HomeEntertainmentFilmPeacemaker ရဲ့ ဇာတ်သိမ်းပိုင်းမှာ ဘယ်လို ဇာတ်လမ်း အလှည့်အပြောင်းမျိူး တွေ့ရနိုင်မလဲ

Peacemaker ရဲ့ ဇာတ်သိမ်းပိုင်းမှာ ဘယ်လို ဇာတ်လမ်း အလှည့်အပြောင်းမျိူး တွေ့ရနိုင်မလဲ

ယခုဆိုရင်တော့ Peacemaker ဇာတ်လမ်းတွဲဟာ အပိုင်းခြောက်ပိုင်း ထွက်ရှိထားပြီး အပိုင်း(၈)မှာ ဇာတ်သိမ်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒါရိုက်တာ James Gunn ကလည်း ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံးပိုင်းကို ရုပ်ရှင်ဝေဖန်ရေးတွေဆီ မပို့စေဖို့ HBO Max ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒီအချက်ကြောင့်ပဲ နောက်ပိုင်းမှာတော့ ပရိသတ်တွေအားလုံးကို အံ့ဩသွားစေနိုင်တဲ့ ဇာတ်လမ်းအလှည့်အပြောင်းတစ်ခု ပါဝင်နေမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Peacemaker ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအပိုင်းမှာ ဘယ်လိုဇာတ်လမ်း အလှည့်အပြောင်းတွေကို မြင်တွေ့ရနိုင်မလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

(1) နာမည်ကြီး ဇာတ်ကောင်တွေရဲ့ Cameo ပါဝင်လာနိုင်ပါတယ်။
photo via screenrant

ဖြစ်နိုင်ချေတစ်ခုကတော့ ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအပိုင်းဟာ DCEU ရဲ့ အနာဂတ်အတွက် Setup ပြုလုပ်သွားမှာ ဖြစ်နိုင်ပါတယ်။ အလားတူပဲ The Suicide Squad ရုပ်ရှင်ထဲမှာလည်း Peacemaker ဇာတ်လမ်းတွဲအတွက် Setup ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း DCEU ထဲမှာ ရှိပြီးသားဖြစ်တဲ့ နာမည်ကြီးဇာတ်ကောင်တွေကို Cameo တွေအဖြစ် မြင်တွေ့ရနိုင်သလို Black Adam လိုမျိူး ဇာတ်ကောင်အသစ်တွေကိုလည်း မြင်တွေ့ရနိုင်ပါတယ်။

အပိုင်း(၅)ထဲမှာဆိုရင်လည်း Metahuman တစ်ယောက်ဖြစ်တဲ့ Redemption ကို Easter Egg အဖြစ် မြင်တွေ့ခဲ့ရပြီး  Live Action ထဲကို ရောက်မလာသေးတဲ့ ဇာတ်ကောင်များစွာကိုလည်း ဇာတ်လမ်းတလျှောက်မှာ Mention ပြုလုပ်သွားတာ တွေ့ရပါတယ်။ James Gunn ကတော့ လူသိနည်းတဲ့ ဇာတ်ကောင်တွေကို အသုံးပြုလေ့ရှိတာကြောင့် ဇာတ်လမ်းထဲမှာ Mention ပြုလုပ်သွားတဲ့ ဇာတ်ကောင်တွေကိုလည်း မြင်တွေ့ရနိုင်ပါသေးတယ်။

(2) Emilia Harcourt လည်း သေဆုံးသွားနိုင်ပါတယ်။
photo via screenrant

ရုပ်ရှင်ရိုက်ကူးမှုရဲ့ သဘောသဘာဝအဖြစ် ဇာတ်လမ်းတစ်ခုရဲ့ အဆုံးသတ်မှာတော့ ဇာတ်ကောင်တစ်ယောက်ရဲ့ သေဆုံးမှု ပါဝင်လေ့ရှိပြီး ဒီအချက်ကို အသုံးပြုကာ ဇာတ်သိမ်းတွေကို ပိုပြီးဆွဲဆောင်မှုရှိအောင် ပြုလုပ်လေ့ ရှိပါတယ်။ ဒါ့အပြင် James Gunn ဟာ ဇာတ်ကောင်တွေကို သတ်ပစ်ဖို့ ဝန်မလေးဘူးဆိုတာကို The Suicide Squad ထဲမှာ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဇာတ်သိမ်းမှာတော့ Task Force X ထဲက တစ်ယောက်ယောက် သေဆုံးရမယ်ဆိုတာ သေချာသလောက်ကို ဖြစ်နေပါတယ်။

အကယ်၍သာ တစ်ယောက်ယောက် သေဆုံးမယ်ဆိုရင် အဲ့ဒီလူဟာ Emilia Harcourt ဖြစ်နေနိုင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ သူမဟာ အသင်းဖော်တွေနဲ့ ရောရောနှောနှော မနေဘဲ အမြဲတမ်း တစ်ယောက်တည်း နေတတ်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအလုပ်ကို လုပ်နေရင်း တစ်ယောက်ယောက်ကို သံယောဇဉ် တွယ်မိသွားတာဟာ အန္တရာယ်များတယ်လို့ သူမက Adebayo ကို ပြောပြခဲ့ဖူးပါသေးတယ်။

ဒါပေမယ့်လည်း အပိုင်း(၅)က စတင်ပြီး သူမဟာ အသင်းဖော်တွေနဲ့ သံယောဇဉ် တွယ်မိသွားတယ်ဆိုတာ ပြသထားပြီး အုပ်စုလိုက် ဓာတ်ပုံထဲမှာလည်း သူမ တစ်ယောက်တည်း မပါဝင်တာ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ Emilia Harcourt ဟာ သေဆုံးသွားနိုင်ချေရှိသူတစ်ယောက် ဖြစ်နေပါတယ်။

(3) Amanda Waller ဟာ အဓိကဗီလိန် ဖြစ်နေနိုင်ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Amanda Waller ကို မြင်တွေ့ရမယ်လို့ မထင်ထားပေမယ့်လည်း သူမဟာ Adebayo နဲ့ ဗွီဒီယိုကောလ် ပြောနေတဲ့ ဇာတ်ဝင်ခန်းမှာ ခဏတာ ပါဝင်ခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ သူမဟာ အရာရာအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတတ်ပြီး ဖြစ်ပျက်သမျှ အရာအားလုံးကို ကြိုးကိုင်ထားတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အပိုင်း(၆)ထဲက အဖြစ်အပျက်တွေအရ Amanda Waller ဟာ ဒီဇာတ်လမ်းတွဲရဲ့ အဓိကဗီလိန်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။

(4) DCEU ရဲ့ Multiverse ကိုလည်း အတည်ပြုသွားနိုင်ပါတယ်။
photo via screenrant

၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့မှာ ထွက်ရှိလာမယ့် The Flash ရုပ်ရှင်ကတော့ DCEU ရဲ့ Multiverse ကို ပြသသွားမှာ ဖြစ်ပြီး Michael Keaton ရဲ့ Batman နဲ့ Ben Affleck ရဲ့ Batman ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Peacemaker ဇာတ်လမ်းတွဲကတော့ The Flash ရုပ်ရှင်အတွက် Setup ပြုလုပ်ပေးသွားနိုင်ပြီး ဇာတ်လမ်းတလျှောက်မှာ မြင်တွေ့ခဲ့ရတဲ့ တချို့အချက်တွေကြောင့် ဒီဇာတ်လမ်းတွဲဟာ DCEU ရဲ့ တခြား Timeline မှာ တည်ရှိနေတယ်လို့ ယူဆနေကြပါတယ်။

ဥပမာပြောရရင် Zack Snyder ရဲ့ Batman ဟာ No Killing Rule ကို မလိုက်နာပေမယ့်လည်း Peacemaker ဟာ အဲ့ဒီစည်းကမ်းအကြောင်းကို ပြောပြသွားသလိုမျိူး အချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ နောက်ဆုံးအပိုင်းမှာတော့ Peacemaker ဇာတ်လမ်းတွဲဟာ တခြား Timeline တစ်ခုမှာ ဖြစ်ပျက်နေတယ်ဆိုတာ အတည်ပြုသွားနိုင်ပြီး DCEU ရဲ့ Multiverse ကို ပြသသွားနိုင်ပါတယ်။

ဒါကတော့ Peacemaker ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအပိုင်းမှာ James Gunn က ဘယ်လိုအံ့ဩစရာတွေ ထည့်သွင်းထားမလည်းဆိုတာကို ခန့်မှန်းထားတာတွေပဲ ဖြစ်ပြီး ဘယ်အချက်တွေက အမှန်ဖြစ်လာမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular