HomeEntertainmentFilmဟောလိုးဝင်းကာလအတွက် Netflix မှာ ကြည့်ရှုနိုင်မယ့် အကောင်းဆုံး horror ရုပ်ရှင်များ 

ဟောလိုးဝင်းကာလအတွက် Netflix မှာ ကြည့်ရှုနိုင်မယ့် အကောင်းဆုံး horror ရုပ်ရှင်များ 

ဟောလိုးဝင်းပွဲတော်ကာလကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် ရာသီနဲ့ ကိုက်ညီမယ့် horror ဇာတ်ကားတွေကို အာသီသ ဖြစ်မိကြမှာပါ။ ဒါကြောင့် Netflix မှာ ကြည့်ရှုနိုင်မယ့် horror ဇာတ်ကားကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Jaws
Photo via screenrant

မူရင်း Jaws ဇာတ်ကားကတော့ ၁၉၇၅ ခုနှစ်က ထွက်ရှိထားတာ ဖြစ်ပြီး classic horror ရုပ်ရှင်တွေထဲမှာ ပါဝင်ပါတယ်။ နှစ်ပေါင်း (၄၀)ကျော်လာခဲ့ပြီ ဆိုပေမယ့် ကျွန်းငယ်လေးတစ်ခုဆီကို လွတ်မြောက်လာတဲ့ သွေးဆာနေတဲ့ လူသတ်သမား ငါးမန်းကောင်ကြီးနဲ့ ဇာတ်လမ်းကို ယနေ့ထက်ထိ horror ပရိသတ်တွေ နှစ်သက်နေကြဆဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားကတော့ နာမည်ကျော်ဒါရိုက်တာ Steven Spielberg ငယ်စဉ်က ရိုက်ကူးခဲ့တာ ဖြစ်ပြီး drama ၊ horror နဲ့ စွန့်စားခန်းတွေပါ ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ IMDb rating (8) ရရှိထားပြီး Roy Scheider ၊ Richard Dreyfuss နဲ့ Robert Shaw တို့က အဓိကပါဝင်ထားပါတယ်။

ParaNorman
Photo via screenrant

horror လည်း ကြည့်ချင်သလို မိသားစုနဲ့အတူ ကြည့်ရှုလို့ သင့်တော်မယ့် ဇာတ်ကားမျိုးကို ရှာဖွေနေသူတွေအတွက် ဆိုရင်တော့ ParaNorman က အသင့်တော်ဆုံးပါပဲ။ တကယ့်နာမည်ကြီး အသံသရုပ်ဆောင်တွေ ပါဝင်ထားပြီး ခံစားရမယ့် ဇာတ်လမ်းလေးနဲ့ တင်ဆက်ထားတဲ့ ဒီဇာတ်ကားကတော့ Kubo and the Two Strings ၊ The Boxtrolls တို့လို ဇာတ်ကားတွေကို ထုတ်လုပ်ခဲ့တဲ့ အဖွဲ့သားတွေကပဲ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ဝိဉာဉ်တွေကို မြင်ရတဲ့အစွမ်းရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အရေးကြီးတဲ့ မစ်ရှင်တစ်ခုကို လုပ်ဆောင်ရမယ့်အကြောင်းပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က ထွက်ရှိထားပြီး IMDb (7) ရရှိထားပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Kodi Smit-McPhee ၊ Anna Kendrick နဲ့ Casey Affleck တို့က အဓိက ပါဝင်ထားပါတယ်။

Monster House
Photo via screenrant

horror အမျိုးအစားနှစ်သက်တဲ့ လူငယ်ပရိသတ်တွေအတွက် နောက်ထပ် ရွေးချယ်စရာတစ်ခုကတော့ Monster House ပဲ ဖြစ်ပါတယ်။ Sony စတူဒီယိုက ထုတ်လုပ်ထားတဲ့ animation ဇာတ်ကား ဖြစ်ပြီး ၂၀၀၆ ခုနှစ်က ထွက်ရှိထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဟောလိုးဝင်းညမှာ အသက်ဝင်လာတဲ့ ကြောက်စရာအိမ်ကြီးရဲ့ အကြောင်းကို ရှာဖွေဖော်ထုတ်ကြတဲ့ ကလေးတစ်စုရဲ့ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ IMDb (6.6) ရရှိထားပြီး Mitchel Musso ၊ Sam Lerner နဲ့ Spencer Locke တို့က အဓိက ပါဝင်ထားပါတယ်။

In The Tall Grass
Photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိထားတဲ့ Netflix ရဲ့ original horror ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ စာရေးဆရာကြီး Stephen King နဲ့ သားဖြစ်သူ Joe Hill တို့ရဲ့ ဇာတ်လမ်း ဖြစ်ပြီး တကယ့်အိပ်မက်ဆိုးထဲ ရောက်နေတဲ့ ခံစားချက်မျိုး ရရှိမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ မောင်နှမနှစ်ယောက်ဟာ  ကားမောင်းလာရင်း လူသူမနီးတဲ့ လမ်းတစ်နေရာမှာတော့ ရုတ်တရက် ကားရပ်လိုက်ကြရပါတယ်။ အကြောင်းကတော့ ဘေးဘက် မြက်ရိုင်းတောကြီးထဲက ကောင်လေးတစ်ယောက်ရဲ့ အော်သံကို ကြားလိုက်ရလို့ပါပဲ။ ဒီလိုနဲ့ အကူအညီတောင်းခံနေတဲ့ ကောင်လေးကို ရှာဖွေဖို့ အဲဒီမြက်တောကြီးထဲကို ဝင်သွားကြတဲ့အခါမှာတော့ သူတို့ကိုယ်တိုင် ခြောက်ခြားစရာ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

၂၀၁၉ ခုနှစ်က ထွက်ရှိထားပြီး IMDb (5.4) ရရှိထားပါတယ်။ သရုပ်ဆောင်တွေကတော့ Patrick Wilson ၊ Laysla De Oliveira နဲ့ Will Buie Jr. တို့ အဓိက ပါဝင်ထားပါတယ်။

The Conjuring
Photo via screenrant

ပထမဆုံး The Conjuring ဇာတ်ကားဟာ ခေတ်သစ် horror ရုပ်ရှင်တွေထဲမှာ အထင်ကရ ရှိနေတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သဘာဝလွန်ဖြစ်ရပ်တွေကို စုံစမ်းထောက်လှမ်းခဲ့တဲ့ Ed နဲ့ Lorraine Warren တို့ရဲ့ တကယ့်ဖြစ်ရပ်တစ်ခုကို အခြေခံထားပါတယ်။ ဒီဇာတ်ကားဟာ classic horror ဇာတ်လမ်းတွေရဲ့ အငွေ့အသက်ကို ခံစားရမှာ ဖြစ်သလို အနည်းငယ် ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ကြေကွဲစရာအချို့လည်း ပါဝင်ပါတယ်။

၂၀၁၃ ခုနှစ်က ထွက်ရှိထားပြီး Vera Farmiga ၊ Patrick Wilson ၊ Lili Taylor နဲ့ Joey King တို့က အဓိက ပါဝင်ထားပါတယ်။ IMDb rating ကတော့ (7.5) ရရှိထားပါတယ်။

The Conjuring 2
Photo via screenrant

horror ကိုမှ အခန်းဆက်နဲ့ universe တစ်ခုတည်းက ဇာတ်လမ်းမျိုးကို ခံစားချင်သူတွေအတွက်ကတော့ The Conjuring ပြီးရင် The Conjuring 2 ကိုလည်း ဆက်ကြည့်သင့်ပါတယ်။ ဒါတင်မက ဒီဇာတ်ကားဟာ ကြောက်စရာဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Valak ကို ပရိသတ်တွေနဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ကလေး လေးယောက်ရဲ့မိခင် Peggy ဟာ သူမရဲ့နေအိမ်မှာ ရှင်းပြလို့မရတဲ့ ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့လာရတာကြောင့် သဘာဝလွန်ဖြစ်ရပ်တွေမှာ ကျွမ်းကျင်တဲ့ Ed နဲ့ Lorraine Warren တို့ ဇနီးမောင်နှံကို အကူအညီတောင်းခံလာရပါတော့တယ်။

၂၀၁၆ ခုနှစ်က ထွက်ရှိထားပြီး IMDb ကတော့ (7.3) ရရှိထားပါတယ်။ သရုပ်ဆောင်တွေကတော့ Vera Farmiga ၊ Patrick Wilson ၊ Madison Wolfe နဲ့ Frances O’Connor တို့က အဓိက ပါဝင်ထားပါတယ်။

Underworld
Photo via screenrant

ပထမဆုံး ထွက်ရှိထားတဲ့ မူလ Underworld ဇာတ်ကားဟာ သွေးစုပ်ဖုတ်ကောင်တွေနဲ့ သမန်းဝံပုလွေတွေရဲ့ ဇာတ်လမ်းကို အက်ရှင်ခန်းတွေနဲ့ တမူထူးခြားစွာ တင်ဆက်ထားပါတယ်။ သဘာဝလွန်ဇာတ်လမ်းနဲ့ စွန့်စားခန်းမျိုးတွေကို နှစ်သက်သူတွေအတွက် ကံကောင်းစွာနဲ့ပဲ ဒီဇာတ်ကားကို Netflix မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ သမန်းဝံပုလွေတွေရဲ့ တိုက်ခိုက်မှုကြောင့် မိဘမဲ့သွားခဲ့ရတဲ့ ကောင်မလေး Selene ဟာ သွေးစုပ်ဖုတ်ကောင်ဂိုဏ်းကြီးရဲ့ လက်မရွံ့ အာဏာပါးကွက်သားအဖြစ် လုပ်ကိုင်နေပါတယ်။ အဲဒီနောက်မှာတော့ သမန်းဝံပုလွေတွေရဲ့ လက်ကနေ လူသားဆရာဝန်တစ်ယောက်ကို ကယ်တင်ဖို့ ဖြစ်လာပါတော့တယ်။

၂၀၀၃ ခုနှစ်က ထွက်ရှိထားပြီး IMDb (7) ရရှိထားပါတယ်။ သရုပ်ဆောင်တွေကတော့ Kate Beckinsale ၊ Michael Sheen ၊ Scott Speedman နဲ့ Bill Nighy တို့က အဓိက ပါဝင်ထားပါတယ်။

Crimson Peak
Photo via screenrant

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Guillermo del Toro ရဲ့ လက်ရာဖြစ်ပြီး gothic romance horror အမျိုးအစား ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ horror တစ်မျိုးတည်းကို တင်ဆက်ထားတာ မဟုတ်ဘဲ ထိတ်လန့်စရာ မြင်ကွင်းတွေ၊ သွေးထွက်သံယိုတွေ ပါဝင်ပါတယ်။

ဇာတ်လမ်းကတော့ Edith ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ဖခင်ဖြစ်သူရဲ့ သတိပေး တားမြစ်မှုကို လျစ်လျူရှုပြီး Sir Thomas Sharpe နဲ့ လက်ထပ်လိုက်ပါတယ်။ အဲဒီနောက် Sharpe စံအိမ်တော်ကြီးကို ရောက်ရှိသွားချိန်မှာတော့ တဖြည်းဖြည်းနဲ့ သူမခင်ပွန်းရဲ့ လျှို့ဝှက်ချက်တွေကို သိရှိလာရပြီး အဲဒီနေရာကြီးမှာ ဝိဉာဉ်၊သရဲတွေပါ ရှိနေမှန်း သိလိုက်ရပါတော့တယ်။

၂၀၁၅ ခုနှစ်က ထွက်ရှိထားပြီး IMDb (6.5) ရရှိထားပါတယ်။ သရုပ်ဆောင်တွေကတော့ Tom Hiddleston ၊ Mia Wasikowska ၊ Jessica Chastain နဲ့ Charlie Hunnam တို့က အဓိက ပါဝင်ထားပါတယ်။

ဒါကတော့ Netflix မှာ ကြည့်ရှုနိုင်မယ့် ဟောလိုးဝင်းကာလနဲ့ ကိုက်ညီမယ့် horror ဇာတ်ကားကောင်းများ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်ခြိုက်တဲ့ အခြားဇာတ်ကားကောင်းတွေ ရှိရင်လည်း ပြန်လည်ဝေမျှခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular