HomeCharacterMorbius နဲ့ ပတ်သက်တဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအချက်များ

Morbius နဲ့ ပတ်သက်တဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအချက်များ

Morbius ရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်ကတည်းက ထွက်ရှိဖို့ ပြင်ဆင်ခဲ့ပေမယ့်လည်း ကိုဗစ်ကြောင့် အကြိမ်ကြိမ် နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့ရပြီး ယခုနှစ် ဧပြီလ (၁)ရက်နေ့မှသာ ရုံတင်ပြသနိုင်ခဲ့ပါတယ်။ Sony က ဖန်တီးခဲ့တဲ့ ဒီရုပ်ရှင်ထဲမှာတော့ Morbius ရဲ့ Origin လောက်ကိုသာ ပြသထားပြီး အဲဒီ Origin ကလည်း ကောမစ်ထဲက Origin ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီထက်ပိုပြီး သိချင်နေတဲ့ ပရိသတ်တွေအတွက် Morbius ရဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) ငယ်သူငယ်ချင်းကို သတ်ပစ်ခဲ့တဲ့ Morbius

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Morbius ရဲ့ ငယ်သူငယ်ချင်းဟာ Milo ဖြစ်နေပါတယ်။ ဒီအချက်ကတော့ Sony က ပြောင်းလဲ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Morbius ရဲ့ ငယ်သူငယ်ချင်းဟာ Emil Nikos ဆိုတဲ့သူ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက Milo ကတော့ Emil Nikos ရဲ့နောက်ကြောင်းကို အနည်းငယ် ပြုပြင်ကာ ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Morbius နဲ့ Emil Nikos တို့ဟာ ငယ်ဘဝကတည်းက ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ Emil ကတော့ Morbius နီးပါး ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ ပရောဂျက်တွေများစွာကို အတူပြုလုပ်ခဲ့ကြပါတယ်။ သို့သော်လည်း Morbius ဟာ သွေးစုပ်ဖုတ်ကောင် ဖြစ်လာပြီး နောက်မှာတော့ သူ့ကိုကူညီဖို့ ကြိုးစားခဲ့တဲ့ Emil ကို သတ်ပစ်ခဲ့ပြီး Emil ဟာ Morbius ပထမဆုံး သတ်ခဲ့တဲ့လူ ဖြစ်ပါတယ်။

(2) Spider-Man ရဲ့ သွေး

photo via screenrant

Morbius ဟာ သွေးစုပ်ဖုတ်ကောင် ဖြစ်ပြီး Marvel ကောမစ်ရဲ့ သဘာဝလွန်ဘက်ခြမ်းမှာ ရှိပါတယ်။ ဒါကြောင့် Spider-Man နဲ့တော့ ဘာသက်ဆိုင်မှုမှ မရှိပါဘူး။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ တွေ့စရာ ဘာအကြောင်းမှ မရှိဘူးလို့ ထင်ရပေမယ့်လည်း တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ Morbius ဟာ Spider-Man နဲ့ ပတ်သက်ပြီး စွဲလမ်းမှု ရှိနေရတဲ့ အကြောင်းကတော့ Spider-Man ရဲ့ သွေးဟာ Morbius ကို သာမန်လူ ပြန်ဖြစ်စေမယ့် ဖြေဆေးအတွက် အဓိကသော့ချက် ဖြစ်နေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါတုန်းကဆိုရင်‌တော့ Spider-Man ရဲ့သွေးဟာ Morbius ကို သာမန်လူအဖြစ် ခဏတာ ပြောင်းလဲစေခဲ့ဖူးပါတယ်။

(3) Spider-Man နဲ့လည်း ပူးပေါင်းခဲ့ဖူးပါတယ်။

photo via screenrant

Morbius ဟာ Spider-Man ရဲ့ ဗီလိန်တစ်ယောက် ဖြစ်ပေမယ့်လည်း အခြေအနေအမျိူးမျိူးကြောင့် သူတို့နှစ်ယောက်ဟာ ပူးပေါင်းခဲ့ရတာမျိူးတွေ ရှိပါတယ်။ “ငါ့ရန်သူရဲ့ ရန်သူက ငါ့ရဲ့မိတ်ဆွေပဲ” ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ သူတို့နှစ်ယောက်ဟာ ဘုံရန်သူကို ပူးပေါင်း တိုက်ခိုက်ခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်ကို ပူးပေါင်းစေခဲ့သူကတော့ Carnage ပဲ ဖြစ်ပါတယ်။ Spider-Man ရဲ့ ရန်သူနဲ့ မိတ်ဆွေတွေများစွာဟာ Carnage ကို တားဆီးဖို့အတွက် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရပါတယ်။

(4) Midnight Sons

photo via screenrant

Midnight Sons အဖွဲ့ကတော့ Marvel ကောမစ်ထဲက Anti-Hero တွေအများစု ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေ အများစုကတော့ သဘာဝလွန်အရာတွေနဲ့ ပတ်သက်နေလေ့ရှိပြီး သူတို့တေွဟာ ဘာမှန်းမသိတဲ့ အရာတွေကိုတောင် တိုက်ခိုက်ဖို့အတွက် အဆင်သင့် ဖြစ်နေကြသူတွေ ဖြစ်ပါတယ်။ Morbius ဟာ ဒီအဖွဲ့ထဲကို ဝင်ရောက်ခဲ့တဲ့ အချိန်မှာတော့ Anti-hero ဖြစ်နေပါတယ်။ အဲဒီအချိန်မှာတော့ သူဟာ အပြစ်မဲ့သူတွေရဲ့သွေးကို မသောက်ဘဲ ရာဇဝတ်ကောင်တွေရဲ့ သွေးကိုပဲ သောက်သုံးနေပါတယ်။ နာမည်ကြီး ဇာတ်ကောင်တွေ ဖြစ်တဲ့ Ghost Rider ၊ Blade နဲ့ Doctor Strange တို့ဟာလည်း Midnight Sons အဖွဲ့ဝင် ဖြစ်ခဲ့ဖူးပါတယ်။

(5) Legion of Monsters

photo via screenrant

Marvel ကောမစ်ထဲမှာတော့ ဇာတ်ကောင်တွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့တွေများစွာ ရှိပြီး Horror ဟီးရိုးတွေ စုပေါင်းထားတဲ့ Legion of Monsters အဖွဲ့လည်း ရှိပါသေးတယ်။ Morbius ဟာ ဒီအဖွဲ့ထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ဒီအဖွဲ့ထဲမှာ ပါဝင်တဲ့ တခြားအဖွဲ့ဝင်တွေကတော့ Man-Thing နဲ့ Werewolf By Night တို့ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ကိုတော့ ကမ္ဘာပေါ်ကို ဂြိုဟ်သားတွေ ရောက်ရှိလာတာကြောင့် ၁၉၇၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

(6) Blade ကြောင့် သေဆုံးခဲ့ပါသေးတယ်။

photo via screenrant

Blade ဟာ သွေးစုပ်ဖုတ်ကောင်မုဆိုး ဖြစ်ပြီး Morbius ဟာ သွေးစုပ်ဖုတ်ကောင် ဖြစ်တာကြောင့် သူတို့နှစ်ယောက်ဟာ ရန်သူတွေ ဖြစ်ကြပေမယ့်လည်း Midnight Sons အဖွဲ့ကြောင့် မိတ်ဆွေဖြစ်လုနီးပါး ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း တစ်ချိန်မှာတော့ Blade ဟာ Switchblade ဆိုတဲ့အမည်ကို ခံယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ လူပေါင်းများစွာကို ရက်ရက်စက်စက် သတ်ပစ်ခဲ့ပြီး အဲဒီလူတွေထဲမှာ တစ်ချိန်တုန်းက သူ့ရဲ့မိတ်ဆွေ ဖြစ်ခဲ့ဖူးသူတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့်ပဲ Morbius ဟာလည်း Switchblade ရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းရဲ့ အဆုံးသတ်မှာတော့ Switchblade ရဲ့ဓားဟာ ဖျက်ဆီးခံလိုက်ရပြီး Morbius ဟာလည်း ပြန်လည် အသက်သွင်းခံခဲ့ရပါတယ်။

(7) စွမ်းအားတွေကို စုပ်ယူနိုင်ပါတယ်။

photo via screenrant

Morbius ဟာ သွေးစုပ်ဖုတ်ကောင် ဖြစ်တာကြောင့် လူတွေရဲ့သွေးကို သောက်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ သွေးစုပ်တဲ့အချိန်မှာတော့ သတိထားရပါတယ်။ အကြောင်းကတော့ သွေးစုပ်ခံရတဲ့သူမှာ စွမ်းအားတစ်ခုခု ရှိနေမယ်ဆိုရင် တခါတရံမှာ အဲဒီစွမ်းအားတွေကိုပါ စုပ်ယူမိသွားလို့ပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ အဲဒီလိုအဖြစ်အပျက်မျိုး အကြိမ်အနည်းငယ် ဖြစ်ပျက်ခဲ့ပြီး တခြားသူတွေရဲ့ စွမ်းအားတွေကို စုပ်ယူလိုက်တဲ့အချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်ကတော့ ထူးခြားပြီး ကြောင်တောင်တောင်နိုင်တဲ့ ပုံစံမျိူးတွေ ပြောင်းလဲသွားလို့ပဲ ဖြစ်ပါတယ်။

ဒါကတော့ Morbius နဲ့ ပတ်သက်တဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအချက်တွေပဲ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular