HomeEntertainmentFilmဟောလိဝုဒ်သမိုင်းတလျှောက် ဝင်ငွေအများဆုံး ရရှိထားတဲ့ နာမည်ကြီး Trilogy ရုပ်ရှင်များ

ဟောလိဝုဒ်သမိုင်းတလျှောက် ဝင်ငွေအများဆုံး ရရှိထားတဲ့ နာမည်ကြီး Trilogy ရုပ်ရှင်များ

ဟောလိဝုဒ် ရုပ်ရှင်လောကမှာတော့ လူကြိုက်များကြတဲ့ Franchise အများစုဟာ Trilogy တွေ ထုတ်လုပ်လေ့ ရှိပါတယ်။ Trilogy ဆိုတာကတော့ ဇာတ်လမ်း၊ ဇာတ်အိမ် ဆက်စပ်နေတဲ့ ရုပ်ရှင်သုံးကားကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဥပမာ Iron Man ၊ Iron Man 2 နဲ့ Iron Man 3 တို့လို ဇာတ်ကားသုံးကားပေါင်းကို Iron Man Trilogy လို့ ခေါ်ဆိုတာမျိုး ဖြစ်ပါတယ်။

ဒီလို Trilogy တွေ ဖန်တီးတဲ့အချိန်မှာတော့ တချို့ Trilogy တွေဟာ ပထမနှစ်ကားက ကောင်းပေမယ့်လည်း နောက်ဆုံးကားကတော့ အဖျားရှူးသွားတာမျိူးတွေ ရှိကြပါတယ်။ ဒါပေမယ့်လည်း တချို့ Trilogy တွေကတော့ သုံးကားလုံးဟာ ပရိသတ်တွေအကြိုက် ဖြစ်နေပြီး ဝင်ငွေတွေလည်း များစွာရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဟောလိဝုဒ်သမိုင်းတလျှောက်ရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင် Trilogy တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Iron Man Trilogy

photo via screenrant

Iron Man ရုပ်ရှင်ကတော့ MCU ရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်သလို ဒီ Trilogy ကလည်း MCU ရဲ့ ပထမဆုံး Trilogy ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်ကတော့ ဝင်ငွေ ဒေါ်လာ (၅၈၅)သန်းကျော် ရရှိခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Iron Man 2 ရုပ်ရှင်ကတော့ ဝင်ငွေ ဒေါ်လာ (၆၂၃)သန်း ရရှိခဲ့ပါတယ်။ နောက်ဆုံးကား ဖြစ်တဲ့ Iron Man 3 ကတော့ ဝင်ငွေ ဒေါ်လာ (၁.၂)ဘီလျံကျော် ရရှိထားတာကြောင့် သုံးကားပေါင်း စုစုပေါင်းဝင်ငွေဟာ ဒေါ်လာ (၂.၄၂)ဘီလျံကျော်နဲ့ ဝင်ငွေအများဆုံး Trilogy စာရင်းမှာ နံပါတ် (၇)နေရာက ရပ်တည်နေပါတယ်။

(6) The Dark Knight Trilogy

photo via screenrant

The Dark Knight Trilogy ရဲ့ ပထမဆုံးရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman Begins ဖြစ်ပြီး ဝင်ငွေကတော့ ဒေါ်လာ (၃၇၃)သန်း ရရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ Heath Ledger အော်စကာရရှိခဲ့တဲ့ The Dark Knight ရုပ်ရှင်ကတော့ ဝင်ငွေ ဒေါ်လာ (၁)ဘီလျံကျော် ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Dark Knight Rises ကလည်း ဒေါ်လာ (၁)ဘီလျံကျော် ရရှိခဲ့ပါတယ်။ ဒီသုံးကားလုံး ပေါင်းလိုက်ရင်တော့ ဝင်ငွေစုစုပေါင်းဟာ ဒေါ်လာ (၂.၄၆)ဘီလျံကျော် ရရှိထားပြီး နံပါတ် (၆)နေရာကို ရရှိထားပါတယ်။

(5) Star Wars: The Prequel Trilogy

photo via screenrant

Star Wars Franchise ကတော့ ပရိသတ်တွေ အကြိုက်ဆုံး Franchise တွေထဲကတစ်ခု ဖြစ်ပြီး အခုချိန်ထိလည်း Star Wars ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေ ထွက်ရှိနေတုန်း ဖြစ်ပါတယ်။ Prequel Trilogy ထဲက ပထမဆုံးရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Star Wars: The Phantom Menace (Episode I) ဖြစ်ပြီး ဝင်ငွေ ဒေါ်လာ (၁)ဘီလျံကျော် ရရှိထားပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ Star Wars: Attack of the Clones (Episode II) ထွက်ရှိလာပြီး ဒေါ်လာ (၆၅၃)သန်းကျော် ရရှိထားပါတယ်။ Star Wars: Revenge of the Sith (Episode III) ကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဝင်ငွေ ဒေါ်လာ (၈၆၈)သန်းကျော် ရရှိထားကာ သုံးကားပေါင်းလိုက်ရင် စုစုပေါင်း ဝင်ငွေ ဒေါ်လာ (၂.၅)ဘီလျံတောင် ရရှိထားပါတယ်။

(4) Tobey Maguire ရဲ့ Spider-Man Trilogy

photo via screenrant

Tobey Maguire ရဲ့ Spider-Man ကတော့ ပထမဆုံးလည်း ဖြစ်သလို ပရိသတ်တွေရဲ့ အကြိုက်ဆုံးဆိုလည်း မမှားပါဘူး။ ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့ Spider-Man ကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒေါ်လာ (၈၂၁.၇)သန်း ရရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spider-Man 2 ကတော့ ဒေါ်လာ (၇၈၉)သန်းကျော် ရရှိထားပြီး ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spider-Man 3 ကတော့ ဒေါ်လာ (၈၉၄.၉)သန်းကျော် ရရှိခဲ့ပါတယ်။ သုံးကားလုံး ပေါင်းလိုက်ရင်တော့ ဝင်ငွေဟာ ဒေါ်လာ (၂.၅)ဘီလျံကျော် ရရှိထားပါတယ်။

(3) The Hobbit Trilogy

photo via screenrant

၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Hobbit: An Unexpected Journey ကတော့ ဒေါ်လာ (၁)ဘီလျံကျော် ရရှိထားပြီး ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Hobbit: The Desolation of Smaug ကတော့ ဒေါ်လာ (၉၅၉)သန်းကျော် ရရှိထားပါတယ်။ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Hobbit: The Battle of Five Armies ကတော့ ဒေါ်လာ (၉၆၂.၂)သန်း ရရှိခဲ့ပြီး သုံးကားပေါင်း ဒေါ်လာ (၂.၉၃)ဘီလျံနဲ့ နံပါတ် (၃)နေရာမှာ ရပ်တည်နေပါတယ်။

(2) The Lord of the Rings Trilogy

photo via screenrant

၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Lord of the Rings: Fellowship of Ring ကတော့ ဒေါ်လာ (၈၉၇.၇)သန်းကျော် ရရှိခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Lord of the Rings: The Two Towers ကတော့ ဒေါ်လာ (၉၄၇.၅)သန်းကျော် ရရှိခဲ့ပြီး နောက်ဆုံးရုပ်ရှင် ဖြစ်တဲ့ The Lord of the Rings: Return of King ကတော့ ဒေါ်လာ (၁.၁၄)ဘီလျံကျော် ရရှိခဲ့ပါတယ်။ သုံးကားလုံးရဲ့ ဝင်ငွေကို ပေါင်းလိုက်ရင်တော့ ဒေါ်လာ (၂.၉၉)ဘီလျံ ရရှိထားပါတယ်။

(1) Star Wars: The Sequel Trilogy

photo via screenrant

၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Star Wars: The Force of Awakens (Episode VII) ကတော့ ဝင်ငွေ ဒေါ်လာ (၂)ဘီလျံကျော် ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Star Wars: The Last Jedi (Episode VIII) ကတော့ ဒေါ်လာ (၁.၃)ဘီလျံကျော် ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Star Wars: The Rise of Skywalker (Episode IX) ကတော့ ဒေါ်လာ (၁)ဘီလျံကျော် ရရှိခဲ့ပါတယ်။ ဒီသုံးကားလုံး ပေါင်းလိုက်ရင်တော့ ဒေါ်လာ (၄.၄၇)ဘီလျံ ရရှိထားပြီး ဝင်ငွေအများဆုံး Trilogy အဖြစ် ရပ်တည်နေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular