HomeEntertainmentFilmဇာတ်လမ်းတွဲအသစ်ကောင်းကောင်း ကြည့်ချင်နေသူတွေအတွက် Ongoing စီးရီးသစ်(၆)ခု 

ဇာတ်လမ်းတွဲအသစ်ကောင်းကောင်း ကြည့်ချင်နေသူတွေအတွက် Ongoing စီးရီးသစ်(၆)ခု 

နာမည်ကြီးစတူဒီယိုတွေ၊ streaming service တွေက ထုတ်လွှင့်တဲ့ rating မြင့် ဇာတ်လမ်းတွဲကောင်းတွေကိုမှ ကြည့်ရှုချင်သူများအတွက် ယခုလက်ရှိ ထုတ်လွှင့်နေဆဲ ဖြစ်တဲ့ Ongoing စီးရီးအသစ်(၆)ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ rating တွေလည်းကောင်းပြီး နိုင်ငံတကာမှာလည်း လက်ရှိ လူကြိုက်များနေတဲ့ စီးရီးတွေဖြစ်တာကြောင့် ဒီစီးရီး(၆)ခုကိုတော့ လက်မလွှတ်သင့်ပါဘူး။

(1) Wheel of Time
Photo via IMDb

Wheel of Time ကတော့ အမေရိကန် စိတ်ကူးယဉ်ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး Amazon Prime က လက်ရှိ streaming ပြသနေတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Robert Jordan ရဲ့ နာမည်ကြီး novel series ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပြီး Sony Picture Television နဲ့ Amazon Studios တို့ ပူးပေါင်းတင်ဆက်ထားပါတယ်။ showrunner ကတော့ Rafe Judkins ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ စွမ်းအားကြီး အမျိုးသမီးမှော်အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Aes Sedai အဖွဲ့ဝင် Moiraine  ဟာ လူငယ်လေးတစ်စုကို ခရီးတစ်ခုဆီ ခေါ်ဆောင်သွားပါတယ်။ အကြောင်းကတော့ သူတို့ထဲက တစ်ယောက်ဟာ ကမ္ဘာကြီးကို ကယ်တင်နိုင်တဲ့၊ ဒါမှမဟုတ် ဖျက်ဆီးနိုင်တဲ့ အစွမ်းရှိတဲ့ Dragon ပြန်ဝင်စားမယ်လို့ ယုံကြည်ထားလို့ပဲ ဖြစ်ပါတယ်။

Photo via IMDb

ဒီဇာတ်လမ်းတွဲကတော့ Game of Thrones လို စိတ်ကူးယဉ်ဒရာမာ ဇာတ်လမ်းမျိုးကို နှစ်သက်သူတွေ ကြည့်ရှုသင့်ပါတယ်။ နိုဝင်ဘာလ(၁၉)ရက်နေ့က စတင်ထုတ်လွှင့်နေတာ ဖြစ်ပြီး စုစုပေါင်း အပိုင်း(၈)ပိုင်း ပါဝင်ပါတယ်။ ပထမဆုံးအပတ်မှာတော့ အပိုင်းသုံးပိုင်းကို တပြိုင်တည်း ထွက်ရှိထားပြီး ကျန်အပိုင်းတွေကိုတော့ တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့ ထုတ်လွှင့်နေပါတယ်။

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Rosamund Pike ၊ Daniel Henney ၊ Madeleine Madden ၊ Zoë Robins ၊ Josha Stradowski ၊ Marcus Rutherford နဲ့ Barney Harris တို့က အဓိက ပါဝင်ထားပါတယ်။ Rating ကတော့ IMDb (7.5) နဲ့ Rotten Tomatoes (85%) ရရှိထားပါတယ်။

(2) Yellowjackets
Photo Credit: Showtime

Yellowjackets ကတော့ survival နဲ့ psychological horror ပေါင်းစပ်ထားတဲ့ အမေရိကန်ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ နိုဝင်ဘာလ(၁၄)ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက်အားပေးမှုကို ရရှိထားပါတယ်။ စုစုပေါင်း အပိုင်း(၁၀)ပိုင်း ပါဝင်မှာ ဖြစ်ပြီး တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့ ထုတ်လွှင့်ပြသနေပါတယ်။ ပြသနေတဲ့ network ကတော့ Showtime ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ပါရမီထူးချွန်လွန်းတဲ့ အမျိုးသမီးဘောလုံးအသင်းဟာ လေကြောင်းခရီးတစ်ခုကို သွားရင်း Ontario က တောနက်ကြီးထဲကို လေယာဉ်ပျံ ပျက်ကျသွားပါတယ်။ အဲဒီနောက် ကြမ်းတမ်းလွန်းတဲ့ တောတွင်းအဖွဲ့တွေထဲကို မထင်မှတ်ဘဲ ရောက်သွားကြပါတယ်။ ဒီလိုနဲ့ နောက်ထပ် နှစ်ဆယ့်ငါးနှစ်အကြာမှာတော့ သူတို့ ပြီးဆုံးပြီလို့ ထင်မှတ်ထားခဲ့တဲ့ အရာတွေက တကယ် မပြီးဆုံးသေးဘဲ သူတို့နောက်ကို အရိပ်လို ထပ်မံလိုက်လာတဲ့အခါမှာတော့ … ။

Photo via IMDb

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Juliette Lewis ၊ Christina Ricci ၊ Melanie Lynskey ၊ Ella Purnell ၊ Sammi Hanratty နဲ့ Sophie Thatcher တို့က အဓိက ပါဝင်ထားပါတယ်။ Rating ကတော့ IMDb (7.9) နဲ့ Rotten Tomatoes (100%) ဖြစ်ပါတယ်။

(3) Mayor of Kingstown
Photo via IMDb

မှုခင်းနဲ့ သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်တဲ့ Mayor of Kingstown ဇာတ်လမ်းတွဲကတော့ Paramount+ က ထုတ်လွှင့် ပြသနေတဲ့ အမေရိကန်ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ Paramount+ စတင်တည်းက ကြည့်ရှုသူအများဆုံး ရရှိထားတဲ့ ရှိုးအဖြစ် စံချိန်တင်ထားပြီး စုစုပေါင်း အပိုင်း(၁၀)ပိုင်း ပါဝင်ပါတယ်။

ဇာတ်လမ်းကတော့ ယနေ့ခေတ်ရဲ့ ပြဿနာတစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ အကျဉ်းထောင်စနစ်အကြောင်းကို အဓိက ပြသထားတာ ဖြစ်ပါတယ်။ Michigan ပြည်နယ်၊ Kingstown က ဩဇာအာဏာ ကြီးမားလွန်းတဲ့ McLusky မိသားစုဟာ အကျဉ်းထောင်အပေါ် မူတည်ပြီး စီးပွားရေးလုပ်နေသူတွေ ဖြစ်ပါတယ်။ စနစ်တကျ ပုံဖော်ထားတဲ့ လူမျိုးရေး ခွဲခြားမှုတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ မညီမျှမှုတွေကြားမှာ ကုလားဖန်ထိုးရင်း ယခင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ တရားမျှတမှုကို ပြန်လည်ပုံဖော်ဖို့ ကြိုးစားတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Rating ကတော့ IMDb (7.9) နဲ့ Rotten Tomatoes (29%) ရရှိထားပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Jeremy Renner ၊ Kyle Chandler ၊ Emma Laird ၊ Hugh Dillon နဲ့ Dianne Wiest တို့ အဓိက ပါဝင်ထားပါတယ်။ နိုဝင်ဘာလ(၁၄)ရက်နေ့မှာ စတင်ထုတ်လွှင့်ထားပြီး တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့ ထုတ်လွှင့်နေပါတယ်။

(4) The Shrink Next Door
Photo via IMDb

ဒီဇာတ်လမ်းတွဲကတော့ psychological drama အမျိုးအစားဖြစ်ပြီး dark comedy နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စိတ်ရောဂါကုဆရာဝန် Issac Herschkopf ရဲ့ တကယ့်ဘဝအတွေ့အကြုံကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Photo via IMDb

ဇာတ်လမ်းအကြောင်းအရာကတော့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဟာ သူ့ရဲ့ အချိန်ကာလကြာ လူနာတစ်ယောက်ရဲ့ ဘဝထဲကို ဝင်ရောက်နေထိုင်ဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။ နိုဝင်ဘာလ(၁၂)ရက်နေ့မှာ Apple TV+ က စတင်ထုတ်လွှင့် ပြသနေတာ ဖြစ်ပြီး တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့ စုစုပေါင်း အပိုင်း(၈)ပိုင်း ပြသသွားမှာ ဖြစ်ပါတယ်။ limited series ဖြစ်တာကြောင့် Season 2 လာဖို့တော့ မရှိတော့ပါဘူး။

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Paul Rudd ၊ Will Ferrell ၊ Kathryn Hahn ၊ Casey Wilson နဲ့ Cornell Womack တို့ အဓိက ပါဝင်ထားပါတယ်။ Rating ကတော့ IMDb (6.7) နဲ့ Rotten Tomatoes (59%) ရရှိထားပါတယ်။

(5) Hawkeye
Photo via IMDb

MCU ပရိသတ်တွေ၊ စူပါဟီးရိုး ဇာတ်ကားနှစ်သက်သူတွေတင်မက အက်ရှင်ဇာတ်ကား နှစ်သက်သူတွေလည်း ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ နိုဝင်ဘာလ(၂၄)ရက်နေ့မှာ Disney+ က စတင်ထုတ်လွှင့်ထားပြီး စစချင်း နှစ်ပိုင်းကို တပြိုင်တည်း ထုတ်လွှင့်ကာ ကျန်အပိုင်းတွေကိုတော့ တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့ ပြသနေပါတယ်။ မီနီစီးရီး ဖြစ်တာကြောင့် အပိုင်း(၆)ပိုင်းသာ ပါဝင်ပါတယ်။

Photo via IMDb

ဇာတ်လမ်းကတော့ Avengers: Endgame အပြီး ဖြစ်ရပ်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်ထားပါတယ်။ ဒီစီးရီးထဲမှာတော့ Hawkeye တဖြစ်လည်း Clint Barton ရဲ့ Endgame အပြီး အနေအထားကို မြင်တွေ့ရမှာ ဖြစ်သလို သူ့နေရာကို ဆက်ခံမယ့် တက်သစ်စ လူငယ်မိန်းကလေး Kate Bishop ရဲ့အကြောင်းကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Jeremy Renner ၊ Hailee Steinfeld ၊ Florence Pugh ၊ Vera Farmiga နဲ့ Aalqua Cox တို့ အဓိကပါဝင်ထားပါတယ်။ Rating ကတော့ IMDb (8.1) နဲ့ Rotten Tomatoes (92%) ရရှိထားပါတယ်။

(6) The Sex Lives of College Girls
Photo Credit: Jessica Brooks/ IMDb

ဒီဇာတ်လမ်းတွဲကတော့ အမေရိကန် လူငယ်ဟာသဒရာမာ စီးရီးတစ်ခုဖြစ်ပြီး HBO Max က ထုတ်လွှင့် ပြသနေတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ ထူးခြားချက်ကတော့ နာမည်ကျော် ဟာသ သရုပ်ဆောင် Mindy Kaling က ဒီစီးရီးကို ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ နယူးအင်္ဂလန်ရဲ့ နာမည်ကြီးကောလိပ်ဖြစ်တဲ့ Essex ကောလိပ်ကို ဝင်ခွင့်ရရှိသွားတဲ့ ပထမနှစ်ကျောင်းသူ မိန်းကလေး လေးယောက်ရဲ့ တက္ကသိုလ်ကျောင်းသူဘဝ လွတ်လွတ်လပ်လပ် နေထိုင်ချင်ကြပုံနဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Photo via IMDb

နိုဝင်ဘာလ(၁၈)ရက်နေ့မှာ စတင်ထုတ်လွှင့်ထားတာ ဖြစ်ပြီး တစ်ပတ်ကို နှစ်ပိုင်းနှုန်း၊ သုံးပိုင်းနှုန်းနဲ့ ပြသနေတာ ဖြစ်ပါတယ်။ စုစုပေါင်း အပိုင်း(၁၀)ပိုင်း ပါဝင်မှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ(၉)ရက်နေ့မှာ ဇာတ်သိမ်းပိုင်း ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Pauline Chalamet ၊ Renee Rapp ၊ Amrit Kaur ၊ Alyah Chanelle နဲ့ Gavin Leatherwood တို့က အဓိကပါဝင်ထားပါတယ်။ Rating တွေကတော့ IMDb (7.1) နဲ့ Rotten Tomatoes (95%) ရရှိထားပါတယ်။

ဒါကတော့ ခုလက်ရှိ Ongoing ထုတ်လွှင့်နေဆဲ ဖြစ်တဲ့ ဇာတ်လမ်းတွဲအသစ်တွေထဲက ကောင်းနိုးရာရာလေးတွေကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြည့်ရှုနေတဲ့ အခြားဇာတ်လမ်းတွဲကောင်းတွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular