HomeEntertainmentFilmSci-Fi နဲ့ Psychology ပေါင်းစပ်ထားတဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကား(၇)ကား

Sci-Fi နဲ့ Psychology ပေါင်းစပ်ထားတဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကား(၇)ကား

ရုပ်ရှင်အမျိူးအစားတွေ များစွာထဲမှာမှ Sci-Fi နဲ့ Psychology အမျိူးအစားနှစ်ခုဟာ ပရိသတ်တွေအတွက် ခေါင်းစားစရာတွေ ပါဝင်နေလေ့ရှိပြီး ကြည့်ပြီးသွားရင်တောင် စဉ်းစားစရာတွေ ကျန်နေလေ့ ရှိပါတယ်။ ဒီလိုခေါင်းစားတဲ့ အမျိူးအစားနှစ်ခုကို ပူးတွဲဖန်တီးထားတဲ့ ရုပ်ရှင်ဆိုရင်တော့ အတော်လေးကို ခေါင်းစားစေမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် Sci-Fi နဲ့ Psychological ပေါင်းစပ်ထားတဲ့ နာမည်ကြီး ရုပ်ရှင်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Ex Machina

photo via screenrant

Ex Machina ဟာ ၂၀၁၄ခုနှစ်က ထွက်ရှိထားပြီးတော့ IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Caleb Smith ဆိုတဲ့ လူငယ် ပရိုဂရမ်မာတစ်ယောက်ဟာ ထူးဆန်းတဲ့ သိပ္ပံပရောဂျက်တစ်ခုမှာ ပါဝင်ခွင့်ရသွားပါတယ်။ အဲဒီပရောဂျက်ဟာ အမျိုးသမီးစက်ရုပ်နဲ့ A.I နည်းပညာကို စမ်းသပ်ရမှာဖြစ်ပြီး ဆန်းကြယ်တဲ့ နည်းပညာတိုးတက်မှုရဲ့အောက်မှာ ဘယ်လိုအံ့ဩစရာတွေ ဖြစ်လာမလည်းဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Oscar Issac ၊ Alicia Vikander နဲ့ Domhnall Gleeson တို့က အဓိက ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(6) District 9

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂြိုဟ်သားတချို့ဟာ ကမ္ဘာပေါ်မှာ သနားစရာကောင်းတဲ့ အခြေအနေနဲ့ နေထိုင်နေကြရပါတယ်။ တခြားဂြိုဟ်သားကားတွေနဲ့ မတူညီတဲ့ တစ်ချက်ကတော့ ဒီရုပ်ရှင်ထဲမှာ လူသားတွေဟာ ဂြိုဟ်သားတွေကို ပြန်ပြီးအနိုင်ကျင့်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိနိုင်ဖို့အတွက် ကြိုးစားကြပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sharlto Copley ၊ Jason Cope နဲ့ Vanessa Haywood တို့ ပါဝင်ထားပြီး အော်စကာ လေးဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(5) Donnie Darko

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကြောင်တောင်တောင်နိုင်တဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဟာ သူတစ်ယောက်ပဲ မြင်ရတဲ့ ယုန်ဝတ်စုံနဲ့ လူတစ်ယောက်နဲ့ ခင်မင်သွားရာက စပါတယ်။ အဲဒီနောက်မှာတော့ ယုန်ဝတ်စုံထဲကလူဟာ အဲဒီကောင်လေးကို နောက်ထပ် (၂၈)ရက်၊ (၆)နာရီ၊ (၄၂)မိနစ်နဲ့ (၁၂)စက္ကန့်မှာ ကမ္ဘာပျက်တော့မယ်လို့ ပြောပြလိုက်ပါတယ်။ သရုပ်ဆောင်တွေကတော့ Jake Gyllenhaal ၊ Drew Barrymore နဲ့ Maggie Gyllenhaal တို့က အဓိက ပါဝင်ထားပါတယ်။

(4) 12 Monkeys

photo via screenrant

ဒီကားကတော့ ၁၉၉၅ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၉၆ ခုနှစ်မှာ ဗိုင်းရပ်စ်တစ်ခုကြောင့် လူသားမျိုးနွယ်တစ်ခုလုံးနီးပါး သေဆုံးခဲ့ရပါတယ်။ အသက်ရှင်ကျန်သူ အနည်းငယ်ကလည်း အသက်ရှင်နေထိုင်ဖို့အတွက် မြေအောက်ထဲမှာ နေကြရပါတယ်။ ၂၀၃၅ ခုနှစ်မှာတော့ အဲဒီဗိုင်းရပ်စ် ဘယ်လိုဖြစ်ပေါ်လာလည်းဆိုတာ စုံစမ်းဖို့ James Cole (Bruce Willis) ကို အတိတ်ကို ပြန်သွားဖို့အတွက် ရွေးချယ်ခဲ့ပါတယ်။ အော်စကာဆု နှစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(3) Eternal Sunshine of the Spotless Mind

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Joel နဲ့ Clementine တို့နှစ်ယောက်ဟာ ရထားတစ်ခုကို အတူတူစီးလာရင်းနဲ့ ချစ်ကြိုက်မိသွားကြပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့ ချစ်သူသက်တမ်းဟာ တဖြည်းဖြည်း ကြာမြင့်လာတဲ့ အချိန်မှာတော့ ဘယ်သူမှ မထင်ထားတဲ့ ဇာတ်လမ်းလှည့်ကွက်တစ်ခုကို မြင်တွေ့ခဲ့ရပြီး ကြည့်ရှုသူတွေအတွက် ကြည်နူးစရာနဲ့ ဝမ်းနည်းစရာတို့ကို တပြိုင်တည်းမှာ ခံစားရစေမယ့် ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Jim Carrey ၊ Kate Winslet ၊ Kirsten Dunst ၊ Mark Ruffalo နဲ့ Elijah Wood တို့ အဓိကပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(2) Matrix

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.7) ရရှိထားပါတယ်။ ဒီကားဟာ ပထမဆုံးကားဖြစ်ပြီးတော့ Matrix ဟာ အားလုံးပေါင်း သုံးကား ထွက်ရှိထားပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၂ခုနှစ်မှာလည်း The Matrix: Resurrections ဆိုပြီး ထပ်မံ ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ လူသားတွေရဲ့ လက်တွေ့ဘဝကြီးတစ်ခုလုံးကို The Matrix ဆိုတဲ့ ကွန်ပျူတာစနစ်နဲ့ အစားထိုး တည်ဆောက်ထားတဲ့ စွမ်းအားမြင့် ကွန်ပျူတာတွေကို Thomas Anderson ဦးဆောင်တဲ့ လူတစ်စုက တိုက်ခိုက်တဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Keanu Reeves ၊ Carrie-Anne Moss နဲ့ Laurence Fishburne တို့က အဓိက ပါဝင်ထားပြီး အော်စကာ လေးဆု ရရှိထားပါတယ်။

(1) Inception

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Cobb ဟာ သူ့ပစ်မှတ်တွေရဲ့ အိပ်မက်တွေထဲကို ဝင်ရောက်ပြီး အရေးကြီး အချက်အလက်တွေကို ရယူနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Saito ဟာ သူ့ပြိုင်ဘက်ရဲ့ သားကို သူဖြစ်စေချင်တဲ့အတိုင်း အိပ်မက်ထဲကနေတဆင့် ပုံသွင်းပေးဖို့ Cobb ကို တောင်းဆိုခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့တော့ Saito ဟာ Cobb ရဲ့ ပြစ်မှုမှတ်တမ်းတွေကို ဖျောက်ဖျက်ပေးရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Christopher Nolan က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Leonardo DiCaprio ၊ Joseph Gordon-Levitt ၊ Elliot Page နဲ့ Tom Hardy တို့က အဓိက ပါဝင်ထားပြီး အော်စကာ (၄)ဆုတောင် ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular