HomeEntertainmentFilmThe Witcher Season 2 ဇာတ်သိမ်းရဲ့ ဆိုလိုချင်တဲ့ အဓိပ္ပာယ်များ 

The Witcher Season 2 ဇာတ်သိမ်းရဲ့ ဆိုလိုချင်တဲ့ အဓိပ္ပာယ်များ 

*** SPOILER ALERT ***

The Witcher ဇာတ်လမ်းတွဲရဲ့ Season 2 ကတော့ Ciri ရဲ့ တကယ့်စွမ်းအားနဲ့အတူ ရှေ့ဆက်ဖြစ်လာနိုင်မယ့် အလားအလာတွေကိုပါ ဖော်ပြသွားပါတယ်။ ပေါ်လစ်ရှ် စာရေးဆရာကြီး Andrzej Sapkowski ရေးသားတဲ့ စိတ်ကူးယဉ်ဝတ္ထုတွေကို အခြေခံ ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းဟာ ဒဏ္ဍာရီဇာတ်လမ်းတွေ၊ ထိတ်လန့်ကြောက်မက်ဖွယ်ရာ သတ္တဝါဆန်းတွေအကြောင်းကိုပါ ဖော်ပြထားပါတယ်။

သို့သော်လည်း Witcher ဂိမ်းတွေ၊ ဝတ္ထုတွေနဲ့ မရင်းနှီးတဲ့ သာမန် ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက်တော့ တချို့ဇာတ်လမ်း အဖြစ်အပျက်တွေဟာ မေးခွန်းပေါင်းများစွာနဲ့ ရှုပ်ထွေးစေပါတယ်။ ဒါကြောင့်ပဲ Witcher Season 2 ဇာတ်သိမ်းနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကို ရှင်းလင်း ဖော်ပြပေးလိုက်ပါတယ်။

Photo Credit: Netflix

Witcher Season 2 မှာတော့ Continent နဲ့ ပတ်သက်တဲ့ သမိုင်းတွေကို ဖော်ပြသွားပြီး ပဟေဠိဆန်တဲ့ Conjunction of the Spheres ဖြစ်ရပ်အကြောင်းကိုလည်း ဖော်ပြသွားပါတယ်။ Conjunction of the Spheres ဆိုတာကတော့ cosmic event တစ်ခုဖြစ်ပြီး ကမ္ဘာလောကတွေ တစ်ခုနဲ့တစ်ခု တိုက်မိတဲ့ဖြစ်ရပ်ကို ပြောတာ ဖြစ်ပါတယ်။

ယခင်တုန်းကတော့ Conjunction ဖြစ်ရပ်ဟာ ကမ္ဘာပေါင်းများစွာကနေ ကမ္ဘာလောကတစ်ခုကို ဖန်တီးပေးတယ်လို့ ယုံကြည်ခဲ့ကြပြီး season 2 ကို ရောက်တဲ့အခါမှာတော့ ကမ္ဘာလောကတွေဟာ ယာယီခဏတာ တစ်ခုနဲ့တစ်ခု ပွတ်တိုက်မိတဲ့အကြောင်း Geralt က သိရှိသွားပါတယ်။ သို့သော်လည်း တစ်ခေါက်ဖြစ်ဖူးတာနဲ့ နောက်ထပ် ထပ်ဖြစ်ဖို့ အလားအလာ ရှိတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit: Netflix

ဒါ့အပြင် လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ Monolith တွေဟာလည်း Continent တစ်ခုလုံးမှာ ပြန့်ကျဲတည်ရှိနေပြီး သူတို့ကို အသုံးပြုကာ Spheres တွေကြားမှာ ဖြတ်သန်း သွားလာနိုင်တဲ့ ပေါ်တယ်လ်အပေါက် ဖွင့်နိုင်ပါတယ်။ ဒီလို ပေါ်တယ်လ် ပွင့်သွားခြင်းအားဖြင့် တခြားဒိုင်မေးရှင်းတွေက မိစ္ဆာ၊ သတ္တဝါဆန်းတွေကို Continent ဆီ ဆွဲခေါ်လိုက်သလို ဖြစ်နိုင်သလို Continent ကနေ တခြားဒိုင်မေးရှင်းတွေဆီ သွားနိုင်ဖို့ အလားအလာလည်း ရှိနေပါတယ်။

Season 2 ထဲက ထူးခြားချက်ကတော့ Sapkowski ရဲ့ ဝတ္ထုရှည်နဲ့ ဝတ္ထုတိုတွေထဲက ဇာတ်လမ်း၊ အဖြစ်အပျက်တွေကနေ သွေဖီပြီး supernatural entity အသစ်တွေကို ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။ သို့သော်လည်း စာအုပ်ထဲကနဲ့ တူညီတဲ့အချက်ကတော့ Ciri ဟာ ဒီဇာတ်လမ်းရဲ့ အဓိကအသက် ဖြစ်နေသေးတာပါပဲ။ Ciri ဟာ Spheres တွေကြားမှာ ဖြတ်သန်းသွားလာနိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်ထားသလို ကမ္ဘာကြီးကို ပြောင်းလဲနိုင်မယ့် စွမ်းအားကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

Season 2 က ဖော်ပြသွားတဲ့ Ciri ရဲ့ တကယ့်ပင်ကိုသဘာဝ
Photo Credit: Netflix

Ciri ဟာ Cintra တိုင်းပြည်ရဲ့ မင်းသမီးလေး ဖြစ်ပါတယ်။ သို့သော်လည်း season 2 မှာ ဖော်ပြသွားချက်အရ သူမရဲ့မိသားစုမှာ လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ Cintra ရဲ့ တော်ဝင်မိသားစု မျိုးဆက်ထဲမှာ စွမ်းအားအကြီးမားဆုံး Elven သွေးက ရောနှောစီးဆင်းနေတာပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ Ciri ဟာ ဒဏ္ဍာရီထဲက Hen Ikeir လို့ခေါ်တဲ့ Elder Blood ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

သူမဟာ ရှေးရှေးတုန်းက Elven မှော်ဆရာမ ဖြစ်ခဲ့တဲ့ Lara Dorren ရဲ့ မျိုးဆက်ဖြစ်ပြီး Lara Dorren ပိုင်ဆိုင်ခဲ့တဲ့ မှော်အစွမ်းအားလုံးကို သူမရဲ့သွေးထဲမှာ အမွေဆက်ခံ ရရှိထားသူလည်း ဖြစ်ပါတယ်။ ဒါတင်မက Ciri ဟာ ရှေးပဝေသဏီတည်းက ရှိခဲ့တဲ့ ရှေ့ဖြစ်ဟောကိန်းထဲက ကလေးလည်း ဖြစ်ပါတယ်။

Photo Credit: Netflix

အဲဒါကတော့ Lara Dorren ရဲ့ မျိုးဆက်ကနေ ဆင်းသက်လာတဲ့ ကလေးတစ်ယောက်ဟာ ကမ္ဘာကြီးရဲ့ အဆုံးသတ်ခါနီး အချိန်မှာ ပေါ်ပေါက်လာမှာ ဖြစ်ပြီး Continent တစ်ခုလုံးဟာ နှစ်ပေါင်းထောင်နဲ့ချီ အေးခဲနေမယ့် ရေခဲခေတ်အောက် ကျရောက်သွားမယ်လို့ ဟောကိန်းထုတ်ထားတာလည်း ဖြစ်ပါတယ်။ ဟောကိန်းကတော့ …

“နှင်းမုန်တိုင်းကြီး ချဉ်းကပ်လာလိမ့်မယ်။ ဓားတွေ၊ ပုဆိန်တွေရဲ့ အချိန်ပဲ။ အဖြူရောင် ရေခဲခေတ်ကြီးနဲ့ အဖြူရောင် အလင်းတန်းတွေရဲ့ အချိန်ပဲ။ ရူးသွပ်မှုနဲ့၊ အထင်မြင်သေးမှုတွေရဲ့ အချိန်ပဲ။ နောက်ဆုံးခေတ်ကို ရောက်ပြီ။ ကမ္ဘာကြီးဟာ ရေခဲတွေကြားထဲမှာ ပျက်စီးသွားပြီး နေမင်းအသစ်နဲ့အတူ ပြန်လည်မွေးဖွားလာမယ်။  Elder Blood ရဲ့ ပြန်လည်မွေးဖွားမှု၊ Hen Ichaer ရဲ့ ပြန်လည်မွေးဖွားမှု၊ ပျိုးထောင်ခဲ့တဲ့ မျိုးစေ့ရဲ့ ပြန်လည်မွေးဖွားမှုပဲ။ အပင်ပေါက်လာမှာ မဟုတ်တဲ့ မီးလျှံတွေ ဖြာထွက်လာမယ့် မျိုးစေ့ပဲ … “

ဒီဟောကိန်းကိုတော့ နက္ခတ္တဗေဒပညာရှင်လည်းဖြစ်၊ ရှေ့ဖြစ်ဟောသူလည်း ဖြစ်တဲ့ Ithlinne က ရှေးတုန်းတည်းက ဟောထားခဲ့တာ ဖြစ်ပါတယ်။ သူမကတော့ စွမ်းအားကြီးမားတဲ့ Elf တစ်ယောက်လည်း ဖြစ်ကာ သူမ ဟောထားခဲ့တဲ့ ဟောကိန်းတွေဟာလည်း တစ်ခုပြီးတစ်ခု မှန်ကန်ခဲ့တာ ဖြစ်ပါတယ်။

Nilfgaard ရဲ့ အုပ်စိုးသူဖြစ်နေတဲ့ Ciri ရဲ့ ဖခင်
Photo Credit: Netflix

Ciri ကတော့ သူမရဲ့မိဘတွေဟာ သင်္ဘောတိမ်းမှောက်ပြီး ဆုံးပါးသွားကြတယ်လို့ ယုံကြည်ထားပေမယ့် ဇာတ်သိမ်းပိုင်းမှာ ပြသသွားချက်အရ သူမရဲ့ဖခင်ဖြစ်သူဟာ အသက်ရှင်လျက် ရှိနေပါသေးတယ်။ တကယ်တော့ သူမရဲ့ဖခင်ဟာ Nilfgaard ရဲ့ အုပ်စိုးသူ ဖြစ်နေပြီး ကမောက်ကမ ဖြစ်ရပ်တွေအားလုံးကို ဖြစ်စေခဲ့တဲ့ မြောက်ပိုင်းကို ကျူးကျော်မှုကို စီမံခဲ့တဲ့သူလည်း ဖြစ်နေပါတယ်။

စာအုပ်ထဲမှာတော့ Emhyr var Emreis ဟာ Nilfgaard ရဲ့ ရှင်ဘုရင်ဖြစ်သူ Fergus ရဲ့ သားတော် ဖြစ်ပြီး ထီးနန်းအတွက် တရားဝင်အမွေခံလည်း ဖြစ်ပါတယ်။ သို့သော်လည်း သူ့ဖခင်ရဲ့ ထီးနန်းကို Usurper က လုယူသွားချိန်မှာတော့ Emhyr ဟာ Nilfgaard ကနေ ထွက်ပြေးတိမ်းရှောင်လာရပါတော့တယ်။

Photo Credit: Netflix

အဲဒီနောက် အကြောင်းတစ်ခုကြောင့် ကျိန်စာသင့်သွားပြီး တိရစ္ဆာန်တစ်ပိုင်းပုံစံ ပြောင်းလဲသွားပါတယ်။ ဒီလိုနဲ့ Emhyr ဟာ Duny ဆိုတဲ့ အမည်တစ်ခုနဲ့ နေထိုင်ခဲ့ပါတယ်။ အဲဒီအမည်နဲ့ပဲ Cintra ရဲ့ မင်းသမီးဖြစ်တဲ့ Pavetta ကို ဆွဲဆောင်ဖြားယောင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် အကြောင်းပါပြီးနောက်မှာတော့ Duny ဟာ ဇနီးနဲ့ သမီးဖြစ်သူကို ခေါ်ပြီး သူ့ရဲ့တိုင်းပြည်ဖြစ်တဲ့ Nilfgaard ကို ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သို့သော်လည်း Pavetta ဟာ ဒီဆုံးဖြတ်ချက်ကို သဘောမတူဘဲ Ciri ကို အဝေးမှာထားဖို့ ကြံစည်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရေလမ်းခရီးသွားလာရင်း လင်မယားနှစ်ယောက် အချင်းများကြရာက Pavetta ဟာ သင်္ဘောပေါ်က တွန်းချခံရပြီး ရေနစ်သေဆုံးသွားပါတယ်။ ဒီမှာတင် Duny ဟာလည်း သူပါ သေဆုံးသွားသယောင် ပြုလုပ်ခဲ့ပြီး Nilfgaard ကို တစ်ယောက်တည်း ပြန်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Nilfgaard ရဲ့ ထီးနန်းကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပြီး Cintra ကို ပြန်လာကာ သမီးဖြစ်သူကို ပြန်လာခေါ်ဖို့ ကြံစည်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Netflix

Netflix က ရိုက်ကူးထုတ်လုပ်နေတဲ့ Witcher ဇာတ်လမ်းတွဲကတော့ Sapkowski ရဲ့ ဝတ္ထုတွေအပေါ်မှာ တော်တော်များများ အခြေခံထားတာကြောင့် လာမယ့်ဇာတ်လမ်းဟာလည်း စာအုပ်ထဲကအတိုင်း အကြမ်းဖျင်းတော့ တူညီနိုင်ပါလိမ့်မယ်။

Cintra တိုင်းပြည်ကို ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ Nilfgaard ရဲ့ တစ်ခုတည်းသော အကြံအစည်ဟာ သမီးဖြစ်သူ Cirilla ကို ပြန်လည်သိမ်းပိုက်ဖို့ပဲ ဖြစ်ပါတယ်။ သို့သော်လည်း Ciri ဟာ သူတို့ရဲ့ သိမ်းပိုက်မှုကနေ လွတ်မြောက်သွားတာကြောင့် Emhyr ရဲ့ အစီအစဉ်တွေအားလုံးဟာ သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။ အခု season 2 မှာ ကြည့်ခဲ့ရသလောက်ဆိုရင်တော့ Emhyr ဟာ သူ့ရဲ့ ကြီးမားတဲ့ အင်အားတွေနဲ့ သမီးဖြစ်သူကို မရအရ ပြန်လည်ခေါ်ဆောင်ပြီး လက်နက်တစ်ခုအဖြစ် ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။

Deathless Mother ရဲ့ တကယ့်ရည်မှန်းချက်
Photo Credit: Netflix

Ciri နဲ့ ပတ်သက်ပြီး လူတိုင်းမှာ အကြံအစည်တစ်ခုစီ ရှိနေကြပါတယ်။ သို့သော်လည်း သူတို့အားလုံးကတော့ လူစင်စစ်တွေ မဟုတ်ကြပါဘူး။ ဒီထဲမှာ ရှေးတည်းက ရှိနေခဲ့တဲ့ being တစ်ခုဖြစ်တဲ့ Deathless Mother တဖြစ်လည်း Voleth Meir လည်း ပါဝင်ပါတယ်။

Deathless Mother ကတော့ Ciri တစ်ယောက် Nilgaard တွေရဲ့ ဖမ်းဆီးမှုကနေ ထွက်ပြေးတဲ့ညမှာ သူမ ထုတ်လွှတ်လိုက်မိတဲ့ ကြီးမားတဲ့ စွမ်းအားကြောင့် နိုးထလာတာ ဖြစ်ပါတယ်။ Deathless Mother ဟာ နာကျင်မှုနဲ့ ဝေဒနာတွေကို စားသုံးသူ ဖြစ်တာကြောင့် လူသားတွေနဲ့ Elf တွေကြားမှာ ပဋိပက္ခတွေ ပိုမိုကြီးထွားလာစေဖို့ ပြဿနာမီးတောက် ဖန်တီးပေးလိုက်သူလည်း ဖြစ်ပါတယ်။ အဲဒီက ဖြစ်ပေါ်လာတဲ့ နာကျင်မှုနဲ့ ဝေဒနာတွေဟာ လွန်ခဲ့တဲ့ ရာစုနှစ်များစွာက သူမကို ချုပ်နှောင်ထားခဲ့တဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်နိုင်လောက်တဲ့အထိ လုံလောက်တဲ့ စွမ်းအင်တွေကို ပေးစွမ်းခဲ့ပါတယ်။

Photo Credit: Netflix

Season 2 ထဲမှာတော့ Voleth Meir ရဲ့ တကယ့် ရည်မှန်းချက်ကို ဖော်ပြသွားပါတယ်။ အဲဒါကတော့ Ciri ဟာ ကမ္ဘာလောကတစ်ခုနဲ့ တစ်ခုကြား တံခါးတွေ ဖွင့်ပေးနိုင်တာကို သူမ အာရုံခံမိသွားတဲ့အချိန်မှာတော့ သူ့ရဲ့ ဌာနေအိမ်ကို ပြန်နိုင်ဖို့အတွက် Ciri ကို လိုအပ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း သူ့ရဲ့ ဆိုးယုတ်တဲ့ သဘာဝကြောင့် Ciri ကို တံခါးဖွင့်ခိုင်းဖို့ဟာ သွေးမြေကျမှုများစွာနဲ့မှသာ ဖြစ်နိုင်မယ်လို့ Deathless Mother က တွေးထင်ခဲ့တာပဲ ဖြစ်ပါတယ်။

သို့သော်လည်း Deathless Mother ဟာ Sapkowski ရဲ့ ဝတ္ထုထဲက ကာရိုက်တာတော့ မဟုတ်ပါဘူး။ တကယ်တော့ သူဟာ Netflix ရဲ့ live action အတွက် သီးသန့် ဖန်တီးထားတဲ့ ဇာတ်ကောင်အသစ် ဖြစ်ပါတယ်။ သို့သော်လည်း သူ့ရဲ့ ဇာတ်ကောင်စရိုက်ဟာ Slavic ရိုးရာပုံပြင်တွေထဲက Baba Yaga ရဲ့ လွှမ်းမိုးမှုတွေတော့ အတော်လေး ပါဝင်နေပါတယ်။

Photo via Redanian Intelligence

Baba Yaga ဟာလည်း Voleth Meir လိုပဲ တဲအိမ်တစ်လုံးထဲမှာ နေထိုင်သူ ဖြစ်ပါတယ်။ Baba Yaga ကတော့ မျက်နှာပေါင်းများစွာ၊ ပုံစံပေါင်းများစွာကို အသွင်ယူပြီး နေထိုင်နိုင်ကာ Voleth Meir ကတော့ Witcher တို့ Sphere ထဲမှာ ရုပ်ပိုင်းဆိုင်ရာ အသွင်ယူပြီး မနေနိုင်ဘဲ host တစ်ခု လိုအပ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ host အဖြစ် Ciri ကို ရွေးချယ်ခဲ့တာ ဖြစ်ပြီး သူမရဲ့ အစွမ်းတွေကို အသုံးပြုကာ အိမ်ပြန်ဖို့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Voleth Meir ဟာ သူလိုအပ်တဲ့ နာကျင်မှုစွမ်းအင်အတွက် ကလေးပေါင်းများစွာကို အသက်ဆုံးရှုံးအောင် ပြုလုပ်ခိုင်းစေခဲ့သလို Baba Yaga ဟာလည်း ဒဏ္ဍာရီပုံပြင်များစွာထဲမှာ ကလေးငယ်လေးတွေကို အစာအဖြစ် စားသုံးတယ်လို့ ဖော်ပြထားသူ ဖြစ်ပါတယ်။

Yennefer ဟာ သူမရဲ့မှော်ပညာကို ဘယ်လိုပြန်ရရှိသွားတာလဲ?
Photo Credit: Netflix

Deathless Mother ရွေးချယ်ခဲ့တဲ့ နယ်ရုပ်တွေထဲမှာ Yennefer လည်း ပါဝင်ပါတယ်။ Yennefer ကတော့ Season 1 ရဲ့ အဆုံးသတ်မှာ သူမမှာရှိသမျှ chaos တွေအားလုံးကို ထုတ်သုံးပစ်ခဲ့ပြီး fire magic ကို အသုံးပြုခဲ့ပါတယ်။ fire magic ရဲ့ သဘောတရားအရ တစ်ခုယူရင် တစ်ခုပြန်ပေးရတာကြောင့် Yennefer ကတော့ သူမရဲ့အစွမ်းတွေကို ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒါကြောင့်လည်း သူမဟာ သူမရဲ့ မှော်ပညာကို ပြန်လည်ရရှိဖို့ ရူးမတတ် ဖြစ်ခဲ့ရပါတယ်။

Yennefer ရဲ့ ဒီအားနည်းချက်ကို သိတဲ့ Deathless Mother ဟာ Yennefer ကို လှည့်ဖြားပြီး Ciri ကို ပိုင်ဆိုင်နိုင်အောင် စီမံခဲ့ပါတယ်။ သို့သော်လည်း Yennefer နဲ့ ပတ်သက်ပြီး Deathless Mother လျှော့တွက်မိတဲ့ အရာတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ဒီမှော်ဆရာမဟာ စွမ်းအားကို ဆာလောင်မွတ်သိပ်တာ မှန်ပေမယ့် သူမဆီမှာ အရာအားလုံးထက် လိုချင်တဲ့အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ကလေးလိုချင်တာ ဖြစ်ပါတယ်။

Photo Credit: Netflix

Yennefer ဟာ သူမရဲ့ ကိုယ်ကျိုးအတွက် Ciri ကို ချဉ်းကပ်ခဲ့တာ မှန်ပေမယ့် နောက်ပိုင်းမှာ ဒီကလေးမလေးကို သူမ ချစ်ခင်မိသွားပါတယ်။ ဒါကြောင့်လည်း ဇာတ်သိမ်းပိုင်းမှာတော့ သူမရဲ့ အသက်ကိုတောင် မငဲ့ကွက်တော့ဘဲ Ciri ကို ကယ်ဖို့ blood spell ကို အသုံးပြုကာ Deathless Mother ကို သူမကိုယ်ထဲ ဆင့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ Ciri သာ Deathless Mother ကို သူ့အိမ် ပြန်မပို့နိုင်ခဲ့ရင် Yennefer ဟာ အသက်သေဆုံးရမှာ ဖြစ်ပါတယ်။ ခဏလေးပဲ ကြာမြင့်တယ်ဆိုပေမယ့် အခုလို ကိုယ်ကျိုးစွန့်မှုအတွက်ကြောင့် Yennefer ဟာ သူမရဲ့ မှော်ပညာတွေကို ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။

Wild Hunt ဆိုတာ ဘာလဲ?
Photo Credit: Netflix

Ciri ဟာ သူမနဲ့အတူ Yennefer နဲ့ Geralt တို့ကို တခြား Sphere တစ်ခုစီ ပို့ဆောင်လိုက်ချိန်မှာ Voleth Meir ရဲ့ ရည်မှန်းချက်ဟာ အောင်မြင်သွားပါတယ်။ အမျိုးအမည်မသိရတဲ့ Sphere ဆီကို Ciri တို့သုံးယောက် ရောက်သွားတာနဲ့ပဲ Voleth Meir ဟာ ပျော်ရွှင်မြူးတူးစွာနဲ့ Yennefer ရဲ့ ကိုယ်ထဲက ထွက်ခွာသွားပါတယ်။ အကြောင်းကတော့ သူ့ရဲ့ ဌာနေအိမ်ကို ပြန်ရောက်သွားလို့ပါပဲ။

အဲဒီနောက်မှာတော့ Ciri တို့သုံးယောက်ဟာ သူတို့ထက် အင်အားသာလွန်မယ်လို့ ထင်ရတဲ့ Wild Hunt ကို မြင်တွေ့လိုက်ကြရပါတယ်။ Wild Hunt ဆိုတာကတော့ ဝိဉာဉ်နဲ့ သဏ္ဍာန်တူတဲ့ မြင်းစီးစစ်သည်တော်အုပ်စုကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ သူတို့ကို မြင်လိုက်ရတဲ့ တစ်ခဏမှာတင် Ciri တို့သုံးယောက်လုံးဟာ အံ့ဩမှင်သက်သွားကြပြီး ကမ္ဘာမြေဆီကို အမြန်ပြန်လာခဲ့ကြပါတယ်။

Photo Credit: Netflix

Sapkowski ရဲ့ စာအုပ်ထဲမှာတော့ Wild Hunt တွေဟာ Aen Elle လို့ခေါ်တဲ့ Elves အနွယ်ဝင်တွေ ဖြစ်ပါတယ်။ သူတို့ဟာ Sphere တွေဆီကို လှည့်လည်သွားလာပြီး ကျေးကျွန်တွေ လိုက်ရှာနေကြသူတွေ ဖြစ်ပါတယ်။ Conjunction of the Spheres ဖြစ်ရပ်ကြောင့် သူတို့ရဲ့ ရုပ်ပိုင်းသွင်ပြင်ဟာ အကြီးအကျယ် ပျက်စီး၊ ပြောင်းလဲသွားကာ ဝိဉာဉ်၊ တစ္ဆေနဲ့ဆင်တူတဲ့ အသွင်ကို ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

The Wild Hunt တွေဟာ The Witcher 3: Wild Hunt ဗွီဒီယိုဂိမ်းထဲမှာ အဓိက ပါဝင်သူတွေ ဖြစ်ပါတယ်။ စာအုပ်ထဲမှာရော၊ ဂိမ်းထဲမှာပါ သူတို့ဟာ Ciri ကို ပစ်မှတ်ထားကြပါတယ်။ အကြောင်းကတော့ သူမရဲ့ Elder Blood အကြောင်းကို အာရုံခံမိလို့ ဖြစ်ပါတယ်။ season 2 ဇာတ်သိမ်းပိုင်းမှာ ပြသသွားပုံအရ Ciri ဟာ Wild Hunt အဖွဲ့ရဲ့ အာရုံစိုက်မှုကို ခံလိုက်ရပြီဆိုတာ အသေအချာပါပဲ။

ဒါကြောင့် လာမယ့် Witcher Season 3 နောက်ပိုင်းမှာ Aen Elle တွေရဲ့ လျှို့ဝှက်ချက်ကို မြင်တွေ့ရဖို့ ဖြစ်နိုင်ပါတယ်။ ဒါတင်မက Netflix မှာ Witcher ရဲ့ prequel ဇာတ်လမ်းတွဲ ဖြစ်တဲ့ The Witcher: Blood Origin လည်း ထပ်မံထွက်ရှိလာဦးမှာ ဖြစ်တာကြောင့် Wild Hunt တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာအချို့ကိုတော့ မြင်တွေ့ရနိုင်ဖို့လည်း ရှိပါသေးတယ်။

မိသားစုအသစ် ရရှိသွားတဲ့ Ciri
Photo Credit: Netflix

Ciri ဟာ စွမ်းအားကြီးမားသူ ဖြစ်ပေမယ့်လည်း Deathless Mother က Ciri ရဲ့ မိသားစုပုံရိပ်တွေကို သူမရဲ့စိတ်မှာ ပုံရိပ်ယောင် ဖန်တီးပြလိုက်ရုံနဲ့တင် သူမကို အသာလေး ချုပ်ကိုင်လွှမ်းမိုးနိုင်သွားပါတယ်။ သို့သော်လည်း Geralt ရဲ့ အသံဟာ အဲဒီပုံရိပ်ယောင်အားလုံးကို ထိုးဖောက်ပြီး Ciri ကို လှုပ်နိုးနိုင်စွမ်း ရှိနေတာ တွေ့ရပါတယ်။

ဒါကြောင့်ပဲ Ciri ဟာ အတိတ်မှာ ရှိခဲ့ဖူးတဲ့ သူမရဲ့မိသားစုကို လွမ်းဆွတ်သတိရပြီး တန်ဖိုးထားတာ မှန်ပေမယ့် လက်ရှိအခြေအနေမှာတော့ သူမရဲ့ မိသားစုအသစ်အဖြစ် ဖခင်သဖွယ် စောင့်ရှောက်ပေးတဲ့ Geralt နဲ့ မိခင်သဖွယ် အသက်ပေးမယ့် Yennefer တို့ကို ရရှိထားပြီ ဖြစ်ပါတယ်။

Photo Credit: Netflix

Geralt ကတော့ Ciri အပေါ် ကျူးလွန်ခဲ့တဲ့ Yennefer ရဲ့ အပြစ်ကြောင့် သူမကို လုံးဝခွင့်မလွှတ်ဘူးလို့ ပြောထားပါတယ်။ ဒါကြောင့် အချစ်တစ်ခုတည်းနဲ့ Geralt နဲ့ Yennefer တို့ကို ပေါင်းစည်းပေးနိုင်မှာ မဟုတ်ပါဘူး။ အလားတူပဲ destiny ဟာလည်း သူတို့နှစ်ယောက်ကို ပေါင်းဖက်ဖို့ ဖြစ်စေနိုင်မလားဆိုတာ သံသယဝင်စရာ ဖြစ်ပေမယ့် Ciri ကတော့ သူတို့နှစ်ယောက် ပေါင်းစည်းသွားရစေမယ့် အဓိကအကြောင်းရင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါကတော့ The Witcher Season 2 ဇာတ်သိမ်းပိုင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို ဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးခဲ့ပါဦး။

Glasgow

Ref: screenrant, witcher fandom, redanianintelligence

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular