HomeEntertainmentFilmMoon Knight အပိုင်း(၄)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ (Breakdown)

Moon Knight အပိုင်း(၄)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ (Breakdown)

*** Spoiler Alert ***

Moon Knight အပိုင်း(၄)ကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပြီး စိတ်ဝင်စားစရာတွေ မြင်တွေ့ခဲ့ရသလို ဒီအပိုင်းရဲ့ အဆုံးသတ်ကလည်း ပရိသတ်တွေကို ဇဝေဇဝါ ဖြစ်စေခဲ့ပါတယ်။ ပရိသတ်တွေကို ဘယ်ဟာက အစစ်အမှန်လည်းဆိုတာ မေးခွန်းထုတ်စေခဲ့တဲ့ ဒီအပိုင်းထဲက Easter Egg တွေကိုတော့ သာမန်ရုပ်ရှင်ကြည့် ပရိသတ်တွေအနေနဲ့ သတိထားမိဖို့ အတော်ခက်ခဲပါတယ်။ ဒါကြောင့်ပဲ ဒီအပိုင်းထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) ကျောက်တုံးထဲမှာ အချုပ်ခံထားရတဲ့ အီဂျစ်နတ်ဘုရားများ

photo via screenrant

ဒီအပိုင်းရဲ့ အစမှာတော့ ကျောက်တုံးထဲမှာ အချုပ်ခံထားရတဲ့ Khonshu ကို နေရာတစ်ခုဆီ ခေါ်သွားတာ တွေ့ရပါတယ်။ အဲ့ဒီနေရာမှာတော့ Khonshu လိုပဲ ကျောက်တုံးထဲမှာ အချုပ်ခံထားရတဲ့ တခြားနတ်ဘုရားတွေ ရှိနေသေးတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီရုပ်တုတွေကိုတော့ ဘယ်သူတွေ ဖြစ်တယ်ဆိုတာ မပြောပြသွားခဲ့ပေမယ့်လည်း ဒီထဲကရုပ်တု တစ်ရုပ်ကတော့ Anubis နဲ့ ဆင်တူနေပါတယ်။ ဒါတင်မက အားလုံးထဲမှာ ထူးခြားနေတဲ့ ရုပ်တုတစ်ခုကတော့ တခြားရုပ်တုတွေရဲ့ တစ်ဝက်လောက်ပဲ ရှိတဲ့ ရုပ်တုတစ်ခုဖြစ်ပြီး အဲ့ဒီရုပ်တုကတော့ ကောမစ်ထဲမှာလည်း ပါဝင်ခဲ့ဖူးတဲ့ Bes ဆိုတဲ့ နတ်ဘုရားပဲ ဖြစ်ပါတယ်။

(2) Khnum

photo via screenrant

အပိုင်း(၂)ထဲမှာတော့ Steven ဟာ Arthur ရဲ့ ရွာထဲမှာ လျှောက်သွားနေရင်း ဆိတ်တစ်ကောင်ကို တွေ့ခဲ့ရပါတယ်။ ယခုအပိုင်းထဲမှာလည်း Steven နဲ့ Layla တို့ Ammit ရှိရာနေရာကို သွားနေတဲ့ လမ်းမှာလည်း ဆိတ်တစ်ကောင်ကို သေချာရိုက်ပြသွားပါသေးတယ်။ ဒီအချက်ကတော့ သာမန်အတိုင်းပဲ ထည့်သွင်းထားတာ ဖြစ်နိုင်သလို အီဂျစ်ရဲ့ ဆိတ်နတ်ဘုရား Khnum ပါဝင်လာမှာကို Foreshadow ပြသထားတာလည်း ဖြစ်နိုင်ပါတယ်။

(3) Moon Knight Live Action Debut Reference

photo via screenrant

Layla နဲ့ Steven တို့ဟာ Ammit ရှိရာ ဂူထဲကို ဝင်သွားတဲ့ အချိန်မှာတော့ မံမီလိုမျိူး Heka Priest ကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီ Heka Priest က အမှောင်ထဲကနေ Layla ကို ဆွဲခေါ်သွားတဲ့ ဇာတ်ဝင်ခန်းကတော့ ဒီဇာတ်လမ်းတွဲရဲ့ အပိုင်း(၁)ထဲက Moon Knight ကို စတင်မြင်တွေ့ခဲ့ရတဲ့ ဇာတ်ဝင်ခန်းကို ပြန်လည် Reference ပြုလုပ်ထားတာ ဖြစ်ပါတယ်။

(4) Marc ရဲ့ ကောမစ် Origin ကို အတည်ပြုသွားပါတယ်။

photo via screenrant

Marc ရဲ့ ကောမစ် Origin ကိုတော့ ကျွန်တော်တို့ အရင်က ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီ Origin ထဲမှာတော့ Marc ဟာ Bushman ဆိုတဲ့ ကြေးစားနဲ့အတူ ရှေးဟောင်းတူးဖော်ရေးတစ်ခုကို တိုက်ခိုက်ခဲ့ပြီး Bushman ဟာ ရှေးဟောင်းသုတေသန ပညာရှင်တွေကိုပါ သတ်ပစ်လိုက်ပါတယ်။ အဲဒါကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ Marc ဟာလည်း ပစ်သတ်ခံခဲ့ရပြီး Khonshu က အသက်ပြန်သွင်းပေးပြီးတဲ့နောက်မှာ Moon Knight ဖြစ်လာခဲ့ပါတယ်။ ဒီအချက်တွေ အားလုံးကိုတော့ အပိုင်း(၄)ထဲမှာ အတည်ပြုသွားတာ ဖြစ်ပါတယ်။

(5) Zeus Reference

photo via screenrant

Steven ဟာ Ammit ရှိတဲ့ နေရာကို သိသွားတဲ့ အချိန်မှာတော့ အလွန်အံ့ဩသွားပါတယ်။ အကြောင်းကတော့ သူ ရောက်ရှိသွားတဲ့ အုတ်ဂူဟာ Alexander The Great ရဲ့အုတ်ဂူ ဖြစ်နေတာကြောင့်ပါပဲ။ Alexander The Great ဟာ ကောမစ်ထဲမှာလည်း ပါဝင်ခဲ့ပြီး သူ့ကိုယ်သူ Zeus ရဲ့သားလို့ ကြေညာထားသူလည်း ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Thor: Love and Thunder ထဲမှာလည်း နာမည်ကျော် မင်းသားကြီး Russell Crowe သရုပ်ဆောင်ထားတဲ့ Zeus ပါဝင်လာမှာ ဖြစ်ပါတယ်။ နောက်ထပ် အသစ်ထွက်ရှိလာမယ့် ပရောဂျက်တွေမှာတော့ ဒီဆက်နွယ်မှုကို ဆက်လက် ပြသသွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(6) ကောမစ်ကို အခြေခံထားတဲ့ ဇာတ်လမ်း

photo via screenrant

ဒီအပိုင်းရဲ့ အဆုံးသတ်နားမှာတော့ Marc ဟာ စိတ်ရောဂါကုဆေးရုံတစ်ခုကို ရောက်ရှိနေတာ မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကောမစ်ထဲက ဇာတ်လမ်းကို ပြန်လည် ဖန်တီးထားတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Ammit ဟာ Marc ကို သူ့ကိုယ်သူ စိတ်ရောဂါကုဆေးရုံက လူနာတစ်ယောက်လို့ ယုံကြည်အောင် ပြုလုပ်ခဲ့ပြီး Moon Knight ဆိုတာကလည်း သူ့ရဲ့စိတ်ကူးယဉ်သက်သက် ဖြစ်နေအောင် ဖန်တီးခဲ့ပါတယ်။

(7) Khonshu ရဲ့ တောင်ဝှေးကို ကိုင်ဆောင်ထားတဲ့ နာရီ

photo via screenrant

စိတ်ရောဂါကုဆေးရုံကို ပြသနေတဲ့ အချိန်မှာတော့ ယခင်က ပါဝင်ခဲ့တဲ့ ဇာတ်ကောင်အများစုဟာ လူနာအနေနဲ့ ပြန်လည် ပါဝင်ခဲ့သလို ရွှေငါးလေး Gus လည်း ပြန်လည် ပါဝင်ခဲ့ပါတယ်။ ထူးခြားတာ တစ်ခုကတော့ Donna ရဲ့ အနောက်က နာရီဟာ လက်အကြီးကြီး နှစ်ဖက်ပါဝင်နေပြီး တစ်ဖက်မှာတော့ Khonshu ရဲ့ တောင်ဝှေးကို ကိုင်ဆောင်ထားပါတယ်။

(8) Scarab ပိုးကောင်အရုပ်ကို ဖက်ထားတဲ့ Donna

photo via screenrant

Scarab ပိုးကောင်လေးကတော့ ဒီဇာတ်လမ်းတွဲရဲ့ အဓိကနေရာက ပါဝင်နေပါတယ်။ ဒီဇာတ်လမ်းတစ်ခုလုံးမှာ Arthur ၊ Marc နဲ့ Steven တို့ဟာ Scarab ပိုးကောင်ပုံစံ သံလိုက်အိမ်မြှောင်ကို ရယူဖို့ ကြိုးစားနေကြတာ ဖြစ်ပြီး အပိုင်း(၄)ရဲ့အစမှာလည်း အဲ့ဒီပိုးကောင်လေးကို သေချာ ရိုက်ပြသွားသေးပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Donna ဟာ Scarab ပိုးကောင်ပုံစံ အရုပ်လေးကို ဖက်ထားတာ မြင်တွေ့ခဲ့ရပါတယ်။

(9) Layla ရဲ့ ပို့စ်ကတ်များ

photo via screenrant

အပိုင်း(၁)ထဲမှာတော့ Steven ဟာ ဖုန်းပြောရင်း သူ့အမေ ပို့လိုက်တဲ့ ပို့စ်ကတ်တွေ ရောက်လာတဲ့အကြောင်း ပြောသွားပါတယ်။ ဖြစ်ချင်တော့ ဒီဇာတ်ဝင်ခန်းထဲက Layla ကပ်နေတဲ့ ပို့စ်ကတ်တွေကလည်း အဲ့ဒီပို့စ်ကတ်တွေပဲ ဖြစ်နေပါတယ်။

(10) Scarlet Scarab

photo via screenrant

Layla ဟာ Marc ရဲ့ မျက်နှာနားကို ကပ်ပြီး “နင့်ကိုလန့်အောင် လုပ်လိုက်မိလား” လို့ မေးလိုက်တဲ့ အချိန်မှာတော့ သူမရဲ့လက်မှာ ပတ်ထားတဲ့ ပတ်တီးမှာ Scarab ပိုးကောင်ပုံကို မှင်အနီရောင်နဲ့ ဆွဲထားတာ တွေ့ရပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီအပိုင်းရဲ့ အစမှာလည်း Scarab ပိုးကောင်ကို သေချာ ရိုက်ပြသွားတဲ့အတွက် ဒီအချက်ကတော့ Scarlet Scarab ဆိုတဲ့ ကောမစ်ဇာတ်ကောင် ပါဝင်လာမှာကို နိမိတ်ပုံအနေနဲ့ ကြိုတင် ပြသထားတာ ဖြစ်ဖို့များပါတယ်။

(11) အပိုင်း(၁)ကို ထပ်မံ Reference ပြုလုပ်ထားတဲ့ ဇာတ်ဝင်ခန်း

photo via screenrant

Marc ဟာ ဝှီးချဲပေါ်ကနေ လမ်းထလျှောက်သွားတဲ့ အချိန်မှာတော့ ခြေထောက်မှာ ကြိုးချည်ထားတာကြောင့် ကြမ်းပြင်ပေါ်ကို မျက်နှာနဲ့ ပြုတ်ကျသွားပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ အပိုင်း(၁)ထဲမှာ Steven က အိပ်ရာက ပြေးထွက်သွားပြီး ခြေထောက်ကို ကြိုးချည်ထားတာကြောင့် ပစ်လဲသွားတဲ့ ဇာတ်ဝင်ခန်းကို ပြန်လည် Reference ပြုလုပ်ထားတာ ဖြစ်ပါတယ်။

(12) Cupcake Reference

photo via screenrant

အပိုင်း(၃)ထဲမှာတော့ Anton ရဲ့ ကိုယ်ရံတော်အဖြစ် ပါဝင်ခဲ့တဲ့ Bek ဟာ ဒီစိတ်ရောဂါကုဆေးရုံထဲက ဝန်ထမ်း ဖြစ်နေပြီး Cupcake တွေ လိုက်ဝေနေတာကို တွေ့ခဲ့ရပါတယ်။ ဒီအချက်ကတော့ အပိုင်း(၁)ထဲမှာ Steven က Cupcake ကားကြီးနဲ့ ထွက်ပြေးဖို့ ကြိုးစားတာကို Reference ပြုလုပ်ထားတာ ဖြစ်ပါတယ်။

(13) ဒေါက်တာ Harrow

photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Arthur ဟာ စိတ်ရောဂါကု ဆရာဝန် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ရုံးခန်းထဲမှာ ချိတ်ထားတဲ့ ပန်းချီကားကလည်း Arthur နေထိုင်တဲ့ မြို့ပဲ ဖြစ်နေပြီး သူ့ရဲ့ တုတ်ကောက်ဟာလည်း အနည်းငယ်ပဲ ပြောင်းလဲနေပါတယ်။ လမ်းလျှောက်တဲ့ ပုံစံကအစ ဆင်တူနေပြီး သူ့ရဲ့ရုံးခန်းထဲမှာလည်း အီဂျစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေနဲ့ အလှဆင်ထားပါသေးတယ်။

(14) Jake Lockley

photo via screenrant

Marc ဟာ အဲ့ဒီဆေးရုံထဲက ထွက်ပြေးဖို့ ကြိုးစားနေရင်း ခေါင်းတလားထဲမှာ ပိတ်မိနေတဲ့ Steven ကို ရှာတွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ လျှောက်လမ်းအတိုင်း ပြေးသွားရင်း အခန်းတစ်ခုထဲမှာ ပိတ်မိနေတဲ့ နောက်ထပ် ခေါင်းတလားတစ်ခုကို ထပ်မံ မြင်တွေ့ခဲ့ရပါတယ်။ ဇာတ်ဝင်ခန်းရဲ့ ပြသပုံအရ အထဲမှာ တစ်ယောက်ယောက်ကို ပိတ်ထားတယ်ဆိုတာ သိသာစေပေမယ့်လည်း Marc နဲ့ Steven တို့ နှစ်ယောက်လုံးဟာ အဲ့ဒီအခေါင်းတလားကို ဖွင့်ဖို့ မကြိုးစားခဲ့ကြပါဘူး။ အဲ့ဒီခေါင်းတလားထဲက တစ်ယောက်ကတော့ Marc ရဲ့ တတိယမြောက် Personality ဖြစ်တဲ့ Jake Lockley ဖြစ်ဖို့များပြီး ယခုအချိန်ထိတော့ သူ့ကို မမြင်တွေ့ရသေးပါဘူး။

(15) Taweret

photo via screenrant

ဒီဇာတ်ဝင်ခန်းရဲ့ နောက်ဆုံးခန်းမှာတော့ Steven နဲ့ Marc တို့ နှစ်ယောက်ဟာ ရေမြင်းခေါင်းနဲ့ လူတစ်ယောက်ကို မြင်ပြီး လန့်သွားကြပါတယ်။ အဲ့ဒီလူကတော့ Taweret ဆိုတဲ့ အီဂျစ်နတ်ဘုရားပဲ ဖြစ်ပြီး အပိုင်း(၁)ထဲမှာလည်း သူမကို Mention ထားခဲ့ပါသေးတယ်။ သူမကတော့ ဒီဇာတ်လမ်းမှာ ဘယ်လိုနေရာက ပါဝင်လာမလည်းဆိုတာ မသေချာသေးတာကြောင့်‌ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ သူမဟာ ငြိမ်းချမ်းရေးကို လိုလားသူ ဖြစ်ပါတယ်။ ဒါကြောင့် Khonshu နဲ့ တခြားအီဂျစ်နတ်ဘုရားတွေကို ဖျန်ဖြေပေးနိုင်သလို Marc နဲ့ Khonshu တို့ကိုလည်း အဆင်ပြေသွားအောင် ပြုလုပ်ပေးနိုင်ချေ ရှိပါတယ်။ ဒါ့အပြင် သူမဟာ သေဆုံးသူတွေကို ဘဝကူးနိုင်ဖို့အတွက် သန့်စင်ပေးသူလည်း ဖြစ်တာကြောင့် Arthur ပစ်သတ်တာ ခံလိုက်ရတဲ့ Marc ကိုလည်း သန့်စင်ပေးဖို့ ရောက်လာတာ ဖြစ်နိုင်ပါတယ်။

ဒါကတော့ Moon Knight အပိုင်း(၄)ထဲက စိတ်ဝင်စားစရာ အချက်တွေနဲ့ Easter Egg တွေပဲ ဖြစ်ပါတယ်။ အခုလို ဆောင်းပါးတွေ ဖတ်ရတာ စိတ်ဝင်စားရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular