HomeEntertainmentFilmမထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေကို မြင်တွေ့ရမယ့် ရုပ်ရှင်ကားကောင်းများ

မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေကို မြင်တွေ့ရမယ့် ရုပ်ရှင်ကားကောင်းများ

ကျွန်တော်တို့ဟာ စိတ်အပန်းပြေဖို့အတွက် အားလပ်ချိန်မှာ ရုပ်ရှင်တွေ ကြည့်ရှုလေ့ရှိပြီး တစ်ယောက်နဲ့ တစ်ယောက်ကတော့ အကြိုက်ချင်း မတူကြပါဘူး။ တချို့တွေက ပေါ့ပေါ့ပါးပါးနဲ့ ဟာသကားလေးတွေ ကြည့်ရတာ ကြိုက်ကြသလို တချို့ကတော့ အလွန်ကြမ်းတမ်းတဲ့ လူသတ်ကားတွေ၊ horror ကားတွေ ကြိုက်ကြသူတွေလည်း ရှိပါတယ်။ ဘယ်လိုရုပ်ရှင်ပဲဖြစ်ဖြစ် ရုပ်ရှင်တိုင်းမှာတော့ ကြည့်ရှုသူတွေကို အံ့ဩသွားစေတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေ ပါဝင်တတ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေ ပါဝင်နေတဲ့ ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Prisoners

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.1) ရရှိထားပါတယ်။ တစ်ရက်မှာတော့ Keller Dover ရဲ့ သမီးလေးဟာ သူမရဲ့သူငယ်ချင်းတွေနဲ့အတူ ပျောက်ဆုံးသွားပါတယ်။ အချိန်တွေတဖြည်းဖြည်း ကုန်ဆုံးသွားပေမယ့် ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရှာဖွေမှုတွေဟာလည်း ဘာမှထူးမလာခဲ့ပါဘူး။ ဒါကြောင့်ပဲ Keller ဟာ ပျောက်ဆုံးနေတဲ့ သမီးလေးကို သူကိုယ်တိုင်ပဲ ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Hugh Jackman ၊ Jake Gyllenhaal နဲ့ Paul Dano တို့ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(6) Gone Girl

photo via screenrant

ဒီကားကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.1) ရထားခဲ့ပါတယ်။ Nick Dunne နဲ့ Amy Dunne တို့ဟာ ဇနီးမောင်နှံတွေ ဖြစ်ကြပြီး သူတို့ရဲ့အိမ်ထောင်ရေးအကြောင်းကို ပုံမှန်မဟုတ်တဲ့ပုံစံမျိုးနဲ့ ရိုက်ပြထားပါတယ်။ ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ရဲ့ ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဇနီးဖြစ်သူ Amy ဟာ ရုတ်တရက်ကြီး ပျောက်ဆုံးသွားပါတယ်။

အဲဒီလိုပျောက်သွားတာဟာလည်း သူ့ဘဝရဲ့ အကြီးမားဆုံး ပြောင်းလဲမှုတစ်ခုဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ Nick ဟာ ဘယ်လိုဒုက္ခတွေကို ကြုံတွေ့ရမလည်းဆိုတာ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Ben Affleck ၊ Rosamund Pike နဲ့ Tyler Perry တို့ ပါဝင်ထားပြီး ‌အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

(5) The Sixth Sense

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Malcolm Crowe ဆိုတဲ့ ကလေးစိတ်ရောဂါ အထူးကုတစ်ယောက်ဟာ ကောင်လေးတစ်ယောက်ကို ဆေးကုသပေးရာက စတင်ပါတယ်။ အဲဒီကောင်လေးဟာ ဝိဉာဉ်တွေနဲ့ ဆက်သွယ်နိုင်သူလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Bruce Willis ၊ Toni Collette နဲ့ Haley Joel Osment တို့ အဓိက ပါဝင်ထားပြီး အော်စကာ (၆)ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(4) Taxi Driver

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၇၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စစ်သားဟောင်း တစ်ယောက်ဟာ နယူးယော့ခ်မြို့ထဲ တက္ကစီမောင်းရင်း အသက်မွေးနေပါတယ်။ တစ်ရက်မှာတော့ သူဟာ အသက်မပြည့်သေးတဲ့ ပြည့်တန်ဆာတစ်ယောက်ကို သူမရဲ့ပြည့်တန်ဆာခေါင်း လက်ထဲက ကယ်တင်ဖို့ ကြိုးစားတဲ့ အချိန်မှာတော့…။ သရုပ်ဆောင်တွေကတော့ Robert De Niro ၊ Martin Scorsese နဲ့ Jodie Foster တို့ ပါဝင်ထားပြီး အော်စကာလေးဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(3) Memento

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတစ်ယောက်ဟာ မကြာခဏ မေ့တတ်တဲ့ အတိတ်မေ့ရောဂါကို ခံစားနေရပြီး သူနောက်ဆုံး မှတ်မိတဲ့အရာကတော့ သူ့ရဲ့ဇနီးအသတ်ခံလိုက်ရတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ သူ့ဇနီးကို သတ်သွားတဲ့သူတွေကို ရှာဖွေပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Guy Pearce ၊ Carrie-Annie Moss နဲ့ Joe Pantoliano တို့ ပါဝင်ထားပြီး အော်စကာ နှစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(2) Se7en

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (8.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အပြစ်(၇)ပါးကို ကျူးလွန်ထားသူတွေကို လိုက်လံသတ်ဖြတ်နေတဲ့ ကွင်းဆက်လူသတ်သမားအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြို့ထဲကို အသစ်ပြောင်းလာတဲ့ စုံထောက်နဲ့ အနားယူတော့မယ့် စုံထောက်ကြီးတို့ ပူးပေါင်းပြီး အဲဒီအမှုတွေကို လိုက်လံစုံစမ်းတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Brad Pitt ၊ Morgan Freeman နဲ့ Gwyneth Paltrow တို့က အဓိကပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

(1) Fight Club

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.8) ရရှိထားပါတယ်။ လက်ရှိနေထိုင်မှုပုံစံကြီးကို သဘောမကျတော့တဲ့ လူတစ်ယောက်ဟာ Tyler ဆိုသူနဲ့ ပူးပေါင်းပြီးတော့ တရားမဝင် ထိုးသတ်ပွဲတွေကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူတို့ရဲ့အစီအစဉ်ကြီးဟာ တဖြည်းဖြည်းနဲ့ မကောင်းတာတွေ ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Brad Pitt ၊ Edward Norton ၊ Jared Leto နဲ့ Helena Bonham Carter တို့ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular