HomeEntertainmentFilmSaw ဇာတ်လမ်းကို ဖြစ်ပေါ်လာစေခဲ့တဲ့ နောက်ကွယ်ကဖြစ်ရပ်များ

Saw ဇာတ်လမ်းကို ဖြစ်ပေါ်လာစေခဲ့တဲ့ နောက်ကွယ်ကဖြစ်ရပ်များ

Saw Franchise ဟာ Horror ပရိသတ်တွေကြားမှာ မသိသူ မရှိလောက်အောင် အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အလွန်ရက်စက်ပြီး သွေးထွက်သံယိုအခန်းတွေများစွာလည်း ပါဝင်တာကြောင့် အသည်းနုသူတွေ လုံးဝမကြည့်ရှုသင့်တဲ့ ရုပ်ရှင်မျိုးလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေဟာ တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတာ မဟုတ်ပေမယ့်လည်း ဒီရုပ်ရှင်အတွက် အိုင်ဒီယာရသွားစေခဲ့တဲ့ နောက်ကွယ်က တကယ့်ဖြစ်ရပ်တွေကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Saw Franchise ရဲ့ ပထမသုံးကားအတွက် ဇာတ်ညွှန်းရေးသားခဲ့တဲ့ Leigh Whannell ဟာ ဆေးရုံတက်နေရတဲ့ အချိန်မှာပဲ အဓိကဇာတ်ကောင် ဖြစ်တဲ့ John Kramer ကို ဖန်တီးဖို့ အိုင်ဒီယာရသွားတာ ဖြစ်ပါတယ်။ Leigh ကတော့ အသက် (၂၄)နှစ်အရွယ်မှာ အတော်ဆိုးရွားတဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားရခဲ့ပြီး ဦးနှောက်အကြိတ်တည်တဲ့ ရောဂါမျိုးတွေ ဖြစ်နေမှာကို စိုးရိမ်ထိတ်လန့်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ MRI အပါအဝင် စစ်ဆေးမှုတွေများစွာ ပြုလုပ်ဖို့ ဆေးရုံကို သွားခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ Leigh ဟာ ကုသလို့မရတော့တဲ့ ရောဂါတစ်ခုကြောင့် သေရတော့မယ့် စိတ္တဇလူတစ်ယောက် ဖြစ်တဲ့ John Kramer ဇာတ်ကောင်ကို ဖန်တီးဖို့ စိတ်ကူးရသွားတာ ဖြစ်ပါတယ်။ “ဆရာဝန်တစ်ယောက်က အသက်ရှင်ဖို့ တစ်နှစ်ပဲ ကျန်တော့တယ်။ အဲဒီအချိန်အတွင်း အကောင်းဆုံး နေထိုင်ပါလို့ ပြောတာကို နားထောင်နေမယ့်အစား ဒီလူကတော့ တခြားလူတွေကို မင်းမှာ အသက်ရှင်ဖို့ (၁၀)မိနစ်ပဲ ကျန်တော့တယ်။ အဲဒီ(၁၀)မိနစ်အတွင်းမှာ ဘာလုပ်မှာလည်းလို့ ပြန်ပြောမယ့် စိတ္တဇဝေဒနာရှင် လူတစ်ယောက်ပေါ့ဗျာ …” လို့ The AV Club နဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

photo via screenrant

ဒါ့အပြင် John Kramer အတိုင်း လိုက်လံပြုလုပ်နေတဲ့ Zep ဇာတ်ကောင်ကိုတော့ ဒါရိုက်တာ James Wan ဟာ သူငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ သတင်းထဲက ရာဇဝတ်ကောင်ကို အခြေခံပြီး ဖန်တီးခဲ့တာလို့ ပြောပြထားပါတယ်။ အဲဒီလူကတော့ ညဘက်မှာ လူတွေရဲ့အိမ်ထဲကို ခိုးဝင်ပြီး ဘာကိုမှ ခိုးယူခြင်းမပြုဘဲ အိပ်နေတဲ့လူတွေရဲ့ ခြေထောက်တွေကို လိုက်ပြီးကလိထိုးတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးမှာ အဲဒီလူကို ဖမ်းမိသွားခဲ့ပြီး စစ်ဆေးနေစဉ် အချိန်အတွင်းမှာတော့ ဒီလိုတွေလုပ်ဖို့အတွက် လူတစ်ယောက်က သူ့ဆီကို Jigsaw Puzzle တွေ ပို့ပေးပြီး ခိုင်းစေနေတာပါလို့ ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် Saw Franchise ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ John Kramer ကိုလည်း Jigsaw လို့ ခေါ်ကြတာကြောင့် ဒါရိုက်တာ James Wan ဟာ အဲဒီလူကို အခြေခံပြီး Zep ကို ဖန်တီးခဲ့တာလို့ သိရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular