HomeEntertainmentFilmရုပ်ရှင်လောကရဲ့ CGI နည်းပညာကို လုံးဝပြောင်းလဲသွားစေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများ

ရုပ်ရှင်လောကရဲ့ CGI နည်းပညာကို လုံးဝပြောင်းလဲသွားစေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများ

ယခုခေတ်မှာတော့ CGI နည်းပညာကို ရုပ်ရှင်တိုင်းလိုလိုမှာ အသုံးပြုနေကြပြီး အံ့ဩမှင်သက်စရာ Visual တွေကို ဖန်တီးဖို့အတွက်ဆို CGI ကတော့ မရှိမဖြစ်ပါပဲ။ ခေတ်သစ်ရုပ်ရှင်တွေမှာတော့ CGI နည်းပညာကို ရည်ရွယ်ချက်မျိူးစုံနဲ့ အသုံးပြုနေကြပေမယ့် CGI ပေါ်ခါစမှာတော့ ယခုလောက်ထိ နေရာတိုင်းမှာ အသုံးမပြုနိုင်သေးပါဘူး။ ခေတ်အဆက်ဆက်မှာတော့ အချို့ရုပ်ရှင်တွေဟာ သူတို့ပြသချင်တဲ့ပုံစံ ရလာအောင် CGI နည်းပညာရဲ့ ကန့်သက်ချက်တွေကို ကျော်လွန်ပြီး ဖန်တီးခဲ့ကြပါတယ်။

Westworld (1973)

photo credit Metro-Goldwyn-Mayer

Westworld ရုပ်ရှင်ကတော့ ဟောလိဝုဒ်ရဲ့ ပထမဦးဆုံး CGI နည်းပညာနဲ့ Live Action ကို ရောစပ်ခဲ့တဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Low-Budget ရုပ်ရှင်ဖြစ်ပြီး လူတစ်ယောက်ရဲ့ မျက်နှာအောက်ကနေ စက်ရုပ်ရဲ့ အစိတ်အပိုင်းတွေ ပေါ်လာတာကို ပြသထားတဲ့ ဇာတ်ဝင်ခန်းလည်း ပါဝင်ပါတယ်။ ဒီဇာတ်ဝင်ခန်းကို CGI နဲ့ ဖန်တီးခဲ့တာဖြစ်ပြီး (၂)မိနစ်တာ CGI အသုံးပြုမှုဟာ ဟောလိဝုဒ်ရုပ်ရှင်လောကကို လုံးဝပြောင်းလဲစေခဲ့ပါတယ်။

Tron (1982)

photo credit Walt Disney Pictures

Westworld ရုပ်ရှင်အပြီးတော့ ရုပ်ရှင်အများအပြားဟာ CGI နည်းပညာကို စတင်အသုံးပြုလာခဲ့ကြပါတယ်။ CGI ပေါ်ခါစမှာ ဒီနည်းပညာနဲ့ အအောင်မြင်ဆုံးဖြစ်ခဲ့တာကတော့ Star Wars Franchise ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Tron ရုပ်ရှင်ကတော့ CGI နည်းပညာကို ပိုမိုအဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။ Tron ဟာ ရုပ်ရှင်တစ်ကားလုံးကို CGI သုံးခဲ့တဲ့ ပထမဆုံးရုပ်ရှင်လည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်တွေက Digital World ထဲကို ရောက်သွားတာကြောင့် အဲဒီ Digital World ကြီးကို ဖန်တီးဖို့အတွက် CGI နဲ့ Hand-Painting နည်းပညာတွေကို ပေါင်းစပ်ဖန်တီးခဲ့ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာတော့ CGI သီးသန့်နဲ့ ဖန်တီးထားတဲ့ လှုပ်ရှားနေတဲ့ရုပ်ပုံတွေ (၁၅)မိနစ်စာ ပါဝင်ပြီး ဇာတ်ဝင်ခန်း (၂၀၀)ကျော်ရဲ့ Background တွေကိုလည်း CGI နဲ့ ဖန်တီးခဲ့ပါတယ်။

Young Sherlock Holmes (1985)

photo credit Paramount Pictures

ဒီရုပ်ရှင်ဟာ သိပ်ပြီးမအောင်မြင်ခဲ့ပေမယ့်လည်း CGI နည်းပညာအပေါ်မှာတော့ အလွန်အရေးပါတဲ့ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် Sherlock Holmes ဟာ လူတွေက ထင်ယောင်ထင်မှားတွေဖြစ်ပြီး သေဆုံးကုန်ကြတဲ့အမှုတစ်ခုကို စုံစမ်းတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ CGI တစ်ခုတည်းနဲ့ ဖန်တီးထားတဲ့ဇာတ်ကောင် ပါဝင်တဲ့ ပထမဆုံးရုပ်ရှင် ဖြစ်ပါတယ်။ အဲဒီဇာတ်ကောင်ကို ဖန်တီးခဲ့တဲ့ ပုံစံကတော့ ဇာတ်ကောင်ဒီဇိုင်းကို Scan ဖတ်ပြီး ဖလင်မှာ လေဆာနဲ့ တိုက်ရိုက်ဆွဲခဲ့တာ ဖြစ်ပါတယ်။

Terminator 2 (1991)

photo credit Carolco Pictures

Terminator 2 ထဲက T-1000 ဇာတ်ကောင်ကတော့ CGI နည်းပညာကို နောက်တစ်ဆင့် တိုးတက်သွားစေခဲ့ပါတယ်။ T-1000 ကတော့ ပုံစံတွေပြောင်းလဲနိုင်တဲ့ စက်ရုပ်တစ်ခု ဖြစ်ပြီး Liquid Metal နဲ့ ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ကိုတော့ Industrial Light and Magic(ILM) ကုမ္ပဏီရဲ့ ကွန်ပြူတာ Graphic ဌာနက ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

T-1000 ရဲ့ ပုံစံကို Liquid လိုပုံစံ ဖြစ်နေဖို့အတွက် ILM ကတော့ ရုပ်ရှင်သုံးပစ္စည်းတွေနဲ့ CGI ကို ရောစပ်ဖန်တီးခဲ့ပြီး တကယ့်မာကျူရီနဲ့ ခဲပတ်ပတ်ထားတဲ့ စတန့်သမားကို ပေါင်းစပ်ပြီး သဘာဝဆန်နိုင်သမျှ ဆန်အောင် ဖန်တီးခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ CGI နဲ့ ဖန်တီးထားတဲ့ Lead Character ပါဝင်တဲ့ ပထမဆုံးရုပ်ရှင် ဖြစ်ပါတယ်။ ဒါ့အပြင် CGI နဲ့ ဖန်တီးထားတဲ့ ဒီဇာတ်ကောင်ဟာ အရင်ကဖန်တီးထားတာတွေထက် ပိုမိုသဘာဝကျလာခဲ့ပါတယ်။

Jurassic Park (1993)

photo credit Universal Pictures

Jurassic Park ရုပ်ရှင်ဟာလည်း CGI နည်းပညာအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ တကယ့်တိရစ္ဆာန်ကို CGI အသုံးပြုပြီး ထည့်သွင်းထားတဲ့ ပထမဆုံးရုပ်ရှင်လည်း ဖြစ်ပါတယ်။ ILM ကုမ္ပဏီကပဲ ဒီရုပ်ရှင်ထဲက ဒိုင်နိုဆောကြီးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

အစကတော့ ဒါရိုက်တာ Steven Spielberg ဟာ Stop-Motion နည်းပညာကို အသုံးပြုဖို့ စီစဉ်ခဲ့ပေမယ့် ILM ကတော့ CGI ဒိုင်နိုဆောတွေကို အစမ်းပြုလုပ်ပြခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒါရိုက်တာ Steven Spielberg ဟာ ပိုမိုသဘာဝဆန်တဲ့ ဒိုင်နိုဆောတွေကို ဖန်တီးဖို့အတွက် Practical Effect နဲ့ CGI ကို ရောစပ်ပြီး ဒိုင်နိုဆောတွေကို ဖန်တီးခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ CGI သုံးထားတဲ့ကြာချိန်က (၆)မိနစ်သာ ရှိပါတယ်။

Toy Story (1995)

photo credit Walt Disney Pictures

Toy Story ဇာတ်လမ်းကတော့ ယခုချိန်ထိကို ပရိသတ်တွေကြားမှာ ခေတ်စားနေဆဲ ဖြစ်ပြီး ငါးကားမြောက် ရုပ်ရှင်လည်း ဆက်လက်ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ Toy Story ဟာ ရုပ်ရှင်လောကကို နည်းပေါင်းစုံနဲ့ ပြောင်းလဲစေခဲ့ပြီး CGI နည်းပညာကိုလည်း ပိုမိုတိုးတက်လာစေခဲ့ပါတယ်။

Toy Story ကတော့ ဇာတ်လမ်းတစ်ခုလုံးကို CGI တစ်ခုတည်းနဲ့ ဖန်တီးခဲ့တဲ့ ပထမဆုံး Animation လည်း ဖြစ်ပါတယ်။ Disney ဟာ Toy Story မတိုင်ခင်အထိ Hand-Painting နည်းစနစ်ကိုသာ အသုံးပြုခဲ့ပြီး ဒီနည်းစနစ်ကို‌ နောက်ဆုံးအသုံးပြုခဲ့တာကတော့ ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Little Mermaid ဇာတ်ကားပဲ ဖြစ်ပါတယ်။

The Matrix

photo credit Warner Bros. Pictures

The Matrix ရုပ်ရှင်ထဲက ကျည်ဆန်တွေကို အနှေးပြကွက်နဲ့ ပြသသွားတာဟာ Iconic Scene တစ်ခု ဖြစ်ပြီး ဒီဇာတ်ဝင်ခန်းဟာ CGI တိုးတက်လာဖို့အတွက်လည်း အရေးပါခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအရ နေရာအများစုမှာ CGI အသုံးပြုခဲ့ရပါတယ်။ ကျည်ဆန်တွေကို အနှေးပြကွက်နဲ့ ပြသထားတဲ့ ဇာတ်ဝင်ခန်းကိုတော့ နှစ်ခါရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ပထမတစ်ကြိမ်မှာတော့ Slow-Motion Effect ထည့်သွင်းကာ ရိုက်ကူးပြီး ဒုတိယအကြိမ်မှာတော့ ကင်မရာရဲ့ Flash မီးကို စက္ကန့်ပိုင်းလောက်လေး ပိတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နှစ်ကြိမ်ရိုက်ကူးထားတဲ့ Frame တွေကို ပေါင်းစပ်လိုက်ပါတယ်။ ဒါဟာ CGI နည်းပညာအသုံးပြုပုံ အသစ်အဆန်း ဖြစ်တာကြောင့် ရုပ်ရှင်လောကအပေါ် သက်ရောက်မှုများစွာ ရှိခဲ့ပြီး ဒီလိုရိုက်ကူးတဲ့ နည်းစနစ်ကို “Bullet Time” လို့တောင် နာမည်ပေးခဲ့ကြပါတယ်။

Star Wars: Episode I – The Phantom Menace (1999)

photo credit Walt Disney Pictures

Star Wars Franchise ကတော့ ၁၉၇၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပထမဆုံးရုပ်ရှင်မှာကတည်းက CGI တွေ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ Prequel Trilogy ရဲ့ ပထမဆုံးရုပ်ရှင်မှာတော့ ဒါရိုက်တာ George Lucas လိုချင်သလို CGI နည်းပညာက တိုးတက်နေပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ CGI ထည့်သွင်းဖန်တီးထားတဲ့ ရိုက်ချက်ပေါင်း (၁၉၅၀)ခန့် ရှိပါတယ်။

ဒီရုပ်ရှင်ကို ဖန်တီးဖို့အတွက် ဒါရိုက်တာ George Lucas ဟာ Motion Capture နည်းပညာ၊ Practical Effect ၊ Painting တွေနဲ့ CGI တွေကို ရောစပ်အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် Visual Effect Team ဟာ ဇာတ်ကောင်တွေရဲ့ အဝတ်အစားတွေကို ပိုမိုသဘာဝကျစေဖို့အတွက် Computer Software အသစ်တစ်ခုကိုတောင် ဖန်တီးခဲ့ကြပါတယ်။

The Lord of the Rings (2001)

photo credit New Line Cinema

The Lord of the Rings ရုပ်ရှင်ထဲက Gollum ဇာတ်ကောင်ကို ဖန်တီးမှုဟာ CGI နည်းပညာကို ပိုမိုပြောင်းလဲတိုးတက်လာစေခဲ့ပါတယ်။ Gollum ဇာတ်ကောင်ဟာ CGI တစ်ခုတည်းနဲ့ ဖန်တီးထားတဲ့ ပထမဆုံးဇာတ်ကောင် မဟုတ်ပေမယ့်လည်း ဇာတ်ကောင်ဒီဇိုင်းဟာ အလွန်သဘာဝကျလာပြီး တကယ့်အစစ်လို့တောင် ထင်ရတဲ့ အခြေအနေထိ တိုးတက်လာပါတယ်။

ဒီဇာတ်ကောင်ရဲ့ Skin Tone ကိုတော့ Layer တွေအဆင့်ဆင့်နဲ့ ဖန်တီးထားတာဖြစ်လို့ သူ့ရဲ့သွေးကြောတွေကအစ မြင်နေရတာ ဖြစ်ပါတယ်။ Weta Digital FX ကုမ္ပဏီကတော့ Gollum ဇာတ်ကောင်ကို ဖန်တီးဖို့အတွက် CGI နည်းပညာအသစ်ကို တီထွင်ခဲ့ကြပါသေးတယ်။

X-Men: The Last Stand (2006)

photo credit 20th Century Studios

X-Men: The Last Stand ကတော့ ရုပ်ရှင်လောကနဲ့ မစိမ်းတဲ့ CGI နည်းပညာမျိူးစုံကို အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် သရုပ်ဆောင်တွေကို အသက်ငယ်သွားတဲ့ ပုံစံဖြစ်အောင် ဖန်တီးခဲ့တာကတော့ ချီးကျူးစရာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်အတွက် Sir Patrick Stewart နဲ့ Sir Ian McKellen တို့ကတော့ သူတို့ရဲ့ငယ်ဘဝက ဓာတ်ပုံတွေကို Visual Effect Team ကို ပြသခဲ့ပြီး အဲဒီဓာတ်ပုံတွေကို အခြေခံကာ CGI နဲ့ ပေါင်းစပ်ပြီး ပိုမိုအသက်ငယ်တဲ့ပုံစံမျိူး ဖန်တီးခဲ့ကြပါတယ်။ ဒီရုပ်ရှင်ဟာ CGI နဲ့ De-Aging ပြုလုပ်ခဲ့တဲ့ ပထမဆုံးရုပ်ရှင် ဖြစ်ပြီး အဲဒီနောက်မှာတော့ ရုပ်ရှင်တွေအများစုမှာ De-Aging ပြုလုပ်တာတွေ ပါဝင်လာခဲ့ပါတယ်။

Avatar (2009)

photo credit Walt Disney Pictures

Avatar ရုပ်ရှင်ကတော့ CGI နည်းပညာကို A Whole New Level ဖြစ်အောင် ဖန်တီးခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက Pandora နဲ့ Na’vi တွေကိုတော့ CGI ၊ Motion Capture နည်းပညာနဲ့ Fusion Camera တို့ အသုံးပြုပြီး ပေါင်းစပ်ဖန်တီးခဲ့ပါတယ်။ ဒါရိုက်တာ James Cameron ရဲ့ Fusion Camera System ကလည်း ဒီရုပ်ရှင်အတွက် သီးသန့်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ System ကတော့ သရုပ်ဆောင်တွေရဲ့ Live Action Performance ကို Digital Scene တွေနဲ့ ပေါင်းစပ်ဖို့ အသုံးပြုတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ သရုပ်ဆောင်တွေရဲ့ Performance တွေနဲ့ CGI World တို့ကို ပေါင်းစပ်ထားတဲ့ ပထမဆုံးရုပ်ရှင် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနည်းပညာမှာတော့ ဖလင်တွေ၊ Hand-Painting တွေ မပါဝင်ဘဲ CGI သီးသန့်သာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Rogue One: A Star Wars Story (2016)

photo credit Walt Disney Pictures

အချိန်တွေ ကြာမြင့်လာတာနဲ့အမျှ CGI နည်းပညာကလည်း ပုံစံပေါင်းစုံနဲ့ တိုးတက်ပြောင်းလဲလာပါတယ်။ Rogue One: A Star Wars Story ကတော့ ကွယ်လွန်သွားတဲ့ သရုပ်ဆောင် Peter Cushing ရဲ့ မျက်နှာကို CGI အသုံးပြုပြီး အစားထိုးသရုပ်ဆောင်နဲ့ ပေါင်းစပ်ဖန်တီးခဲ့တဲ့ ပထမဆုံးရုပ်ရှင် ဖြစ်ပါတယ်။

ဒီလိုဖန်တီးဖို့အတွက် Peter Cushing ရဲ့ အရင် Star Wars ရုပ်ရှင်တွေက ဇာတ်ဝင်ခန်းတွေကို အခြေခံပြီး မျက်နှာပုံစံခွက်နဲ့ အစားထိုးသရုပ်ဆောင်တစ်ယောက်ကို အသုံးပြုခဲ့ပါတယ်။ ဒါတွေအားလုံးကိုတော့ CGI နဲ့ ပေါင်းစပ်လိုက်တာဖြစ်ပြီး အခုနောက်ပိုင်းမှာလည်း ကွယ်လွန်သွားတဲ့ သရုပ်ဆောင်တွေနေရာမှာ ဒီနည်းစနစ်ကို ဆက်လက် အသုံးပြုနေကြပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular