ့ အောင်မြင်လာတာနဲ့အမျှ ဘတ်ဂျက်တွေကိုလည်း ပိုမိုအသုံးပြုလာပါတယ်။

photo via screenrant

ယခုအချိန်မှာတော့ MCU ဟာ စူပါဟီးရိုးအသစ်တွေကို မိတ်ဆက်တဲ့ ရုပ်ရှင်တွေအတွက် အနည်းဆုံး ဒေါ်လာသန်း(၁၀၀) ကျော်ခန့် အသုံးပြုလေ့ရှိပြီး Avengers ရုပ်ရှင်တွေဆိုရင်တော့ ဘတ်ဂျက်ကို နှစ်ဆ၊ သုံးဆတိုးပြီး အသုံးပြုလေ့ ရှိပါတယ်။ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Avengers: Endgame ဆိုရင်တော့ ဘတ်ဂျက် ဒေါ်လာ(၃၅၆)သန်း အသုံးပြုထားပြီး MCU ရဲ့ ဘတ်ဂျက်အများဆုံး ရုပ်ရှင်လည်း ဖြစ်ပါတယ်။

သို့သော်လည်း Marvel စတူဒီယိုဟာ သရုပ်ဆောင်အသစ်တွေနဲ့ ဒါရိုက်တာအသစ်တွေကိုတော့ သရုပ်ဆောင်ကြေး အနည်းငယ်သာ ပေးတယ်လို့ The Hollywood Reporter သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီသတင်းအရ ဆိုရင်တော့ MCU ထဲကို အသစ်ဝင်ရောက်လာတဲ့ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေဟာ အနုပညာကြေး ဒေါ်လာလေးသိန်းကနေ ခုနှစ်သိန်းလောက်သာ ရရှိတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ စတူဒီယိုရဲ့အမြင်မှာ MCU ထဲကို ဝင်လာသူတွေဟာ ငွေကြေးကြောင့် မဟုတ်ဘဲ Marvel ရုပ်ရှင်ကို ဖန်တီးချင်တာကြောင့် ဝင်ရောက်လာတာလို့ ထင်မြင်တဲ့အကြောင်း အတွင်းလူတစ်ယောက်ကလည်း ပြောထားပါတယ်။

photo via screenrant

ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ Robert Downey Jr. ဆိုရင်လည်း ပထမဆုံး Iron Man ရုပ်ရှင်အတွက် သရုပ်ဆောင်ကြေး ဒေါ်လာငါးသိန်းသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့သရုပ်ဆောင်ကြေးဟာ နောက်ပိုင်းမှာ ထွက်ရှိလာတဲ့ Sequel တွေမှာတော့ အဆပေါင်းများစွာ ခုန်တက်သွားပါတယ်။ Robert Downey Jr. ဟာ ပထမဆုံး Iron Man ရုပ်ရှင်အတွက် ဒေါ်လာသိန်းဂဏန်းသာ ရရှိခဲ့ပေမယ့်လည်း Avengers: Endgame ထဲမှာတော့ ဒေါ်လာ (၇၅)သန်း ရရှိသွားပါတယ်။

ဒါကြောင့် သရုပ်ဆောင်အသစ်တွေဟာလည်း နောက်ပိုင်း ဆက်လက်ထွက်ရှိလာတဲ့ ရုပ်ရှင်တွေမှာတော့ မူလက သရုပ်ဆောင်ကြေးထက် ပိုမိုရရှိမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ Marvel စတူဒီယိုဟာ အခုလိုသရုပ်ဆောင်ကြေး သိန်းဂဏန်းသာ ပေးတယ်ဆိုတာဟာ အရင်တည်းက နာမည်ကြီးပြီးသား သရုပ်ဆောင်တွေတော့ မပါဝင်ဘူးလို့ သိရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular