HomeCelebs Update NewsInternationalNicki Minaj ရဲ့အဖေကို ကားနဲ့တိုက်ပြေးခဲ့တဲ့ တရားခံ ထောင်တစ်နှစ်သာ ကျတော့မည်။

Nicki Minaj ရဲ့အဖေကို ကားနဲ့တိုက်ပြေးခဲ့တဲ့ တရားခံ ထောင်တစ်နှစ်သာ ကျတော့မည်။

နာမည်ကျော်ရက်ပ်ပါ Nicki Minaj ရဲ့ဖခင်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ကားနဲ့တိုက်ခံခဲ့ရပြီး အဲဒီဒဏ်ရာတွေကြောင့်ပဲ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အပြီး တစ်နှစ်ကျော်အကြာမှာတော့ တရားခံဖြစ်သူ ယာဉ်မောင်းဟာ အပြစ်ကို ဝန်ခံလာတဲ့အတွက် တစ်နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ကိုသာ ကျခံရတော့မှာ ဖြစ်ကြောင်း တရားသူကြီးတစ်ဦးက ဆိုထားပါတယ်။

အသက်(၇၁)နှစ်အရွယ်ရှိ Charles Polevich ဆိုသူဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ Nicki Minaj ရဲ့ဖခင်ဖြစ်သူ အသက်(၆၄)နှစ်အရွယ် Robert Maraj ကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားသူ ဖြစ်ပါတယ်။ သူ ကားနဲ့တိုက်လိုက်တဲ့ အရှိန်ကြောင့် Robert Maraj ဟာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားတာကို သိသော်လည်း အခင်းဖြစ်ပွားရာ နေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ ရဲဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo: nickiminaj/ Instagram

Charles Polevich ဟာ Guam ဆိုတဲ့ အရပ်ဒေသမှာ နေထိုင်သူ ဖြစ်သော်လည်း Mineola မှာလည်း အိမ်တစ်လုံး ရှိပါသေးတယ်။ အခင်းဖြစ်ပွားတဲ့ အချိန်တုန်းကတော့ သူဟာ ၁၉၉၂ ခုနှစ်မော်ဒယ် Volvo Station Wagon ကားကို မောင်းနှင်လာခဲ့တာ ဖြစ်ပြီး အဲဒီကားဟာ တခြားသော ခေတ်ပေါ်ကားတွေနဲ့ သိသိသာသာ ကွာခြားတယ်လို့ ရဲဌာနက ဆိုပါတယ်။ ဒါကြောင့်ပဲ အခင်းဖြစ်ပွားရာ အနီးအနားက စီစီတီဗွီ ကင်မရာတွေကို စစ်ဆေး အသုံးပြုပြီး ကားကနေတဆင့် Charles ရဲ့ နေရပ်လိပ်စာကို ခြေရာခံနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ကြားနာမှုမှာတော့ Charles ဟာ Robert Maraj ကို ကားနဲ့တိုက်မိခဲ့ကြောင်း ဝန်ခံခဲ့ပြီး အခင်းဖြစ်ရပ်ကို သက်ဆိုင်ရာဆီ သတင်းပို့၊ အကြောင်းမကြားဘဲ ထွက်ပြေးခဲ့တဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အိမ်ကို ပြန်ရောက်တာနဲ့ သူ့ရဲ့ကားကို တာပေါ်လင်အစနဲ့ ဖုံးပြီး ဖွက်ထားခဲ့တယ်လို့လည်း ဆိုပါတယ်။

Photo: nickiminaj/ Instagram

ပြည်နယ်ရဲ့ Supreme Court Justice Howard Sturim ကတော့ တရားခံအနေနဲ့ အခုလို အပြစ်ကို ဝန်ခံလာတဲ့အတွက် Charles Polevich ကို တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ကို ချမှတ်မယ်လို့ ပြောကြားကြောင်း သိရပါတယ်။ မူလကတော့ သူဟာ ထောင်ဒဏ်(၁၁)နှစ် ကျခံရဖို့ ဖြစ်ခဲ့တာပါ။ သို့သော်လည်း ထောင်ဒဏ် တစ်နှစ်ခန့် ကျခံပြီးနောက်မှာ လူမှုရေးလုပ်ငန်းတွေမှာ ဆက်လက် လုပ်ကိုင်ရမှာဖြစ်သလို သူ့ရဲ့ ယာဉ်မောင်းလိုင်စင်ကတော့ ဆိုင်းငံ့ခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

တရားရုံးရဲ့ အခုလိုဆုံးဖြတ်ချက်အပေါ် ကွယ်လွန်သူရဲ့ ဇနီးသည်လည်းဖြစ်၊ Nicki Minaj ရဲ့မိခင်လည်း ဖြစ်တဲ့ Carol Maraj ကတော့ စိတ်ပျက်မိကြောင်း ပြောထားပါတယ်။

Photo: nickiminaj/ Instagram

“ကျွန်မတော့ စိတ်ပျက်မိပါတယ်။ ထောင်ဒဏ် တစ်နှစ်တဲ့လား။ ကျွန်မ လုံးဝမကျေနပ်ပါဘူး။ ကျွန်မ အရမ်း အရမ်းကို ဒေါသထွက်ပါတယ်။ အဲဒီနေ့ညက ဆေးရုံမှာ ကျွန်မကြုံတွေ့ခဲ့ရတဲ့ မှတ်ဉာဏ်တွေအားလုံး အခုတပြုံတည်း ခံစားလိုက်ရသလိုပဲ တစ်ကိုယ်လုံးတောင် တုန်ရီလာပါတယ် …” လို့ ပြောထားပါတယ်။

ဒါ့အပြင် Carol Maraj ဟာ ယာဉ်မောင်းဖြစ်သူ Charles Polevich ကို ဒေါ်လာသန်း(၁၅၀)တန် အမှုစွဲဆိုသွားမယ်လို့ သိရပါတယ်။ အဲဒီအမှုကိုတော့ လာမယ့် ဩဂုတ်လမှာ ကြားနာ စစ်ဆေးမယ်လို့ သိရပါတယ်။ Charles Polevich ရဲ့ ရှေ့နေကတော့ သူ့ရဲ့အမှုသည်ဟာ တစ်ဘဝလုံး စိတ်နှလုံးကောင်းရှိပြီး သူတပါးကို ကူညီတတ်သူအဖြစ် နေထိုင်လာခဲ့သူ ဖြစ်ပြီး Robert Maraj ကို အသက်ဆုံးရှုံးစေခဲ့မိတဲ့အတွက် အလွန်ကိုမှ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ပြောထားပါတယ်။ Nicki ကတော့ သူမရဲ့ဖခင်ကို ဆုံးရှုံးရတာဟာ သူမဘဝရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ကြောင်း အင်စတာဂရမ်ပို့စ်တစ်ခုနဲ့ ပြောထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular