HomeCelebs Update NewsInternationalဒေါ်လာ(၃)သောင်းတန် စိန်လက်သည်းနဲ့ Billboard ဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ MGK

ဒေါ်လာ(၃)သောင်းတန် စိန်လက်သည်းနဲ့ Billboard ဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ MGK

နာမည်ကျော် ရက်ပ်ပါ၊ အဆိုတော် Machine Gun Kelly ကတော့ လိင်အမျိုးအစားပေါ် မူတည်ပြီး ဖက်ရှင်၊ ဝတ်စားဆင်ယင်မှုတွေမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ၊ ဘောင်တွေကို ချိုးဖျက်နေတဲ့ နာမည်ကျော် အမျိုးသားတွေထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့်ပဲ MGK ဟာ ပန်းရောင်လို အရောင်အသွေးတွေကို ဝတ်ဆင်လေ့ရှိသလို လက်သည်းတွေလည်း အလှဆင်လေ့ ရှိပါတယ်။ အခုလည်း ၂၀၂၂ ခုနှစ်ရဲ့ Billboard Music Awards ဆုပေးပွဲကို စိန်တွေနဲ့ စီခြယ်ထားတဲ့ လက်သည်းတွေနဲ့ တက်ရောက်လာတာ တွေ့ရပါတယ်။

Photo: machinegunkelly/ Instagram

Billboard Music Awards ဆုပေးပွဲကိုတော့ MGK ဟာ သူ့ရဲ့ချစ်သူမမ Megan Fox နဲ့အတူ တက်ရောက်လာတာ ဖြစ်ပါတယ်။ စုံတွဲလိုက် တက်ရောက်လာတဲ့ သူတို့ရဲ့ ပွဲတက်ဖက်ရှင်ကတော့ အနက်ရောင်ဖက်ရှင် ဖြစ်ပါတယ်။ MGK ကတော့ အနက်ရောင်အောက်ခံမှာ Swarovski ခရစ်စတယ်တွေနဲ့ စီခြယ်ထားတဲ့ လည်ထောင်အင်္ကျီ လက်ရှည်ကို ဝတ်ဆင်ထားပြီး ဆူးတွေနဲ့ အလှဆင်ထားတဲ့ D&G cropped blazer ကို ဝတ်ဆင်ထားပါတယ်။ Megan Fox ကတော့ ရင်ဟိုက်အနက်ရောင် ကိုယ်လုံးပေါ် dress ကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

Photo Courtesy: Nails of LA

ဒီပွဲမှာ ထူးခြားနေတာကတော့ MGK ရဲ့ စိန်တွေနဲ့ စီခြယ်အလှဆင်ထားတဲ့ လက်သည်းတွေပဲ ဖြစ်ပါတယ်။ ဒီလက်သည်းတွေကိုတော့ Marrow Fine Jewelry ရဲ့တည်ထောင်သူ Jillian Sassone နဲ့ လက်သည်းပညာရှင် Brittney Boyce တို့က ပူးပေါင်း ဖန်တီးပေးထားတာလို့ သိရပါတယ်။ MGK ရဲ့ လက်မှာ အလှဆင်ပေးထားတဲ့ လက်သည်းတွေကတော့ (၁၀)ကာရတ်ရှိတဲ့ စိန်ပွင့်တွေနဲ့ စီခြယ်ထားတာ ဖြစ်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ(၃)သောင်းခန့် တန်ကြေးရှိတယ်လို့ သိရပါတယ်။

Photo Courtesy: Nails of LA

ဒီလက်သည်းတုရဲ့ အောက်ခံအရောင်ကိုတော့ MGK ရဲ့ကိုယ်ပိုင် brand ဖြစ်တဲ့ UN/DN LAQR လက်သည်းနီကို အသုံးပြုထားတာပါ။ press-on nails လို့ခေါ်တဲ့ အသင့်တပ်ဆင်နိုင်တဲ့ ဒီလက်သည်းတုကိုတော့ အချိန်(၁၀)နာရီခန့်ကြာအောင် ဖန်တီးခဲ့ရတယ်လို့ သိရပါတယ်။

ရတနာကုမ္ပဏီပိုင်ရှင် Jillian Sassone ရဲ့ ပြောကြားချက်အရ Billboard ဆုပေးပွဲပြီးရင်တော့ ဒီလက်သည်းတုမှာ အလှဆင်ထားတဲ့ စိန်တွေကို ပြန်လည် ဖြုတ်ယူပြီး limited edition လက်စွပ်တွေအဖြစ် ဖန်တီးကာ ပြန်လည် ရောင်းချမယ်လို့ သိရပါတယ်။ အဲဒီက ရရှိတဲ့ ငွေကြေးတွေအားလုံးကိုတော့ ပရဟိတလုပ်ငန်းတွေကို လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular