HomeEntertainmentFilmရိုမန့်စ်ကြိုက်သူတိုင်း ကြည့်သင့်တဲ့ မောင်လေးနဲ့မမအကြောင်း k-drama စီးရီး(၅)ခု

ရိုမန့်စ်ကြိုက်သူတိုင်း ကြည့်သင့်တဲ့ မောင်လေးနဲ့မမအကြောင်း k-drama စီးရီး(၅)ခု

ရုပ်ရှင်အမျိုးအစားတွေ ကွဲပြားပြီး အမျိုးမျိုးရှိသလိုပဲ ကိုရီးယားဒရာမာတွေမှာလည်း ထိတ်လန့်သည်းဖို၊ စုံထောက်၊ မှုခင်းဒရာမာ အစရှိတဲ့ အမျိုးအစားတွေ အများအပြားပဲ ရှိပါတယ်။ ကိုရီးယားစီးရီးပေါင်းများစွာထဲကမှ ရိုမန့်တစ်ဆန်ဆန်လေးနဲ့ မမနဲ့မောင်လေးကြားက အချစ်အကြောင်းကို ရင်ခုန်ကြည်နူးဖွယ်ရာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးတွေကို မျှဝေပေးချင်ပါတယ်။ အသက်ကွာတဲ့ မမနဲ့မောင်လေးတို့ကြားက ချစ်မေတ္တာကို နူးညံ့သိမ်မွေ့စွာနဲ့ ဖော်ကျူးထားတာမို့ အသည်းတလှပ်လှပ် ကြည့်ရှုရမယ်ဆိုတာ အာမခံပါတယ်။

(၁) Romance is A Bonus Book (၂၀၁၉ ထွက်)
Photo Credit: mydramalist

ဒီဒရာမာလေးကတော့ ဇာတ်လမ်းတွဲ မရိုက်ဘဲ အကြာကြီးနားနေပြီးမှ ဖန်သားပြင်ပေါ် ပြန်ရောက်လာတဲ့ မင်းသမီးချော Lee Na Young နဲ့ မောင်လေးနဲ့မမဇာတ်လမ်းတွေမှာ အပြတ်ကြွေအောင် သရုပ်ဆောင်ပြနိုင်တဲ့ မင်းသား Lee Jong Suk တို့ရဲ့ အချစ်ရိုမန့်စ်ဟာသ ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ Lee Na Young က ယောက်ျားနဲ့ ကွာရှင်းထားတဲ့ တစ်ခုလပ်ကလေးအမေဖြစ်ပြီး တစ်ချိန်တစ်ခါက အောင်မြင်ခဲ့တဲ့ စာရေးဆရာမတစ်ယောက် ဖြစ်ပေမယ့် အလုပ်နားထားတာ ကြာနေလို့ ချွတ်ခြုံကျနေတဲ့ အမျိုးသမီး Kang Dan Yi အဖြစ် သရုပ်ဆောင်ထားပါတယ်။ Lee Jong Suk ကတော့ Kang Dan Yi ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်ပြီး ပုံနှိပ်ထုတ်ဝေတဲ့ ကုမ္ပဏီတစ်ခုက အငယ်ဆုံးအယ်ဒီတာ တစ်ဖြစ်လည်း နာမည်ကြီး စာရေးဆရာ Cha Eun Ho အဖြစ် သရုပ်ဆောင်ထားပါတယ်။

Photo Credit: mydramalist

Eun Ho ဟာ သူ့ရဲ့မမဖြစ်တဲ့ Dan Yi အပေါ် အမြဲတမ်း နူးညံ့ကြင်နာစွာ ဆက်ဆံတတ်သူဖြစ်ပြီး တစ်ရက်မှာတော့ Eun Ho အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာပဲ Dan Yi က အလုပ်ရသွားတဲ့အခါ နှစ်ဦးကြားက ဆက်ဆံရေးတွေက ပြောင်းလဲလာမလားဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီစီးရီးထဲမှာ စာအုပ်ဒီဇိုင်နာ Wi Ha Joon အဖြစ် သရုပ်ဆောင်ထားတဲ့ Ji Seo Joon ကလည်း ဒုတိယမင်းသားကိုမှ ပိုကြိုက်မိတတ်တဲ့ ရောဂါထစေဦးမှာမို့လို့ ကြည့်ကိုကြည့်သင့်ပါတယ်နော်။

(၂) My Name is Kim Sam Soon (၂၀၀၅ ထွက်)
Photo Credit: mydramalist

ဒီစီးရီးလေးကတော့ ၂၀၀၅ခုနှစ်တည်းက ထွက်ရှိထားခဲ့တာဖြစ်ပြီး အဲ့ဒီ့အချိန်က သိပ်ကိုအောင်မြင်ခဲ့တဲ့ စီးရီးလေးလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ လူကလည်း ခပ်ဝဝ၊ ဘာမှလည်း မအောင်မြင်လို့ အများက ဝိုင်းကဲ့ရဲ့အထင်သေးတာကို ခံနေရတဲ့ အပျိုကြီးမမ Sam Soon အဖြစ် မင်းသမီး Kim Sun Ah က သရုပ်ဆောင်ထားပါတယ်။

မင်းသားဇာတ်လိုက်နေရာမှာတော့ ကောင်မလေးတွေ အသည်းစွဲ ကြိုက်ကြတဲ့ ဗိုလ်ကြီး Hyun Bin က သရုပ်ဆောင်ထားပါတယ်။ Hyun Bin ကတော့ Sam Soon ရဲ့ အရှက်တကွဲ အကျိုးနည်း ရည်းစားနဲ့ ပြတ်သွားတဲ့ပုံကို မြင်တွေ့လိုက်ရတဲ့ အကောင်းစား ပြင်သစ်စားသောက်ဆိုင် ပိုင်ရှင်သူဌေး Hyun Ji Hyun အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ အစတည်းက အလွဲလွဲအချော်ချော် ဖြစ်ပေမယ့် Sam Soon က Ji Hyun ဆီမှာ အလုပ်လုပ်ဖို့ ဖြစ်လာပြီး သူ့ရဲ့ချစ်သူမိန်းကလေးအဖြစ်ပါ ဟန်ဆောင်ပေးရဖို့ ဖြစ်လာတဲ့အခါမှာတော့ … ။

Photo Credit: mydramalist

သရုပ်ဆောင်တွေလည်း ကောင်းသလို ရိုချက်ကလည်း အသည်းယားစရာမို့ နောက်ခံဇာတ်ဝင်သီချင်းလေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ သေချာပေါက်ကို ကြည့်သင့်တဲ့ ရိုမန့်စ်ဒရာမာလေး ဖြစ်သွားပါတော့တယ်။ ဒါ့အပြင် ဒီဒရာမာဟာ Rating အကောင်းဆုံး ကိုရီးယားဒရာမာတွေထဲမှာ ပါဝင်တာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

(၃) When the Camellia Blooms (၂၀၁၉ ထွက်)
Photo Credit: mydramalist

ဒီဒရာမာလေးထဲမှာတော့ ရိုမန့်တစ်ဆန်တဲ့ ချစ်မေတ္တာအပြင် ဟာသနဲ့ လူမှုပတ်ဝန်းကျင်ကြားက အရှုပ်အထွေးတွေကိုပါ ရိုက်ပြထားတာမို့ ကြည့်ရတာ သိပ်ကိုသဘာဝကျစေပါလိမ့်မယ်။ ဒီဇာတ်လမ်းထဲမှာ ဘားဆိုင်ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင် Dong Baek အဖြစ် မင်းသမီး Gong Hyo Jin က သရုပ်ဆောင်ထားပြီး ပတ်ဝန်းကျင်က ဝိုင်းဝန်းကဲ့ရဲ့၊ အတင်းပြောနေကြတဲ့ ကလေးတစ်ယောက်အမေကိုမှ ချစ်မိနေတဲ့ ရဲသား Hwang Yong Sik အဖြစ် မင်းသားချော Kang Ha Neul က သရုပ်ဆောင်ထားပါတယ်။

ဒီလိုနဲ့ Dong Baek ရဲ့ရည်းစားဟောင်း နာမည်ကြီး ဘေ့စ်ဘောကစားသမားက ပေါ်လာပြီး နောက်ထပ် ရှုပ်ထွေးတဲ့ အရာတွေ ဖြစ်လာပါတော့တယ်။ ဒါ့အပြင် Dong Baek ရဲ့ အသက်ကိုပါ ခြိမ်းခြောက်လာနိုင်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကပါ ပါလာတဲ့အခါမှာတော့ … ။

(၄) I Can Hear Your Voice (၂၀၁၃ ထွက်)
Photo Credit: mydramalist

ဒီစီးရီးလေးကတော့ Lee Jong Suk ရဲ့ နောက်ထပ် မောင်လေး၊မမ ဇာတ်လမ်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Park Soo Ha ဆိုတဲ့ကောင်လေးဟာ ခပ်ငယ်ငယ် ကလေးဘဝမှာ မျက်စိရှေ့မှာတင် အဖေဖြစ်သူ အသတ်ခံရတာကို မြင်တွေ့လိုက်ရပြီးနောက် ထူးခြားတဲ့ အစွမ်းတစ်ခုကို ရသွားပါတယ်။ အဲ့ဒါကတော့ လူတွေရဲ့မျက်လုံးကို ကြည့်လိုက်တာနဲ့ သူတို့စိတ်ထဲမှာ တွေးနေတဲ့ အတွေးတွေကို ကြားနိုင်တဲ့အစွမ်းပါပဲ။

ဒီလိုနဲ့ တရားခွင်ကို ရောက်တဲ့အခါမှာတော့ ကြောက်စရာကောင်းတဲ့ လူသတ်တရားခံကို မတုန်လှုပ်ဘဲ Park Soo Ha ထက် အသက်ကြီးတဲ့ ကောင်မလေး Jang Hye Sung က သက်သေထွက်ဆိုပေးခဲ့ပါတယ်။ အဲ့ဒီ့မှာတင် လူသတ်တရားခံဟာ ကောင်မလေးကို အငြိုးအတေးနဲ့ မှတ်သွားပါတော့တယ်။ နောက်ဆယ်နှစ် ကြာသွားတဲ့အခါမှာတော့ Park Soo Ha ငယ်ငယ်တည်းက ကြိတ်ကြွေခဲ့ရတဲ့ စမတ်ကျတဲ့ မမ Jang Hye Sun ဟာ ထက်မြက်တဲ့ ရှေ့နေကြီးတစ်ယောက် ဖြစ်နေပါပြီ။ သို့ပေမယ့် အတိတ်က ရန်ကြွေးရှိခဲ့တဲ့ လူသတ်တရားခံက ထောင်ကလွတ်လာတဲ့အခါမှာတော့… ။

Photo Credit: mydramalist

သဘာဝလွန် သည်းထိတ်ရင်ဖို ရိုမန့်စ်ဒရာမာလေး ဖြစ်တာကြောင့် ရသမျိုးစုံကို တစ်ပြိုင်တည်း ခံစားရမှာပါ။ ဒါ့အပြင် မမတစ်ယောက် အန္တရာယ်တောထဲ ရောက်နေချိန် ကာကွယ်ပေးမယ့် မောင်လေးရဲ့အချစ်တွေကလည်း တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ Jang Hye Sung ငယ်ဘဝကိုတော့ မင်းသမီးလေး Kim So Hyun က သရုပ်ဆောင်ပေးထားပြီး လူကြီးဘဝကိုတော့ မင်းသမီးချော Lee Bo Young က သရုပ်ဆောင်ထားပါတယ်။

(၅) Witch’s Romance (၂၀၁၄ ထွက်)
Photo Credit: mydramalist

ဒီစီးရီးလေးကတော့ ၂၀၁၄ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး မင်းသားချော Park Seo Joon ရဲ့စီးရီးလေး ဖြစ်ပါတယ်။ My Queen ဆိုတဲ့ ထိုင်ဝမ်ဒရာမာလေးကို ပြန်ရိုက်ထားတဲ့စီးရီးဖြစ်ပြီး မောင်လေးနဲ့မမ ဇာတ်လမ်းတွေထဲမှာ တော်တော်အသက်ကွာတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းထဲမှာတော့ (၃၉)နှစ်အရွယ် မှုခင်းသတင်းထောက် Ban Ji Yeon ဟာ မင်္ဂလာပွဲမှာ ထားခံခဲ့ရပြီးတည်းက အလုပ်ထဲမှာပဲ စိတ်နှစ်ထားတဲ့ အပျိုကြီးတစ်ယောက်ပါ။ သူ့ရဲ့ စေ့စပ်သေချာတဲ့ အကျင့်ကြောင့် လုပ်ဖော်ကိုင်ဖက်တွေကတော့ စုန်းမလို့ ဝိုင်းပြီးခေါ်ဝေါ်ကြပါတယ်။ Yoon Dong Ha ကတော့ အသက်(၂၅)နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပြီး ပိုက်ဆံနဲ့သာငှားရင် ဘယ်အလုပ်ကိုမဆို လုပ်တတ်တဲ့ လူငယ်လေး ဖြစ်ပါတယ်။ ဘဝကို စိတ်လွတ်လက်လွတ် နေထိုင်နေတဲ့ ဒီကောင်လေးမှာလည်း အတိတ်က အရိပ်မည်းကြီးတစ်ခုက လိုက်ပါလို့နေတဲ့အခါမှာတော့ … ။

Photo Credit: mydramalist

Ban Ji Yeon နေရာမှာတော့ အဆိုတော်၊မင်းသမီး Uhm Jung Hwa က သရုပ်ဆောင်ထားပြီး Yoon Dong Ha နေရာမှာတော့ မင်းသားချော Park Seo Joon က သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ဦးရဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ချစ်မေတ္တာတွေ ယိုဖိတ်လျှံကျနေတဲ့ အကြင်နာပေးခန်းတွေ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ရိုမန့်စ်ဒရာမာ ကြိုက်သူတိုင်း ကြည့်သင့်တဲ့ စီးရီးတစ်ခု ဖြစ်သွားပါတော့တယ်။

ဒါကတော့ အချစ်ရိုမန့်စ်၊ နူးနူးညံ့ညံ့လေးနဲ့ ဖီးလ်ရတာကိုမှ နှစ်သက်သူများအတွက် ရွေးချယ်ပေးထားတဲ့ စီးရီးငါးခု ဖြစ်ပါတယ်။ ဒီထဲမှာ စာဖတ်သူတို့ ကြည့်ပြီးတဲ့စီးရီးပါရင်လည်း ပြောပြခဲ့ပါဦး။

LaNina

 

RELATED ARTICLES

Most Popular