HomeCelebs Update NewsInternationalရုပ်ရှင်ဆုတွေနောက် မလိုက်ချင်ဘဲ Nick Fury ပဲ လုပ်နေချင်တယ်ဆိုတဲ့ Samuel L. Jackson

ရုပ်ရှင်ဆုတွေနောက် မလိုက်ချင်ဘဲ Nick Fury ပဲ လုပ်နေချင်တယ်ဆိုတဲ့ Samuel L. Jackson

နာမည်ကျော် ဝါရင့်မင်းသားကြီး Samuel L. Jackson ကတော့ ရုပ်ရှင်လောကမှာ ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်လာခဲ့ပေမယ့် အော်စကာဆုတစ်ဆုမှ မရဖူးသေးတဲ့ မင်းသားကြီးတစ်လက် ဖြစ်ပါတယ်။ မင်းသားကြီးဟာ ကာလကြာရှည်စွာ သရုပ်ဆောင်အဖြစ် ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ ရုပ်ရှင်ဆုအတွက် ရည်မှန်းပြီး ဇာတ်ကားတွေကို တမင်တကာ ရိုက်ကူးရတာမျိုးထက် သူကြိုက်တဲ့ဇာတ်ကောင်တွေကိုပဲ စိတ်အေးလက်အေး သရုပ်ဆောင်နေချင်တဲ့အကြောင်း ပြောပြလာပါတယ်။

အသက်(၇၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ဝေဖြန့်ချိခဲ့တဲ့ The Los Angeles Times သတင်းစာနဲ့ အင်တာဗျူးမှာ ပြောထားတာ ဖြစ်ပါတယ်။ အဆိုပါအင်တာဗျူးမှာတော့ မင်းသားကြီးဟာ မကြာသေးခင်ကပဲ The Governor Awards ဆုပေးပွဲမှာ Honorary Oscars ဆု ချီးမြှင့်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို ပြောပြထားတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် The Governor Awards ကိုတော့ ပြီးခဲ့တဲ့ မတ်လ(၂၅)ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပြီး ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသခြင်း မပြုခဲ့ပါဘူး။

Photo: samuelljackson/ Instagram

The Governor Awards ကတော့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတစ်ခု ဖြစ်ပြီး Academy of Motion Picture Arts and Sciences အဖွဲ့ကြီးကပဲ ကြီးမှူးကျင်းပပြီး ပေးအပ်တဲ့ဆု ဖြစ်ပါတယ်။ Honorary ဆုကတော့ သရုပ်ဆောင်တစ်ယောက်ရဲ့ ဘဝတလျှောက်မှာ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေ၊ အနုပညာဖန်တီးမှုတွေအတွက် ဂုဏ်ပြုချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။ မင်းသားကြီး Samuel ရဲ့ဆုကိုတော့ သူ့ရဲ့မိတ်ဆွေ မင်းသားကြီး Denzel Washington က ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

“ပြောရလွန်းလို့ မောလာပေမယ့် အခုပြောချင်တာကတော့ ကျွန်တော်တွေးမိတာလေးတစ်ခုကိုပါ။ ဟိုကားနဲ့တော့ ငါ အော်စကာရသင့်တယ်။ ဒါမှမဟုတ်လည်း ဒီကားကတော့ တကယ် အော်စကာရမှာပဲ ဆိုတာမျိုးတွေ ဖြစ်ခဲ့ပြီး တကယ်တမ်းမှာ တစ်ခုမှမရခဲ့တော့ ကျုပ်စိတ်ထဲမှာ ဒါတွေကို ဘာမှမထားတော့တာ ကြာလှပါပြီ။ အော်စကာဆိုတာ ကျုပ်အတွက်တော့ သိပ်အရေးမကြီးလှပါဘူး …”

“ဒါပေမယ့် အော်စကာဆုပေးပွဲတွေ တက်ရတာတော့ ကျုပ်ပျော်ပါတယ်။ ပြီးတော့ ပွဲမှာ presenter လုပ်ပေးရလို့ လက်ဆောင်ပြန်ပေးတဲ့ လက်ဆောင်ခြင်းတွေကိုလည်း ကျုပ်အမြဲတမ်း သဘောကျပါတယ်။(ရယ်လျက်) ပြီးတော့ အဲဒီခြင်းထဲကပစ္စည်းတွေကို ကျုပ်သမီးကို ပေးတယ်။ မိန်းမကိုလည်း ပေးတယ်။ ကျုပ်အမျိုးတွေကိုလည်း ပေးတယ်။ ဆိုတော့ မိုက်ပါတယ်ဗျ …”လို့ Samuel က ဆိုပါတယ်။

Photo: samuelljackson/ Instagram

မင်းသားကြီးဟာ သူ့ရဲ့သရုပ်ဆောင်သက်တမ်းတလျှောက်မှာ ရုပ်ရှင်ကားပေါင်း (၁၅၀)ကျော် ရိုက်ကူးခဲ့ပြီး ဖြစ်ပေမယ့် ယခုအချိန်အထိ အော်စကာတစ်ဆုမှ ချီးမြှင့်မခံခဲ့ရသေးပါဘူး။ မင်းသားကြီးဟာ ၁၉၉၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Pulp Fiction ရုပ်ရှင်ကားထဲမှာတော့ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုအတွက် စံကာတင်စာရင်းဝင်ခဲ့ဖူးပါတယ်။

LA Times နဲ့ အင်တာဗျူးမှာတော့ မင်းသားကြီးဟာ သူ့ရဲ့သရုပ်ဆောင်ဘဝ အောင်မြင်မှု၊ ကျရှုံးမှုကို ဆုတွေနဲ့ မတိုင်းတာချင်ဘဲ တခြားနည်းလမ်းတွေနဲ့သာ တိုင်းတာချင်တယ်လို့လည်း ပြောထားပါတယ်။

Photo Credit: Miramax

“သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကျုပ်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုဆိုတာကို အော်စကာဆုနဲ့ ဘယ်တော့မှ မတိုင်းတာချင်ဘူးဗျ။ ကျုပ်ရဲ့အောင်မြင်မှုကိုတော့ ကျုပ်ရဲ့ပျော်ရွှင်မှုနဲ့ပဲ နှိုင်းယှဉ် တိုင်းတာချင်တယ်။ ပြောရရင် ကိုယ်လုပ်နေတာတွေကို ကိုယ်ကျေနပ်ရဲ့လားပေါ့။ ဆုနောက်ကိုပဲလိုက်တဲ့ ရုပ်ရှင်မျိုးတွေ ကျုပ်တော့ မရိုက်ချင်ပါဘူး …”

“သိတယ်မှတ်လား။ မင်း ဒီကားရိုက်ရင် အော်စကာရလိမ့်မယ် ဆိုတာမျိုးပေါ့။ ကျေးဇူးပဲ။ ကျုပ်ကတော့ မရိုက်ဘူးဗျာ။ အဲဒါမျိုးတွေ ရိုက်မယ့်အစား Nick Fury ပဲလုပ်နေမယ်။ ဒါမှမဟုတ်လည်း လက်ထဲမှာ lightsaber တစ်ချောင်းနဲ့ Mace Windu ပဲလုပ်နေရတာ ပျော်တယ် …”လို့ မင်းသားကြီးက ပြောထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular