HomeCelebs Update NewsInternationalဇာတ်ညွှန်းမှာမပါပေမယ့် အခွင့်ကြုံတုန်း Brad Pitt ကို နမ်းခဲ့တဲ့ Margot Robbie

ဇာတ်ညွှန်းမှာမပါပေမယ့် အခွင့်ကြုံတုန်း Brad Pitt ကို နမ်းခဲ့တဲ့ Margot Robbie

မင်းသမီးချော Margot Robbie ကတော့ သူမရဲ့အသစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်သစ် Babylon ထဲမှာ သရုပ်ဆောင်ဖက် မင်းသား Brad Pitt ကို အခါအခွင့်သင့်တုန်း အာဘွားပေးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါရုပ်ရှင်ထဲမှာတော့ Robbie က Pitt ကို အကြင်နာပေးတဲ့ ဇာတ်ဝင်ခန်း ပါဝင်ခဲ့ပြီး တကယ်တော့ ဒီအခန်းဟာ ဇာတ်ညွှန်းမှာမပါဘဲ သူမဘာသာ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

အသက်(၃၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Margot Robbie ဟာ ဒီအကြောင်းကိုတော့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ E! News နဲ့ အင်တာဗျူးမှာ ပြောပြသွားတာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းမှာမပါပေမယ့် မင်းသားကြီး Brad Pitt ကို သူမရဲ့ဆန္ဒအလျောက် အကြင်နာပေးတဲ့အခန်း ထည့်သွင်းဖို့အတွက် ဒါရိုက်တာ Damien Chazelle ဆီက အကူအညီ ရယူခဲ့တယ်လို့လည်း သူမက ဆိုပါတယ်။

Photo: margotrobbieofficial/ Instagram

“Brad Pitt ကို နမ်းနိုင်ဖို့ နောက်ထပ်အခွင့်အရေးက ဘယ်မှာရှိတော့မှာလည်းလို့ ကျွန်မတွေးမိတယ်။ အဲဒါနဲ့ ဒီဟာကို အထမြောက်အောင် လုပ်ဖို့ပဲ ကြံလိုက်တော့တယ်။ ဒီတော့ ကျွန်မလည်း ဒါရိုက်တာကို ပြောရတော့တာပေါ့။ Damien ရေ … ငါထင်တာတော့ Nellie က Jack ကို သွားနမ်းလိမ့်မယ်နော်လို့ ပြောလိုက်တယ် …”

“Damien ကတော့ … အင်း ဟုတ်သားပဲ။ သူ သွားနမ်းနိုင်တယ်လို့ ပြန်ပြောပြီးမှ နေပါဦး နေပါဦး … နင်က Brad Pitt ကို နမ်းချင်နေတာပဲလို့ ကျွန်မကို ပြောတယ်။ ကျွန်မကလည်း ပြန်ပြောလိုက်တယ်လေ။ အို … မတတ်နိုင်ဘူးရှင်။ ဒီလိုအခွင့်အရေးမျိုးဆိုတာ နောက်တစ်ခေါက် ကြုံရဖို့ လွယ်တာမှ မဟုတ်တာလို့ ပြောလိုက်တယ် …”

“အဲဒီတော့လည်း သူပြန်စဉ်းစားပြီး ကာရိုက်တာနဲ့တော့ ကိုက်ပါတယ်လို့ ပြောတယ်။ ငါလည်း အဲဒီလိုပဲလို့ ထင်တာလို့ ပြောပြီး ကျွန်မလည်း ထောက်ခံလိုက်တာပေါ့ …” လို့ ဆိုကာ Brad Pitt ကို အကြင်နာပေးတဲ့ ဇာတ်ဝင်ခန်း ထည့်သွင်းပေးဖို့ ဒါရိုက်တာ Damien ကို တောင်းဆိုခဲ့ပုံကို Robbie က ပြောပြထားပါတယ်။

Photo: bradpIt/ Instagram

ဒီလိုနဲ့ အဲဒီအကြင်နာပေးတဲ့ ဇာတ်ဝင်ခန်းကို တစ်ကတ် ရိုက်ကူးပြီးတဲ့အခါ ဒါရိုက်တာ Damien တစ်ယောက် သဘောကျသွားတယ်လို့ ဆိုပါတယ်။ “တစ်ကတ်လည်း ရိုက်ပြီးရော သူပြောပါလေရော။ မရသေးဘူး။ နောက်တစ်ခေါက် ပြန်ရိုက်ဦးမယ်။ ဒီအခန်းက တကယ်ကောင်းနေတယ်လို့ ပြောတယ်။ ကျွန်မကတော့ ဟယ် … ကောင်းလိုက်တာလို့ ဖြစ်နေတာပေ့ါ …” လို့ Robbie က ဆိုပါတယ်။

“တကယ်တော့ ကျွန်မ Katherine Waterson ကို နမ်းတဲ့အခန်းလည်း ရိုက်ခဲ့ရသေးတယ်။ ဒါပေမယ့် အဲဒီအခန်းက final cut မှာ ပါလာမလားဆိုတာတော့ မသိဘူး …” လို့ ပြောပါတယ်။

Babylon ရုပ်ရှင်ဟာ ၁၉၂၀ ခုနှစ်ကာလဝန်းကျင် အသံတိတ်ရုပ်ရှင်တွေကနေ အသံထွက်ရုပ်ရှင်တွေအဖြစ် ကူးပြောင်းကာစ ဟောလိဝုဒ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Margot Robbie ဟာ တက်သစ်စ မင်းသမီးလေး Nellie LaRoy အဖြစ် သရုပ်ဆောင်ထားပြီး Brad Pitt ကတော့ မင်းသား Jack Conrad အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒါ့အပြင် Jean Smart ၊ Tobey Maguire ၊ Katherine Waterson အစရှိတဲ့ နာမည်ကျော်သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါသေးတယ်။ ဒီဇာတ်ကားကိုတော့ မကြာခင် ဒီဇင်ဘာလ(၂၃)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular