HomeEntertainmentFilmShazam! Fury of the Gods ရုပ်ရှင်ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

Shazam! Fury of the Gods ရုပ်ရှင်ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

Shazam! Fury of the Gods ရုပ်ရှင်ကတော့ မကြာခင်ကပဲ ရုံတင်ခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Billy Batson တို့ဟာ အရွယ်ရောက်လာကြပြီး တစ်ယောက်တစ်မျိူးစီ ဦးတည်ချက်ကွဲပြားနေကြပါတယ်။ ဒါပေမယ့်လည်း Atlas ရဲ့သမီးတော်တွေဖြစ်တဲ့ Hespera ၊ Kalypso နဲ့ Anthea တို့ ရောက်လာကြပြီး ကမ္ဘာကြီးကို ခြိမ်းခြောက်လာတဲ့အခါမှာတော့ သူတို့ဟာ ပြန်ပြီးစည်းလုံးရပါတော့တယ်။ ဒီရုပ်ရှင်ဟာ Review တွေအရ သိပ်မကောင်းပေမယ့်လည်း စိတ်ဝင်စားစရာကောင်းတဲ့ Easter Egg တွေ ပါဝင်နေပါသေးတယ်။

Peacemaker ထဲက သရုပ်ဆောင်

photo credit Warner Bros. Pictures

ဒီရုပ်ရှင်ရဲ့ အစမှာတော့ Hespera နဲ့ Kalypso တို့ဟာ ပြတိုက်တစ်ခုထဲကို ဝင်လာကြပြီး Wizard ရဲ့ တောင်ဝှေးကို လာယူကြပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ သရုပ်ဆောင် Rizwan Manji ဟာ ပြတိုက်မှာ အလုပ်လုပ်သူအဖြစ် ပါဝင်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူ့ကိုသတိထားမိလောက်မယ်လို့ ထင်ပါတယ်။ အကြောင်းကတော့ သူဟာ Peacemaker ဇာတ်လမ်းတွဲထဲမှာ သန့်ရှင်းရေးသမား Jamil အဖြစ် ပါဝင်ခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ထဲက ဇာတ်ကောင်နဲ့ Peacemaker ထဲက ဇာတ်ကောင်တွေဟာ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

Atlas ရဲ့သမီးတော်တွေဟာ ကောမစ်ထဲမှာ မပါဝင်ပါဘူး။

photo credit Warner Bros. Pictures

ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန်တွေဖြစ်တဲ့ Atlas ရဲ့သမီးတော်တွေဟာ DC ကောမစ်ထဲက ဇာတ်ကောင်တွေ မဟုတ်ကြဘဲ ဂရိဒဏ္ဍာရီထဲက ဇာတ်ကောင်တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့အဖေဖြစ်တဲ့ Atlas ကတော့ ကောမစ်ထဲမှာ ပါဝင်ပြီး Olympian God တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့အမေဖြစ်သူ Nyx ကလည်း ကောမစ်ထဲမှာ Goddess of Night and Death ဖြစ်ပါတယ်။ Shazam ရဲ့ စွမ်းအားတွေထဲမှာတော့ Atlas ရဲ့ Stamina လည်း ပါဝင်နေပါတယ်။

Annabelle Easter Egg

photo credit Warner Bros. Pictures

ဒီရုပ်ရှင်ထဲမှာတော့ Conjuring Franchise ထဲက Annabelle အရုပ်လည်း Easter Egg အနေနဲ့ ပါဝင်ခဲ့ပါတယ်။ အဲဒါကတော့ Shazam ဟာ Therapist နဲ့ စကားပြောနေတဲ့အချိန်မှာ ရုံးခန်းထဲမှာ Annabelle အရုပ်ကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီရုပ်ရှင်ကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ David F. Sandberg က Annabelle: Creation ရုပ်ရှင်ကို ရိုက်ကူးခဲ့တာကြောင့် ဖြစ်ပါတယ်။

Starro Easter Egg

photo credit Warner Bros. Pictures

Starro the Conqueror ကတော့ James Gunn ရိုက်ကူးခဲ့တဲ့ The Suicide Squad ရုပ်ရှင်ထဲက အဓိကဗီလိန်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ လူသိပ်သတိမထားမိလောက်တဲ့ Starro နဲ့ ပတ်သက်တဲ့ Easter Egg တစ်ခုလည်း ပါဝင်နေပါတယ်။ အဲဒါကတော့ Shazam နဲ့ Therapist တို့ စကားပြောနေတဲ့ ဇာတ်ဝင်ခန်းထဲမှာပဲ ပါဝင်နေတာ ဖြစ်ပြီး အင်္ဂလိပ်အက္ခရာတွေကို ဖော်ပြထားတဲ့ ပိုစတာတစ်ခုထဲက “S” နေရာမှာ ကြယ်ငါးပုံစံလေး ဖော်ပြထားတာ ဖြစ်ပါတယ်။

ကောမစ်ထဲက Freddy ရဲ့ စူပါဟီးရိုးနာမည်

photo credit DC Comics

ဒီရုပ်ရှင်ထဲမှာတော့ Freddy ဟာ Captain Every Power ဆိုတဲ့နာမည်နဲ့ တစ်ကိုယ်တော်လည်း လှုပ်ရှားနေပါသေးတယ်။ ဒါ့အပြင် တံတားကျိူးကျလို့ လူတွေကို သွားရောက်ကယ်ဆယ်တဲ့ ဇာတ်ဝင်ခန်းမှာဆိုရင်လည်း Freddy ဟာ သူ့ကိုယ်သူ Captain Every Power လို့ မိတ်ဆက်ခဲ့ပြီး Shazam ကိုတော့ သူ့ရဲ့ Sidekick အဖြစ် Captain Every Power Jr. လို့တောင် ပြောခဲ့ပါတယ်။ တကယ်တော့ ကောမစ်ထဲမှာဆိုရင် Freddy ရဲ့ စူပါဟီးရိုးနာမည်အစစ်က Shazam Jr. သို့မဟုတ် Captain Marvel Jr. ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ တကယ်တော့ Freddy ကသာလျှင် Shazam ရဲ့ Sidekick ဖြစ်ပါတယ်။

Shazam ရဲ့ ကျား Sidekick Tawny

photo credit Warner Bros. Pictures

ပထမ Shazam ရုပ်ရှင်နဲ့ ယခုရုပ်ရှင်ထဲမှာ ကျားအရုပ်လိုမျိူး ကျားနဲ့ပတ်သက်တဲ့ Easter Egg တွေ ပါဝင်နေပါတယ်။ အကြောင်းကတော့ Shazam မှာ ကျား Sidekick ဖြစ်တဲ့ Tawny ရှိနေလို့ပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ပိုမိုတိကျတဲ့ Reference တစ်ခု ပါဝင်နေပါတယ်။ တံတားပေါ်က လူတွေကို ကယ်တင်နေတဲ့အချိန်မှာ Darla ဟာ ကြောင်ပေါက်လေးတွေကို ကယ်တင်ခဲ့ပြီး ကြောင်ပေါက်လေးတစ်ကောင်ကိုတော့ အိမ်ကိုခေါ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ အဲဒီကြောင်ပေါက်လေးကို Tawny လို့ ခေါ်ဝေါ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

Batman နဲ့ Flash တို့ရဲ့ အမာခံပရိသတ် Billy

photo credit Warner Bros. Pictures

Billy Batson ဟာ Justice League အဖွဲ့ဝင်တွေရဲ့ အမာခံပရိသတ်တစ်ယောက်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့်လည်း Justice League ထဲကမှ Batman နဲ့ Flash တို့ကတော့ သူ့ရဲ့အကြိုက်ဆုံး စူပါဟီးရိုးနှစ်ယောက် ဖြစ်နေနိုင်ပါတယ်။ အကြောင်းကတော့ Billy ရဲ့အခန်းနံရံတွေမှာ Batman နဲ့ Flash တို့ရဲ့ပုံတွေကို ရေးဆွဲထားလို့ပါပဲ။ ဒါ့အပြင် Rock of Eternity ထဲမှာလည်း Batman ပုံစံနဲ့ ကော်ဖီခွက်ကို မြင်တွေ့ခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ Wonder Woman ကတော့ Billy ရဲ့ပထမဆုံး Crush ဖြစ်နေတယဆိုတာ ဒီရုပ်ရှင်ထဲမှာပဲ သေချာပြသသွားပါတယ်။

Batman နဲ့ Robin

photo credit Warner Bros. Pictures

ဒီရုပ်ရှင်ထဲမှာတော့ Batman နဲ့ Robin ကိုလည်း Reference ပြုလုပ်ထားပါသေးတယ်။ ဒီရုပ်ရှင်တလျှောက်လုံးမှာ Freddy ဟာ Justice League နဲ့ ပတ်သက်တဲ့ တီရှပ်တွေကို ဝတ်ဆင်ခဲ့ပြီး Batman နဲ့ Robin တို့ပုံပါတဲ့ တီရှပ်တွေကိုလည်း ဝတ်ဆင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စဉ်းစားစရာ ဖြစ်လာတာကတော့ ဒီ Robin ဟာ ဘယ်သူ့ကို ဆိုလိုတာလည်းဆိုတာပါပဲ။

လောလောဆယ်မှာတော့ Ben Affleck ရဲ့ Batman ၊ Robert Pattinson ရဲ့ Batman နဲ့ Michael Keaton ရဲ့ Batman ဆိုပြီး သုံးယောက် ရှိနေပါတယ်။ သူတို့သုံးယောက်လုံးရဲ့ Robin တွေကိုတော့ Onscreen မှာ မတွေ့ရသေးပါဘူး။ Ben Affleck ရဲ့ Batman မှာတော့ Robin ရှိခဲ့ဖူးတယ်ဆိုတာ Dawn of Justice ရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရပြီး ကျန်တဲ့နှစ်ယောက်ရဲ့ Robin ကိုတော့ မမြင်ရသေးပါဘူး။ ဒါကြောင့်ပဲ ဒီ Reference ဟာ ဘာကိုဆိုလိုတယ် ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

မီးလောင်နေတဲ့ တယော

photo credit DC Comics

ဒီရုပ်ရှင်တလျှောက်လုံးမှာတော့ Shazam တို့ဟာ မီးလောင်နေတဲ့ တယောဟာ ဘာအတွက်သုံးတဲ့ ပစ္စည်းမှန်း မသိခဲ့ကြပါဘူး။ ဒီတယောကတော့ ပထမဆုံးရုပ်ရှင်မှာကတည်းက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဒီတယောဟာ ၁၉၄၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Cult of the Curse Part 4: Flames of the Magic Fiddle” ဆိုတဲ့ ကောမစ်ထဲက Nero ရဲ့ တယောပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီတယောဟာ မီးတောက်တွေ ပစ်လွှတ်နိုင်တဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။

Fairyland Easter Egg

photo credit Warner Bros. Pictures

ဒီရုပ်ရှင်ထဲမှာတော့ ကောမစ်ထဲက Location တစ်ခုကိုလည်း Reference ပြုလုပ်သွားပါတယ်။ Rock of Eternity ထဲမှာတော့ နေရာပေါင်းစုံကို သွားနိုင်တဲ့ တံခါးပေါက်တွေ ရှိနေပြီး တံခါးပေါက်တစ်ခုမှာတော့ Fairyland လို့ ရေးထားတာ တွေ့ရပါတယ်။ ကောမစ်ထဲမှာတော့ Fairyland သို့မဟုတ် Grimmworld လို့ခေါ်တဲ့ နေရာတစ်ခုရှိပြီး အဲဒီနေရာကတော့ Magical Creature များစွာ နေထိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ဒါရိုက်တာ David F. Sandberg ရဲ့ Cameo

photo credit Warner Bros. Pictures

ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်သူ David F. Sandberg ကလည်း Cameo ပါဝင်ထားပါသေးတယ်။ အဲဒါကတော့ ဇာတ်သိမ်းပိုင်းနားမှာ လူသားတွေကို မွန်းစတားတွေက တိုက်ခိုက်နေတဲ့အချိန်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လေပေါ်ပျံနိုင်တဲ့ မွန်းစတားတစ်ကောင်ဟာ လူတစ်ယောက်ကို ချီသွားပြီး ပြန်လည်ပစ်ချခဲ့တာကို သတိထားမိလိမ့်မယ် ထင်ပါတယ်။ အဲဒီမွန်းစတားကြီး ချီသွားခဲ့တဲ့သူကတော့ အခြားသူမဟုတ်ဘဲ ဒါရိုက်တာ David F. Sandberg ပဲ ဖြစ်ပါတယ်။

၁၉၇၀ ကျော်က Billy Batson သရုပ်ဆောင်ရဲ့ Cameo

photo credit Warner Bros. Pictures

၁၉၇၀ ကျော်မှာတော့ Shazam! ဇာတ်လမ်းတွဲ ထွက်ရှိခဲ့ပြီး သရုပ်ဆောင် Michael Gray ကတော့ အဲဒီဇာတ်လမ်းတွဲထဲမှာ Billy Batson အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ Shazam နဲ့ Kalypso တို့ တိုက်ခိုက်နေကြတဲ့အချိန်မှာ လူတွေဟာ Shazam ကို ဝိုင်းဝန်းအားပေးခဲ့ကြပါတယ်။ အဲဒီဇာတ်ဝင်ခန်းထဲမှာတော့ Michael Gray ကို Billy Batson အဖြစ် သရုပ်ဆောင်ခဲ့တုန်းက ဝတ်ခဲ့ရတဲ့ အနီရောင်ဝတ်စုံနဲ့ပဲ မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် အဲဒီဇာတ်ဝင်ခန်းထဲမှာ Michael Gray က Shazam ကို “မင်းက အကောင်းဆုံး Captain Marvel ပဲ” လို့ ပြောသွားပါသေးတယ်။ အကြောင်းကတော့ Shazam ရဲ့ ပထမဆုံးနာမည်ဟာ Captain Marvel ဖြစ်ပြီး ဒီနာမည်အတွက် Marvel နဲ့ DC တို့ မူပိုင်ခွင့် ပြိုင်ဆိုင်ခဲ့ကြတာကြောင့် နောက်ပိုင်းမှာ Shazam လို့ အမည်ပြောင်းလဲခဲ့ရတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular