HomeCelebs Update NewsInternationalအသက်(၄၀)အထိ single ဖြစ်နေရင် လက်ထပ်မယ်လို့ပြောလာတဲ့ Noah နဲ့ Millie

အသက်(၄၀)အထိ single ဖြစ်နေရင် လက်ထပ်မယ်လို့ပြောလာတဲ့ Noah နဲ့ Millie

Stranger Things သရုပ်ဆောင်နှစ်ယောက် ဖြစ်တဲ့ Noah Schnapp နဲ့ Millie Bobby Brown တို့ဟာ သူတို့နှစ်ယောက်စလုံး အသက်(၄၀)ရောက်တဲ့အထိ ဆင်ဂယ်လ်ပဲ ဖြစ်နေဦးမယ်ဆိုရင် လက်ထပ်မယ်လို့ ပြောလိုက်ပါတယ်။ ဒါကတော့ MTV News နဲ့ အင်တာဗျူးမှာ သူတို့နှစ်ယောက် တွေ့ဆုံစဉ်က ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒါကိုတော့ အသက်(၁၈)နှစ်အရွယ် Millie Bobby Brown က တကယ်လို့ သူမနဲ့ Noah တို့နှစ်ယောက်စလုံး အသက်(၄၀)ရောက်တဲ့အထိ ဆင်ဂယ်လ် ဖြစ်နေဦးမယ်ဆိုရင် လက်ထပ်ဖြစ်လောက်တယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။ “ကျွန်မတို့ ပြောတာကလေ အသက်(၄၀)လောက် ရောက်တဲ့အထိ နှစ်ယောက်စလုံး လက်မထပ်ရသေးဘူးဆိုရင် ကျွန်မတို့နှစ်ယောက်ပဲ ယူလိုက်ကြတော့မယ်။ ဘာလို့လည်းဆိုတော့ ကျွန်မတို့နှစ်ယောက်က တကယ့် အခန်းဖော်ကောင်းတွေ ဖြစ်မှာမို့လို့လေ …” လို့ Millie က ပြောပါတယ်။

Photo: noahscnapp_milliebobbybrown_fanpage/ Instagram

ဒီစကားကိုတော့ Noah ကလည်း “ဟုတ်တယ် … ကျွန်တော်တို့ အဲဒီလိုပဲ လုပ်လိုက်ကြတော့မယ် …” လို့ ထောက်ခံထားပါတယ်။ ဒါ့အပြင် ဒီအင်တာဗျူးထဲမှာပဲ Millie နဲ့ Noah တို့ဟာ သူတို့နှစ်ယောက်သာ အတူနေဖြစ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာကိုလည်း စနောက်ထားပါသေးတယ်။

“ဒါပေမယ့် ကလေးတော့ မယူဘူးနော်။ ဘာလို့လည်းဆိုတော့ နင်နဲ့တူတဲ့ ကလေးတစ်ယောက်ကို ငါ ဘယ်လိုမှ စိတ်ရှည်မှာ မဟုတ်ဘူး …” လို့ Millie က ပြောရာ “ငါလည်း အဲဒီလိုပဲလေ။ ကလေးမလိုချင်ဘူး …” လို့ Noah ကလည်း ပြောပါတယ်။ ဆက်လက်ပြီး ကလေးယူမယ့်အစား ခွေးတစ်ကောင်လောက်သာ အတူတူမွေးကြမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိပ်ခန်းကိုလည်း တစ်ယောက်တစ်ခန်းစီ ခွဲနေကြမယ်လို့ ပြောပါသေးတယ်။

Photo: strangerthingstv/ Instagram

တကယ်တော့ ဒီစကားတွေ ပြောနေတာဟာ Noah နဲ့ Millie တို့ ချစ်ကြိုက်နေကြတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်ဟာ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီး တကယ်လို့ အသက်(၄၀)လောက် ရောက်တဲ့အထိ ဘယ်သူနဲ့မှ အဆင်မပြေရင်တော့ သူတို့နှစ်ယောက်ပဲ အတူနေလိုက်တာက ကောင်းမယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကတော့ အဖြူရောင်သံယောဇဉ် သပ်သပ်သာ ဖြစ်ပါတယ်။

Millie နဲ့ Noah တို့နှစ်ယောက်ဟာ Stranger Things Season 1 ရဲ့ ရိုက်ကွင်းမှာ စတင်တွေ့ဆုံခဲ့ကြပြီး သူငယ်ချင်းတွေ ဖြစ်လာကြတာပါ။ Season 4 ကို ရောက်တဲ့အချိန်မှာတော့ ဇာတ်လမ်းထဲမှာလည်း သူတို့နှစ်ဦးဟာ တစ်အိမ်တည်းမှာ အတူတူ နေထိုင်နေကြတဲ့ သူငယ်ချင်းတွေ ဖြစ်နေကြပါတယ်။

Photo: jakebongiovi/ Instagram

စစနောက်နောက်နဲ့ ပြောနေကြပေမယ့် တကယ့်အပြင်ဘဝမှာတော့ Noah နဲ့ Millie တို့ဟာ အဲဒီလိုကြုံရကိန်း မရှိနိုင်ပါဘူး။ အကြောင်းကတော့ Noah ဟာ လက်ရှိမှာ အသက်မပြည့်သေးဘဲ အသက်(၁၇)နှစ်သာ ရှိသေးတာကြောင့် ချစ်သူရှိတယ်လို့ သတင်းတစိုးတစမျှ မကြားရသေးသလို တစ်ဖက်မှာတော့ Millie ဟာ နာမည်ကျော် ရော့ခ်အဆိုတော်ကြီး Jon Bon Jovi ရဲ့သားဖြစ်သူ Jake Bongiovi နဲ့ တွဲနေတာကြောင့်ပါပဲ။

Millie နဲ့ Jake တို့ တွဲနေတယ်လို့ သတင်းထွက်လာတာကတော့ ၂၀၂၁ ခုနှစ် ဇွန်လမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်တွေကို အင်စတာဂရမ်မှာ တရားဝင် မျှဝေပေးလာပြီး Stranger Things Season 4 ရဲ့ red carpet အခမ်းအနားကိုလည်း စုံတွဲ တက်ရောက်ခဲ့ကြပါသေးတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular