HomeCelebs Update NewsInternational2021 အတွက် IMDb ရဲ့ ရေပန်းအစားဆုံး သရုပ်ဆောင်(၁၀)ယောက် 

2021 အတွက် IMDb ရဲ့ ရေပန်းအစားဆုံး သရုပ်ဆောင်(၁၀)ယောက် 

နာမည်ကျော် ရုပ်ရှင်အညွှန်း ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ IMDb ကတော့ ယခုနှစ် ၂၀၂၁ ခုနှစ်အတွက် သူ့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ရေပန်းအစားဆုံးနဲ့ ပရိသတ်တွေ စိတ်ဝင်စားမှု အများဆုံး ရရှိထားတဲ့ သရုပ်ဆောင်(၁၀)ယောက်စာရင်းကို ထုတ်ပြန်လာပါတယ်။ ရုပ်ရှင်လောကထဲက ဘယ်စတားတွေကများ ထိပ်ဆုံး(၁၀)ယောက်စာရင်းမှာ ပါဝင်နေလည်းဆိုတာ ကြည့်လိုက်ရအောင်။

(10) Lily James (ယခင်နှစ် rank – 52)
Photo: lilyjamesofficial/ Instagram

မင်းသမီးလေး Lily James ကတော့ ယခုနှစ် IMDb ရဲ့ ရေပန်းအစားဆုံး သရုပ်ဆောင် (၁၀)ယောက်စာရင်းမှာ နံပါတ်(၁၀)နေရာကို ရရှိထားပါတယ်။ သူမဟာ ယခင်နှစ်တုန်းကတော့ ရေပန်းစားအဆုံး နံပါတ်(၅၂)နေရာမှာ ရှိနေခဲ့ရာက ယခုနှစ်မှာတော့ အခုလို top ten စာရင်းထဲ ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အသက်(၃၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Lily ဟာ ရှေ့နှစ်မှာ ထွက်ရှိလာမယ့် သူမရဲ့ ပရောဂျက်အသစ်တွေကြောင့် အခုလို ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို တခဲနက်ရရှိပြီး အလွန်ရေပန်းစားလာတာ ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလမှာ ထွက်ရှိလာမယ့် Pam & Tommy ဇာတ်လမ်းတွဲထဲမှာ Baywatch စတား Pamela Anderson အဖြစ် အနီးစပ်ဆုံး တူညီအောင် ပြောင်းလဲထားတဲ့ သူမရဲ့ သွင်ပြင်ကြောင့် ပရိသတ်တွေ အံ့ဩမှင်သက်ခဲ့ရပါတယ်။

အလားတူပဲ Netflix ရဲ့ သမိုင်းကြောင်းနောက်ခံ ဒရာမာရုပ်ရှင် The Dig နဲ့ Prime Video က ထုတ်လွှင့်ပြသခဲ့တဲ့ မီနီစီးရီး The Pursuit of Love တို့ကြောင့်လည်း တစထက်တစ ရေပန်းစားလာတာ ဖြစ်ပါတယ်။

(9) Ben Barnes (ယခင်နှစ် rank မဝင်ခဲ့)
Photo: benbarnes/ Instagram

သရုပ်ဆောင် Ben Barnes ကတော့ ယခုနှစ်အတွက် ထိုးဖောက်အောင်မြင်လာတဲ့ အနည်းငယ်သော စတားတွေထဲမှာ ပါဝင်ပါတယ်။ သူဟာ Chronicles of Narnia ၊ Westworld ၊ Punisher စတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပြီး ယခင်နှစ်တွေကတော့ ရေပန်းအစားဆုံးစာရင်းတွေထဲမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

သူ့ကို အခုလို ထိုးဖောက် အောင်မြင်လာစေတာကတော့ Netflix က ထုတ်လွှင့်ပြသနေတဲ့ Shadow and Bone စိတ်ကူးယဉ် ဒရာမာဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ Ben Barnes ဟာ ဒီဇာတ်လမ်းတွဲထဲမှာ General Kirigan အဖြစ် ပါဝင်ထားပြီး ပရိသတ်ရဲ့ အားပေးမှုကို တခဲနက် ရရှိထားပါတယ်။

ဒါ့အပြင် Ben ဟာ ဂီတဘက်ကိုလည်း ခြေဆန့်ထားပြီး Songs for You ဆိုတဲ့ EP တစ်ခွေကို ပြီးခဲ့တဲ့ အောက်တိုဘာလကပဲ ထွက်ရှိထားပါသေးတယ်။ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Shadow and Bone season 2 ကလည်း လာမယ့်နှစ်မှာ ထပ်မံထွက်ရှိလာဦးမှာ ဖြစ်သလို အော်စကာဆုရ ဒါရိုက်တာ Guillermo Del Toro ရဲ့ 10 After Midnight ဆိုတဲ့ horror ဇာတ်လမ်းတွဲမှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

(8) Jodie Comer (ယခင်နှစ် rank – 39)
Photo: jodiemcomer/ Instagram

မင်းသမီး Jodie Comer ကတော့ ယခုနှစ်မှာ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ဟာ Killing Eve ဇာတ်လမ်းတွဲထဲက Villanelle ဇာတ်ရုပ်ထက် များစွာပြသဖို့ ကျန်ရှိနေသေးကြောင်း သက်သေပြထားပါတယ်။

ယခုနှစ်မှာတော့ Jodie ဟာ Ryan Reynolds နဲ့အတူ သရုပ်ဆောင်ထားတဲ့ Free Guy ရုပ်ရှင်နဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားနေသလို နာမည်ကျော် မင်းသားတွေဖြစ်တဲ့ Ben Affleck ၊ Matt Damon ၊ Adam Driver တို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ The Last Duel ရုပ်ရှင်ကားကြောင့်လည်း ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။

(7) Alexandra Daddario (ယခင်နှစ် rank – 19)
Photo: alexandradaddario/ Instagram

မင်းသမီးချော Alexandra Daddario ကတော့ ယခင်နှစ်မှာ ရေပန်းအစားဆုံး နံပါတ်(၁၉)နေရာမှာ ရှိနေခဲ့ရာက ယခုနှစ်မှာ နံပါတ်(၇)နေရာအထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူမကတော့ HBO ရုပ်သံလိုင်းက ထုတ်လွှင့်ထားတဲ့ The White Lotus ဟာသဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုကို တခဲနက် ရရှိထားပါတယ်။

The White Lotus ရဲ့ Season 2 မှာ ထပ်မံပါဝင်လာဦးမှာလားဆိုတာ သေချာမသိရသေးပေမယ့် Jean Smart ၊ Kiernan Shipka တို့နဲ့ dark comedy အမျိုးအစားဖြစ်တဲ့ Wildflower ထဲမှာတော့ သေချာပေါက် ပါဝင်လာမှာ ဖြစ်ပါတယ်။

(6) Anya Taylor-Joy (ယခင်နှစ် rank – 2)
Photo: anyataylorjoy/ Instagram

မင်းသမီးလေး Anya Taylor-Joy ကတော့ Netflix ရဲ့ The Queen’s Gambit ဇာတ်လမ်းတွဲနဲ့ ပရိသတ်ရဲ့ အကြီးအကျယ် အားပေးမှုကို ရရှိထားပြီး ယခင်နှစ်ကဆိုရင် နံပါတ်(၂)နေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ နံပါတ်(၆)နေရာကို ကျဆင်းသွားပေမယ့်လည်း သူမရဲ့ ပရောဂျက်အသစ်တွေက ပရိသတ်တွေကို ဆွဲဆောင်ထားဆဲ ဖြစ်ပါတယ်။

မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ horror-thriller ဇာတ်ကား Last Night in Soho ထဲက သူမရဲ့ သရုပ်ဆောင်မှုကလည်း ရုပ်ရှင်ချစ်သူတွေရဲ့ အကြိုက် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Super Mario ဂိမ်းကို ရုပ်ရှင်ပြန်ရိုက်မယ့် ပရောဂျက်မှာလည်း Princess Peach နေရာက အသံသရုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။

(5) Yvonne Strahovski (ယခင်နှစ် rank မဝင်ခဲ့)
Photo: yvonnestrahovski/ Instagram

Yvonne Starhovski ကတော့ The Handmaid’s Tale ဇာတ်လမ်းတွဲထဲက Serena Joy အဖြစ် ပရိသတ်တွေရဲ့ အားပေးမှုကို အစဉ်တစိုက် ရရှိလာသူ ဖြစ်ပါတယ်။ သူမဟာ ယခင်နှစ်တွေက အခုလို ရေပန်းအစားဆုံး စာရင်းတွေထဲမှာ မပါဝင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ထူးခြားစွာနဲ့ပဲ နံပါတ်(၅)နေရာမှာ ရပ်တည်နေပါတယ်။

သူမကို ဒီနေရာကို ပို့ဆောင်ပေးထားတဲ့ အရာကတော့ ယခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ The Tomorrow War ရုပ်ရှင်ကြောင့်ပဲ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ထဲမှာတော့ Chris Pratt နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပြီး အနာဂတ်က စစ်ပွဲကို ဦးဆောင်သွားတဲ့ သူမရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေက နှစ်သက်ခဲ့ကြတာ ဖြစ်ပါတယ်။

(4) Ana de Armas (ယခင်နှစ် rank – 1)
Photo: ana_d_armas/ Instagram

Ana de Armas ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Knives Out ရုပ်ရှင်ကြောင့် ယခင်နှစ်တွေမှာ IMDb ရဲ့ ရေပန်းအစားဆုံး မင်းသမီးအဖြစ် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ နံပါတ်(၄)နေရာကို ရောက်ရှိနေတာ တွေ့ရပါတယ်။

၂၀၂၁ အတွက်မှာတော့ ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းနည်းပေမယ့် ပရိသတ်တွေ အသည်းကြွေခဲ့ရတဲ့ No Time To Die ထဲက သူမရဲ့ သရုပ်ဆောင်မှုကြောင့် အခုလို ထိပ်ပိုင်းနေရာမှာ ဆက်လက် ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၂ ခုနှစ်ကလည်း သူမရဲ့ နှစ်တစ်နှစ် ဖြစ်ဦးမယ်လို့ ခန့်မှန်းနိုင်ပါတယ်။

အကြောင်းကတော့ သူမရဲ့ ချစ်သူဟောင်း Ben Affleck နဲ့အတူ သရုပ်ဆောင်ထားပြီး လာမယ့်နှစ်ဆန်းပိုင်းမှာ ရုံတင်မယ့် Deep Water ရုပ်ရှင် ရှိနေပြီး Chris Evans ၊ Ryan Gosling ၊ Rege-Jean Page တို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ The Gray Man ရုပ်ရှင်လည်း ထွက်လာဖို့ ရှိနေပါသေးတယ်။ ဒါ့အပြင် Marilyn Monroe အကြောင်း ရိုက်ကူးမယ့် Blonde ရုပ်ရှင်ထဲမှာလည်း Marilyn Monroe နေရာက သရုပ်ဆောင်ထားပါသေးတယ်။

(3) Florence Pugh (ယခင်နှစ် rank – 20)
Photo: florencepugh/ Instagram

Marvel ပရိသတ်တွေဟာ Black Widow ကို သူမရဲ့ ဆိုလိုရုပ်ရှင်မှာ မြင်တွေ့ချင်ခဲ့ကြပြီး တကယ်တမ်း ထွက်ရှိလာတဲ့အချိန်မှာတော့ သူမရဲ့ ညီမလေး Yelena Belova ကိုပါ ချစ်မိသွားခဲ့ကြပါတယ်။ Florence Pugh ဟာ Yelena Belova ဇာတ်ကောင်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့မှုကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အကြီးအကျယ် ရရှိခဲ့ပါတယ်။

ဒါ့အပြင် သူမဟာ ယခုလက်ရှိ ထုတ်လွှင့်နေတဲ့ Hawkeye ဇာတ်လမ်းတွဲမှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ စူပါဟီးရိုး ရုပ်ရှင်တွေရဲ့ ပြင်ပအနေနဲ့ဆိုရင်တော့ Midsommar ဇာတ်ကားနဲ့ ပရိသတ်ရင်ထဲ ရောက်လာခဲ့တဲ့ horror မင်းသမီးလေးဟာ Olivia Wilde ရဲ့ horror ရုပ်ရှင်သစ်ဖြစ်တဲ့ Don’t Worry Darling မှာလည်း Harry Styles ၊ Gemma Chan တို့နဲ့အတူ ပါဝင်ထားပါသေးတယ်။

(2) Regé-Jean Page (ယခင်နှစ် rank မဝင်ခဲ့)
Photo: regejean/ Instagram

Regé-Jean Page ကတော့ Netflix ရဲ့  Bridgerton ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အသည်းကို ဖမ်းစားသွားသူ ဖြစ်ပါတယ်။ သူဟာ ယခင်နှစ်တွေက အခုလိုစာရင်းတွေမှာ ပါဝင်ခဲ့ခြင်း မရှိပေမယ့် ယခုနှစ်မှာတော့ ထိပ်ဆုံးရောက်လုနီးပါးအထိ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတာ ဖြစ်ပါတယ်။

Page ဟာ ယခုနှစ်ရဲ့ ထိုးဖောက်အောင်မြင်လာတဲ့ စတားတွေထဲမှာ ပါဝင်သူဖြစ်ပြီး ရှေ့လာမယ့် နှစ်တွေမှာတော့ တီဗွီထက် ရုပ်ရှင်ပိတ်ကားဘက်ကို ပိုပြီးအသားပေးတော့မယ့်သဘော ရှိနေပါတယ်။

အကြောင်းကတော့ Bridgerton က ရရှိတဲ့ အောင်မြင်မှုတွေကြောင့် Russo Brothers ရိုက်ကူးနေတဲ့ The Gray Man ရုပ်ရှင်ထဲမှာ Chris Evans ၊ Ana de Armas ၊ Ryan Gosling တို့နဲ့အတူ ပါဝင်ရတော့မှာ ဖြစ်တာကြောင့်ပါပဲ။ ဒါ့အပြင် Chris Pine ၊ Sophia Lillis တို့နဲ့အတူ Dungeons & Dragons ရုပ်ရှင်ကားထဲမှာလည်း ပါဝင်ရဦးမှာ ဖြစ်ပါတယ်။

(1) Elisabeth Olsen (ယခင်နှစ် rank မဝင်ခဲ့)
Photo: elisabetholseno/ Instagram

ယခုနှစ်ကတော့ Elisabeth Olsen ရဲ့ နှစ်ပါပဲ။ Elisabeth ဟာ ယခင်နှစ်တွေက rank ဝင်ခဲ့ခြင်း မရှိပေမယ့် ယခုနှစ်မှာတော့ ပရိသတ်တွေ စိတ်အဝင်စားဆုံး၊ ရေပန်းအစားဆုံး သရုပ်ဆောင်အဖြစ် ထိပ်ဆုံးက ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ WandaVision ဇာတ်လမ်းတွဲထဲက သူမရဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တခဲနက် ရရှိပြီး ယခင်ကထက် ဆထက်ထမ်းပိုး အောင်မြင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် WandaVision ထဲက သူမရဲ့ သရုပ်ဆောင်မှုကြောင့် Emmy စံကာတင်စာရင်းမှာတောင် ထည့်သွင်းခံခဲ့ရပါသေးတယ်။

Elisabeth ရဲ့ နောက်ထပ် အသစ်လာမယ့် ပရောဂျက်တွေကတော့ MCU ရဲ့ ဇာတ်ကားသစ်ဖြစ်တဲ့ Doctor Strange in the Multiverse of Madness ထဲမှာ ပါဝင်လာဦးမှာ ဖြစ်သလို HBO Max က ထုတ်လွှင့်ပြသမယ့် ဖြစ်ရပ်မှန် မှုခင်းဇာတ်လမ်းတွဲ Love And Death ထဲမှာလည်း တရားခံ Candy Montgomery အဖြစ် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

ဒါကတော့ IMDb ဝက်ဘ်ဆိုဒ်က ဖော်ပြထားတဲ့ ၂၀၂၁ ခုနှစ်အတွက် သူ့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်က ပရိသတ်တွေ စိတ်ဝင်စားဆုံး၊ ရေပန်းအစားဆုံး စတား(၁၀)ယောက်ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဘယ်တစ်ယောက်က စာဖတ်သူတို့ရဲ့ ပရိသတ်တွေလည်းဆိုတာကိုတော့ ကွန်းမန့်မှာ ဆွေးနွေးပေးခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular