HomeCelebs Update NewsInternationalBatwoman ဝတ်စုံကြောင့် ရှိုးက ထွက်သွားရတာပါလို့ ပြောလာတဲ့ Ruby Rose 

Batwoman ဝတ်စုံကြောင့် ရှိုးက ထွက်သွားရတာပါလို့ ပြောလာတဲ့ Ruby Rose 

Ruby Rose ဟာ Batwoman ဇာတ်လမ်းတွဲရဲ့ season 1 အပြီး ၂၀၂၀ခုနှစ်မှာပဲ ရှိုးကနေ ထွက်ခွာပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။ Kate Kane ဇာတ်ကောင်ကို ရုတ်တရက် စွန့်လွှတ်လိုက်ရတဲ့ တကယ့်အကြောင်းကိုတော့ ဇူလိုင်လ(၁၃)ရက်နေ့က The Kyle and Jackie O Show နဲ့ အင်တာဗျူးလုပ်ချိန်မှာ ပြောပြသွားတာ ဖြစ်ပါတယ်။

အသက်(၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဩစတျေးလျမင်းသမီး Ruby Rose ဟာ Batwoman ဇာတ်လမ်းက ထွက်ခွာရခြင်းမှာ Batwoman ဝတ်စုံက သားရေနဲ့ ဓာတ်မတည့်မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ သူမဟာ Batwoman ဇာတ်လမ်းတွဲမှာ သရုပ်မဆောင်ခင်တည်းက CW ရဲ့ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Supergirl ၊ The Flash ၊ DC’s Legends of Tomorrow နဲ့ Arrow ဇာတ်လမ်းတွဲတွေမှာ Kate Kane နေရာက သရုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

Photo via IMDb

သူမရဲ့ တစ်ကိုယ်တော် ဇာတ်လမ်းတွဲလို့ ပြောရမယ့် Batwoman ဇာတ်လမ်းတွဲကျတော့မှသာ Batwoman ဝတ်စုံနဲ့ ဓာတ်မတည့်မှုကြောင့် ရှိုးကနေ ထွက်ခွာခဲ့ရတာပါလို့ သူမကတော့ ဆိုပါတယ်။

“စူပါဟီးရိုးဇာတ်ရုပ်ဖြစ်ဖြစ်၊ ဗီလိန်ဇာတ်ရုပ်ဖြစ်ဖြစ်၊ ဒါမှမဟုတ် အဲ့လို မိတ်ကပ်တွေ၊ ဝတ်စုံတွေနဲ့ သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ဖူးသူတိုင်းကို မေးကြည့်လိုက်ပါ။ ပျော်စရာ လုံးဝမကောင်းပါဘူး … ” လို့ Ruby က ဆိုပါတယ်။

Photo via IMDb

Batwoman ဇာတ်လမ်းတွဲထဲက ဝတ်စုံမှာ သုံးစွဲထားတဲ့ သားရေအမျိုးအစားကြောင့် ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်ပြီး အဲဒီဝတ်စုံကို ဝတ်ဆင်ကာ သရုပ်ဆောင်ရတိုင်းမှာ မသက်မသာ ခံစားရတယ်လို့ ဆိုပါတယ်။

“အဲဒီသားရေတွေနဲ့ ဓာတ်မတည့်ကြောင်း ကိုယ့်ကိုယ်ကို သိလိုက်ရတယ်ပေါ့နော်။ ဖြစ်ချင်တော့ Batwoman ရဲ့ မျက်နှာဖုံးကလည်း သားရေနဲ့ လုပ်ထားတာ ဖြစ်နေရော။ အဲဒီမှာ ကျွန်မ ပိုပိုဆိုးလာတာတော့တာပဲ။ အဲဒါနဲ့ ထိတွေ့လေ ဓာတ်မတည့်မှုက ဖြစ်လေပဲ။ နောက်ဆုံးမှာ ကျွန်မ မျက်နှာဖုံးကို ဆွဲချွတ်လိုက်တော့ မျက်နှာတစ်ခုလုံး အင်ပြင်လို အဖုအထစ်တွေ ထွက်ကုန်တာ။ လည်ချောင်းတွေလည်း နာတာပေါ့ … ” လို့ ဝတ်စုံနဲ့ သူမနဲ့ အဆင်မပြေကြောင်း ဆိုပါတယ်။

Photo via IMDb

Ruby ဟာ Batwoman ဝတ်စုံနဲ့ လိုက်ဖက်ပြီး တကယ့် ဟီးရိုးတစ်ယောက်အသွင် မြင်ရပေမယ့် တကယ်တမ်းမှာတော့ သူမနဲ့ အဲဒီဝတ်စုံဟာ တောက်လျှောက် အဆင်မပြေမှုတွေ ဖြစ်နေခဲ့တာလို့ သူမရဲ့အဆိုအရ သိရပါတယ်။

“ကျွန်မ မျက်နှာကြီးကလေ မသိရင် ကြောက်စရာ သရဲကားရိုက်နေသလိုပဲ … ” လို့ သူမရဲ့ ခံစားချက်ကို ပြောထားပါတယ်။ ရိုက်ကွင်းက မိတ်ကပ်အဖွဲ့သားတွေကတော့ သူမရဲ့ ဓာတ်မတည့်မှုနဲ့ ပတ်သက်ပြီး Benadryl လိမ်းဆေးရည်တွေ အများကြီး ပေးကြတယ်လို့လည်း ဆိုပါတယ်။

Photo via IMDb

သားရေနဲ့ ဓာတ်မတည့်မှုကြောင့် Ruby တစ်ယောက် ရှိုးက ထွက်ခွာအပြီးမှာတော့ Kate Kane ဇာတ်ကောင်နေရာမှာ အသက်(၂၆)နှစ်အရွယ် အင်္ဂလန်မင်းသမီး Wallis Day ကို အစားထိုး သရုပ်ဆောင်ဖို့ ရွေးချယ်ခဲ့ကြပါသေးတယ်။

အဲဒီနောက်မှာတော့ ဒီဇာတ်လမ်းတွဲထဲမှာပဲ Ryan Wilder အဖြစ် သရုပ်ဆောင်ထားတဲ့ Javicia Leslie ကို Kate Kane နေရာမှာ အစားထိုး သရုပ်ဆောင်စေခဲ့ပါတယ်။ ဒါကြောင့် Javicia Leslie ဟာ Batwoman နေရာမှာ သရုပ်ဆောင်ဖူးတဲ့ ပထမဆုံး လူမည်းသရုပ်ဆောင် ဖြစ်လာပါတော့တယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular