HomeEntertainmentFilmThe Mummy ရိုက်ကွင်းပေါ်မှာ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တဲ့ Brendan Fraser

The Mummy ရိုက်ကွင်းပေါ်မှာ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တဲ့ Brendan Fraser

The Mummy ရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ပရိသတ်တွေအများစု ကြိုက်နှစ်သက်ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ Brendan Fraser ကတော့ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ဖြစ်တဲ့ Rick O’Connell နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကောင်ဟာ Brendan Fraser ရဲ့ အထင်ကရအဖြစ်ဆုံး ဇာတ်ကောင်လို့ ပြောလို့ရပြီး သူဟာ ဒီဇာတ်ကောင်ကို သရုပ်ဆောင်ရင်း အသက်ဆုံးရှုံးလုနီးပါးတောင် ဖြစ်ခဲ့ပါသေးတယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ ရိုက်ကူးရေးကတော့ အတော်လေး ခက်ခဲခဲ့ပြီး ဇာတ်ဝင်ခန်းအများစုကိုတော့ မော်ရိုကိုနိုင်ငံအတွင်းက ဆဟာရ သဲကန္တာရအတွင်းမှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဆဟာရ သဲကန္တာရဟာ အလွန်ပူပြင်းတာကြောင့် သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်အဖွဲ့သားတွေဟာ ရေဓာတ်ခမ်းခြောက်မှုကနေ ကာကွယ်နိုင်အောင် (၂)နာရီခြားတစ်ခါ ဆေးအဖွဲ့ဆီမှာ ကုသမှု ခံယူရပါတယ်။ ဒါ့အပြင် သဲမုန်တိုင်းတွေနဲ့ သတ္တဝါရိုင်းတွေရဲ့ အန္တရာယ်လည်း ရှိနေပြီး တစ်ခုခုအကိုက်ခံရလို့ အရေးပေါ် ကုသခဲ့ရတာမျိူးလည်း ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

Brendan Fraser ကတော့ ဒီရုပ်ရှင်ထဲက ကြိုးဆွဲချခံရတဲ့ ဇာတ်ဝင်ခန်းအကြောင်းကို အင်တာဗျူးတွေမှာ ပြောပြခဲ့ပါတယ်။ အဲဒီဇာတ်ဝင်ခန်းမှာတော့ သူဟာ တကယ်ပဲ အသက်ရှုကြပ်ပြီး အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ဝင်ခန်းကို အဝေးက ရိုက်ပြတဲ့ အချိန်မှာတော့ စတန့်သမားတွေကို အသုံးပြုထားပေမယ့်လည်း အနီးကပ် ရိုက်ပြတဲ့အချိန်မှာတော့ Brendan Fraser ကိုယ်တိုင် သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရိုက်ကူးတဲ့အချိန်မှာ အဆင်ပြေခဲ့ပေမယ့်လည်း ဒါရိုက်တာဟာ ကြိုးကို နည်းနည်းတင်းပြီး ဒုတိယအကြိမ် ပြန်လည်ရိုက်ကူးစေခဲ့ပါတယ်။

ဒါကြောင့်ပဲ ဒုတိယအကြိမ် ပြန်လည်ရိုက်ကူးချိန်မှာတော့ Brendan Fraser ဟာ တကယ်ပဲ အသက်ရှုကျပ်ပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချသလို ဖြစ်သွားခဲ့ပါတယ်။ သူဟာ ဒီဇာတ်ဝင်ခန်းကို သတိလစ်သွားတဲ့အထိတောင် သရုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အလုပ်ခွင်တိုင်းမှာတော့ မတော်တဆဆိုတာ ဖြစ်သွားနိုင်ပြီး ဟောလိဝုဒ်ဟာလည်း အလားတူပဲ ဖြစ်ပါတယ်။ ရိုက်ကူးရေးတွေမှာ သရုပ်ဆောင်တွေအနေနဲ့ အခုလို အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တဲ့ တခြားအဖြစ်အပျက်တွေလည်း ရှိပါသေးတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲက ကြိုးဆွဲချတဲ့အခန်းမှာ မြင်တွေ့ခဲ့ရတဲ့ Brendan Fraser ရဲ့ အမူအရာတွေကတော့ သရုပ်ဆောင်နေတာ မဟုတ်ဘဲ တကယ့်အစစ်တွေပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular