HomeCelebs Update NewsInternationalNew York တရားရုံးမှာ ဒေါ်လာ(၅)သန်းနဲ့ တရားစွဲခံလိုက်ရတဲ့ Mike Tyson

New York တရားရုံးမှာ ဒေါ်လာ(၅)သန်းနဲ့ တရားစွဲခံလိုက်ရတဲ့ Mike Tyson

နာမည်ကျော် လက်ဝှေ့သမားကြီး Mike Tyson ကတော့ အဓမ္မပြုကျင့်မှုတစ်ခုနဲ့ စွပ်စွဲခံထားရပြီး ဒေါ်လာ(၅)သန်းတန် အမှုတစ်ခုကို တရားရုံးမှာ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒီအမှုကိုတော့ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက တိုင်ချက်ဖွင့်ထားတာလို့ သိရပါတယ်။

အဆိုပါအမျိုးသမီးကတော့ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်က ညတစ်ညမှာ night out ထွက်လာရင်း နယူးယော့ခ်က ကလပ်တစ်ခုမှာ Mike Tyson နဲ့ တွေ့ခဲ့တာ ဖြစ်ပြီး သူမရဲ့အဆိုအရ Tyson ဟာ သူမကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။ တရားလိုအမျိုးသမီးရဲ့ တရားရုံးကို လျှောက်လဲထားတဲ့ အချက်အလက်တွေမှာတော့ အခုလိုပြောထားပါတယ်။

Photo: miketyson/ Instagram

“၁၉၉၀ ခုနှစ်အစောပိုင်းလောက်က Septembers လို့ခေါ်တဲ့ dance club တစ်ခုမှာ Mike Tyson နဲ့ကျွန်မ ဆုံခဲ့ပါတယ်။ ကျွန်မနဲ့ ကျွန်မရဲ့သူငယ်ချင်းက သူနဲ့ သူ့ရဲ့ဇိမ်ခံကားကိုမောင်းတဲ့ ဒရိုင်ဘာနဲ့အတူ ကလပ်မှာတွေ့ပြီး အဖွဲ့ကျခဲ့ကြတာပေ့ါ …”

“နောက်ကျတော့ Tyson က ပါတီတစ်ခု ရှိတယ်လို့ ပြောတယ်။ ကျွန်မတို့ကို လိုက်ခဲ့ဖို့လည်း ခေါ်တယ်။ တကယ်တော့ ကျွန်မသူငယ်ချင်းက သူ့ကားနဲ့ သွားကြဖို့ လုပ်ထားတာ။ အဲဒါကို Tyson က သူ့ရဲ့ကားကြီးနဲ့ ကျွန်မတို့ကို လာခေါ်မယ်လို့ ပြောတယ် …”လို့ တရားလိုအမျိုးသမီးက ဆိုထားပါတယ်။

ဒါ့အပြင် တရားရုံးကို ကျမ်းကျိန်ထားတဲ့ သူမရဲ့လက်ရေးမူထဲက ရေးသားထားချက်တွေအရ Tyson ရဲ့ကားထဲကို ဝင်လိုက်လာပြီးတည်းက Tyson ရဲ့ လက်ဆော့မှုကို ခံစားခဲ့ရတယ်လို့လည်း People ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo: miketyson/ Instagram

“ကျွန်မ သူ့ကို အကြိမ်ပေါင်းများစွာ ငြင်းဆန်ခဲ့ပါတယ်။ မလုပ်ဖို့ ပြောပါတယ်။ ဒါပေမယ့် သူကတော့ ကျွန်မကို ဆက်ပြီးတော့ တိုက်ခိုက်တဲ့အထိတောင် ဖြစ်လာပါတယ်။ အဲဒီနောက်မှာတော့ သူက ကျွန်မကို ဘောင်းဘီအတင်းဆွဲချွတ်ပြီး ကြမ်းကြမ်းတမ်းတမ်းကို အဓမ္မပြုကျင့်ခဲ့ပါတယ် …”လို့ တရားလိုက ပြောထားပါတယ်။

တရားရုံးက ရရှိတဲ့ စာရွက်စာတမ်းတွေအရ အဆိုပါအမျိုးသမီးဟာ သူမရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာခဲ့မှုတွေအတွက် ဒေါ်လာ(၅)သန်း လျော်ကြေးတောင်းထားတယ်လို့ သိရပါတယ်။

Photo: miketyson/ Instagram

Mike Tyson ဟာ အသက်ငယ်ငယ်တည်းက လက်ဝှေ့လောကမှာ အောင်မြင်ကျော်ကြားလာခဲ့ပေမယ့် သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝမှာတော့ အငြင်းပွားစရာကိစ္စတွေနဲ့ ရှုပ်ထွေးနေခဲ့ပါတယ်။ သူ့ရဲ့ပထမဇနီး Robin Givens ဆီကလည်း အကြမ်းဖက်တတ်သူ၊ လက်ပါတတ်သူလို့ စွပ်စွဲခံခဲ့ရတာတွေ ရှိပြီး ၁၉၉၂ ခုနှစ်တုန်းကလည်း အဓမ္မမှုတစ်ခုမှာ ပါဝင်ပတ်သက်ပြီး ထောင်ဒဏ် သုံးနှစ် ကျခံခဲ့ရပါသေးတယ်။

ဒါ့အပြင် ၁၉၉၇ ခုနှစ်က လက်ဝှေ့ပြိုင်ပွဲမှာ Evander Holyfield ရဲ့နားရွက်ကို ကိုက်ဖြတ်ခဲ့ဖူးသလို ၁၉၉၉ ခုနှစ်မှာလည်း ဆိုင်ကယ်သမားနှစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့လို့ ထောင်ခဏကျခဲ့ပါသေးတယ်။ ဒါတင်မက ၂၀၀၇ ခုနှစ်တုန်းကလည်း အရက်မူးပြီး ကားမောင်းခဲ့တဲ့အပြင် ကိုကိန်းလက်ဝယ်တွေ့ရှိမှုနဲ့ ခဏလောက် ထောင်နန်းစံခဲ့ရပါသေးတယ်။ ဒါကြောင့်ပဲ ယခုတရားစွဲဆိုမှုမှာတော့ အမှန်အကန် ဖြစ်မလား၊ အကြံအဖန် ဖြစ်မလားဆိုတာ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular