HomeEntertainmentFilmNo Time to Die ရုပ်ရှင်နောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

No Time to Die ရုပ်ရှင်နောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

No Time to Die ရုပ်ရှင်ဟာ Daniel Craig ကို James Bond အနေနဲ့ နောက်ဆုံးအကြိမ် မြင်တွေ့ရတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ခက်ခဲတဲ့ စတန့်တွေများစွာ ပါဝင်သလို ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားဆိုလည်း မမှားပါဘူး။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ဒီရုပ်ရှင်နောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) ဆိုင်ကယ်စတန့်ဟာ ဒီရုပ်ရှင်ထဲက အခက်ခဲဆုံး စတန့်ပဲ ဖြစ်ပါတယ်။
photo via screenrant

James Bond ရုပ်ရှင်တိုင်းမှာတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ စတန့်တွေ ပါဝင်လေ့ ရှိပြီး No Time to Die ဟာလည်း အလားတူပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ အစပိုင်းမှာတော့ James Bond ရဲ့ ကားနောက်ကို ဆိုင်ကယ်နဲ့ လိုက်လာတဲ့ ဇာတ်ဝင်ခန်း ပါဝင်ပါတယ်။ အဲဒီဇာတ်ဝင်ခန်းဟာ ဒီရုပ်ရှင်ထဲက စတန့်တွေထဲမှာ အခက်ခဲဆုံးလို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီဇာတ်ဝင်ခန်းကိုလည်း ကဒ်တွေမနားဘဲ တောက်လျှောက်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ စတန့်ခေါင်းဆောင်ဖြစ်သူ Lee Morrison ရဲ့ ပြောပြချက်အရ ဆိုင်ကယ်စီးရတဲ့ လမ်းဟာ မညီညာတဲ့အပြင် ချောနေတာကြောင့် သူ ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းတွေထဲမှာ အဆုံးဆိုးပဲလို့ သိရပါတယ်။

(2) ဒါရိုက်တာရဲ့ ထူးခြားတဲ့ ရိုက်ကူးရေးစနစ်
photo via screenrant

ရုပ်ရှင်တွေ ရိုက်ကူးတဲ့အခါ ပုံမှန်ဆိုရင် အခန်းပြတ်လေးတွေနဲ့ တစ်ကဒ်ပြီးမှ တစ်ကဒ် ရိုက်ကူးလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ဒါရိုက်တာ Cary Joji Fukunaga ကတော့ သမားရိုးကျ ရိုက်ကူးနည်းပုံစံကို မသုံးဘဲ ဆက်တိုက် ကဒ်အရှည်(Long Take)တွေ ရိုက်ကူးလေ့ ရှိပါတယ်။ ဒီအချက်ကြောင့်လည်း No Time to Die ရုပ်ရှင်ဟာ ကြည့်ရတာ အနည်းငယ် ထူးခြားနေတာ ဖြစ်ပါတယ်။ ဒါရိုက်တာရဲ့ ပြောပြချက်အရ ဒီလိုမျိူး ကဒ်အရှည်တွေ ရိုက်ကူးဖို့အတွက် မင်းသား Daniel Craig ကို မနည်းစည်းရုံးခဲ့ရတယ်လို့ သိရပါတယ်။

(3) Lea Seydoux ဟာ ဒီရုပ်ရှင်ထဲမှာ ပြန်လည်ပါဝင်ရမယ်လို့ မထင်ခဲ့ပါဘူး။
photo via screenrant

Lea Seydoux သရုပ်ဆောင်ခဲ့တဲ့ ဒေါက်တာ Madeleine Swann ကတော့ အရင်ရုပ်ရှင်မှာ James Bond ရဲ့ Love Interest အနေလောက်ပဲ ပါဝင်ခဲ့တာကြောင့် သူမဟာ No Time to Die မှာ ပြန်လည်ပါဝင်ရမယ်လို့ မထင်ခဲ့ပါဘူး။ ဒါကြောင့်လည်း သူမဟာ ဒီရုပ်ရှင်မှာ ပြန်လည်ပါဝင်လာဖို့ ဆက်သွယ်ခံရတဲ့အချိန်မှာတော့ လုံးဝအံ့ဩသွားပြီး ရှော့ခ်ဖြစ်သွားတယ်လို့တောင် ပြောပါတယ်။

(4) Ana de Armas ဟာ ကြမ်းတမ်းတဲ့ စတန့်လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ရပါတယ်။
photo via screenrant

James Bond ရုပ်ရှင်ထဲမှာ အမျိူးသမီးဇာတ်ကောင်တွေ များစွာပါဝင်လေ့ ရှိပြီး No Time to Die ထဲမှာလည်း Ana de Armas က ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူမဟာ ဆယ်မိနစ်လောက်သာ ပါဝင်ခွင့် ရခဲ့ပေမယ့်လည်း ကြမ်းတမ်းတဲ့ စတန့်လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ရပါတယ်။ သူမဟာ စက်သေနတ်တွေနဲ့ လေ့ကျင့်ခဲ့သလို လက်ဗလာ တိုက်ခိုက်နည်းတွေကိုလည်း လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။

(5) သရုပ်ဆောင်တွေဟာ ရိုက်ကူးနေတဲ့အချိန်မှာတင် ဒိုင်ယာလော့ခ် ဝိုင်းရေးပေးခဲ့ကြပါတယ်။
photo via screenrant

ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းရေးသားသူကတော့ Phoebe Waller-Bridge ဖြစ်ပြီး Neal Purvis နဲ့ Robert Wade တို့ကတော့ ဇာတ်ညွှန်း ရေးသားခဲ့ပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးနေရင်းနဲ့ပဲ ဒါရိုက်တာ Fukunaga က ဒိုင်ယာလော့ခ်တွေ ရေးနေတဲ့အချိန်မှာ သရုပ်ဆောင်တွေကလည်း ဝိုင်းဝန်းကူညီခဲ့တယ်လို့ ဆိုပါတယ်။

(6) Rami Malek ဟာ Daniel Craig ကို James Bond အနေနဲ့ မြင်ရတဲ့အချိန်မှာ ဒိုင်ယာလော့ခ်တွေ မေ့သွားခဲ့ပါတယ်။
photo via screenrant

James Bond ဇာတ်ကောင်ကတော့ အမြဲသန့်ပြန့်နေပြီး Gentleman ပုံစံ ဖြစ်နေတာကြောင့် ဘယ်သူမဆို အပြင်မှာ တွေ့လိုက်ရရင် ဆွံ့အသွားကြမှာ ဖြစ်ပါတယ်။ Lyutsifer Safin နေရာမှာ သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် Rami Malek ကလည်း Daniel Craig ကို James Bond အနေနဲ့ ပထမဆုံး မြင်တွေ့လိုက်ရတဲ့အချိန်မှာ လုံးဝကို ဆွံ့အသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ရပ်တွေဟာ တခြားရုပ်ရှင်တွေမှာလည်း ဖြစ်ပျက်ခဲ့ဖူးပါတယ်။ The Dark Knight ထဲမှာလည်း Michael Caine ဟာ Heath Ledger ကို Joker အနေနဲ့ မြင်တွေ့လိုက်ရတဲ့အချိန်မှာ ဘာပြောလို့ပြောရမှန်း မသိ ဖြစ်သွားခဲ့ပါသေးတယ်။

(7) မူလတုန်းက ဒီရုပ်ရှင်ထဲမှာ မတူညီတဲ့ လှည့်ကွက်တစ်ခု ပါဝင်ပါတယ်။
photo via screenrant

No Time to Die ရုပ်ရှင်ဟာ သာမန် James Bond ရုပ်ရှင်တွေလို မဟုတ်ဘဲ အရှေ့မှာ ထွက်ရှိထားတဲ့ Spectre ရုပ်ရှင်နဲ့ ဇာတ်လမ်းပိုင်း ဆက်စပ်နေပါတယ်။ ဒါပေမယ့်လည်း ဒါရိုက်တာ Fukunaga ရဲ့ အလိုအရဆိုရင် အခုထက်ပိုပြီး No Time to Die ကို Spectre နဲ့ ဆက်စပ်နေစေချင်တာ ဖြစ်ပါတယ်။

Spectre ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ James Bond ရဲ့ ခေါင်းထဲကို အပ်တစ်ချောင်း ထည့်ခံခဲ့ရပြီး သူဟာ အရာအားလုံးကို မေ့မလို ဖြစ်သွားခဲ့ပါတယ်။ No Time to Die ထဲမှာ မူလက ထည့်သွင်းဖို့ စီစဉ်ခဲ့တဲ့ လှည့်ကွက်တစ်ခုကတော့ ဒီရုပ်ရှင်ထဲက ဖြစ်ရပ်တွေအားလုံးဟာ တကယ်မဟုတ်ဘဲ James Bond ရဲ့ ခေါင်းထဲမှာ အိပ်မက်မက်သလို ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် ဒီလှည့်ကွက်ကိုတော့ တကယ်မဖန်တီးဖြစ်ခဲ့ပါဘူး။

ဒါကတော့ No Time to Die ရုပ်ရှင်ထဲက စိတ်ဝင်စားစရာ အကြောင်းအရာအချို့ပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular