HomeCelebs Update NewsInternationalMarvel ရုပ်ရှင်တွေဟာ ကလေးတွေအတွက်ဖြစ်လို့ မကြည့်ဖြစ်ဘူးဆိုတဲ့ Seth Rogen

Marvel ရုပ်ရှင်တွေဟာ ကလေးတွေအတွက်ဖြစ်လို့ မကြည့်ဖြစ်ဘူးဆိုတဲ့ Seth Rogen

သရုပ်ဆောင်လည်းဖြစ်၊ ဒါရိုက်တာတစ်ယောက်လည်း ဖြစ်တဲ့ Seth Rogen ကတော့ Amazon Prime Video က ထုတ်လုပ်ပြသနေတဲ့ The Boys ဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ Total Film Magazine နဲ့ အင်တာဗျူးမှာတော့ ကောမစ်ကို အခြေခံတဲ့ ရုပ်ရှင်၊ဇာတ်လမ်းတွေရဲ့အကြောင်းကို ပြောလာပြီး Marvel Cinematic Universe သာ မရှိခဲ့ရင် The Boys ဇာတ်လမ်းတွဲ ဖြစ်လာမှာ မဟုတ်ကြောင်းနဲ့ ဖြစ်လာခဲ့ရင်တောင် ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်တဲ့အကြောင်း ဆိုပါတယ်။

သို့ပေမယ့်လည်း သူ့တစ်ကိုယ်စာအနေနဲ့ကတော့ Marvel ရုပ်ရှင်တွေကို မကြည့်ဖြစ်ဘူးလို့ Rogen က ပြောပါတယ်။ ကလေးမရှိတဲ့ လူတစ်ယောက်အနေနဲ့ MCU ရုပ်ရှင်တွေကို ကြည့်ရမှာ အခက်တွေ့နေတယ်လို့ ဆိုပြီး MCU ရုပ်ရှင်အများစုဟာ သူ့အကြိုက်နဲ့ ယှဉ်လိုက်ရင် ကလေးတွေအတွက် ပိုပြီးရည်ရွယ်ထားတယ်လို့ ထင်မြင်ကြောင်း ဆိုပါတယ်။

Photo: sethrogen/ Instagram

“Kevin Feige ဟာ တကယ်တော်တဲ့ လူပါပဲ။ အဲဒီရုပ်ရှင်တွေရိုက်ဖို့ သူငှားလိုက်တဲ့ ဒါရိုက်တာတွေအားလုံးဟာလည်း တကယ့် တော်ပေ့၊ ကောင်းပေ့ဆိုတဲ့ ဒါရိုက်တာတွေချည်းပါပဲ။ ဒါပေမယ့် ကလေးမရှိတဲ့ လူတစ်ယောက်အနေနဲ့ သူ့ရဲ့ဇာတ်လမ်းအားလုံးက ကလေးတွေအတွက် ပိုပြီးရည်ရွယ်ထားသလိုပဲလို့ ထင်တယ် …”

“ပြောချင်တာက ကျွန်တော် ကြည့်ပြီးတော့ မေ့သွားမယ့်ဟာတွေလည်း ရှိတယ်ဗျာ။ တစ်ကားလောက် ဖောက်ပြီး ကြည့်ဖို့ဆိုရင်လည်း ကလေးမရှိတဲ့ လူတစ်ယောက်အနေနဲ့ အိုး … ဒါကတော့ ငါ့အတွက် မဟုတ်ဘူးလို့ ခံစားရတယ် … “လို့ Rogen က ဆိုပါတယ်။

Rogen ဟာ သူ့ရဲ့ထုတ်လုပ်ရေးကုမ္ပဏီကို The Boys ကို ထုတ်ခိုင်းရတဲ့ အကြောင်းရင်းတွေထဲမှာ comic book ကို အခြေခံတဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေထဲမှာ ပိုရင့်ကျက်ပြီး လူကြီးတွေရဲ့ ရှုထောင့်ကနေ ပြသမယ့် ဇာတ်လမ်းမျိုး မရှိတာကို တွေးမိတာကြောင့်လို့ ဆိုပါတယ်။ သို့သော်လည်း ဒါဟာ Marvel ကို ဝေဖန်ချင်တာတော့ မဟုတ်ပါဘူးလို့ Rogen က ပြောပါတယ်။

Photo Credit: Amazon Prime

ဟောလိဝုဒ်ရဲ့ဖခင်ကြီးတွေလို့ ပြောလို့ရမယ့် Martin Scorsese ၊ Quentin Tarantino အစရှိတဲ့ ဂန္ထဝင် ဒါရိုက်တာကြီးတွေကတော့ MCU အပေါ်ကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်ထားကြပေမယ့် Seth Rogen ကတော့ မျှမျှတတ ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

“အမှန်တိုင်းပြောရရင် Marvel မရှိဘဲနဲ့ The Boys ဆိုတာ ဖြစ်လာမှာလည်း မဟုတ်သလို ဖြစ်လာခဲ့ရင်တောင် စိတ်ဝင်စားဖို့လည်းကောင်းမှာ မဟုတ်ပါဘူး။ အဲဒါကို ကျွန်တော်သိပါတယ်။ တကယ်က စျေးကွက်ထဲမှာ Marvel တစ်ခုတည်း ရှိနေမယ်ဆိုရင်ကသာ မကောင်းတာပါ။ ဒါပေမယ့် အဲဒီလိုမဟုတ်မှန်းလည်း ရှင်းရှင်းလင်းလင်းကြီးကို မြင်နေရပါတယ် …”

“ကျွန်တော် အမြဲပြောနေကျစကားကိုပဲ ဥပမာပြောရမယ်ဆိုရင် သမိုင်းရဲ့ အချိန်တစ်ခုကို ပြန်ကြည့်လိုက်ရင် ရုပ်ရှင်ဒါရိုက်တာတွေ စုဝေးထိုင်ပြီး Western မဟုတ်တဲ့ ရုပ်ရှင်တစ်ကားလောက်များ ငါတို့ ရိုက်ဖြစ်ကြပါဦးမလားလို့ ပြောဖြစ်ကြတာမျိုး ရှိလိမ့်မယ် …”

Photo Credit: Marvel Studios/ Disney Studios

“အဲဒီတုန်းက ရုပ်ရှင်အားလုံးဟာ Western အကြောင်းချည်းပဲ။ သောက်ရုပ်ရှင်တွေအားလုံးကို Western ကပဲ ကြီးစိုးထားတာ။ ခင်ဗျားရိုက်မယ့် ရုပ်ရှင်ထဲမှာ သေနတ်တစ်လက်ရယ်၊ ဦးထုတ်တစ်လုံးရယ်၊ လှည်းတစ်စီးရယ်မှ မပါရင် လူတွေကလည်း အဲဒီကားကို သွားကိုမကြည့်ကြတာမျိုးပေါ့ဗျာ …”

“အခုဖြစ်နေတဲ့ အခြေအနေကတော့ ဝမ်းနည်းစရာကောင်းစွာနဲ့ နယ်ပယ်နှစ်ခု ကွဲနေတာပေါ့။ တစ်ခုက ကမ္ဘာအနှံ့ ကျယ်ပြန့်တဲ့ audiovisual ဖျော်ဖြေရေးဖြစ်ပြီး နောက်တစ်ခုကတော့ ရုပ်ရှင်ပေါ့ဗျာ။ ဒီနှစ်ခုက တချို့အချိန်တွေမှာ တိုက်ဆိုင်သွားတာမျိုး ရှိတတ်ပေမယ့် အခုက အရမ်းရှားပါးလာတယ် …”

“ပြီးတော့ နယ်ပယ်တစ်ခုက ငွေကြေးအရ ကြီးစိုးလာနိုင်တဲ့အခါ နောက်တစ်ခုကို အရေးမပါတော့သလို ဆက်ဆံတာ၊ ဒါမှမဟုတ် တည်ရှိမှုကိုတောင် သေးသိမ်အောင် လုပ်ခံရတာမျိုးတွေ ဖြစ်လာမှာတော့ ကြောက်မိတယ် …” လို့ Seth Rogen က ပြောထားပါတယ်။

Vancouver

Source: variety

RELATED ARTICLES

Most Popular