HomeEntertainmentFilmShutter Island ရုပ်ရှင်ရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Shutter Island ရုပ်ရှင်ရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်များ

Shutter Island ကတော့ မင်းသား Leonardo DiCaprio ရဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပြီး နာမည်ကျော် ဒါရိုက်တာကြီး Martin Scorsese က ရိုက်ကူး ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ဒါရိုက်တာကြီးရဲ့ ပုံမှန်ဖန်တီးနေကျ လက်ရာတွေနဲ့ ကွဲထွက်နေပြီး ပရိသတ်တွေအတွက်တော့ ပဟေဠိတွေ၊ ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။

ဇာတ်လမ်းကတော့ US Marshal အရာရှိနှစ်ဦးဖြစ်တဲ့ Teddy Daniels နဲ့ Chuck Aule တို့ဟာ ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ကျွန်းပေါ်က စိတ္တဇဆေးရုံတစ်ခုမှာ အကျဉ်းသားတစ်ယောက် လွတ်မြောက်သွားတဲ့အမှုကို ကိုင်တွယ်ဖို့ အဲဒီကျွန်းဆီ လာရောက်ကြပြီးနောက် အဖြေရှာမရနိုင်တဲ့ ကိစ္စတွေနဲ့ ကြုံတွေ့ရတဲ့အကြောင်း ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဖန်တီးမှုနောက်ကွယ်က စိတ်ဝင်စားစရာအချက်တချို့ကတော့ …

Shutter Island ဟာ Leonardo နဲ့ Martin တို့ရဲ့ အော်စကာ စံကာတင်မဝင်တဲ့ တစ်ကားတည်းသောရုပ်ရှင် ဖြစ်ပါတယ်။

Photo Credit: Paramount Pictures/ Dreamwork Pictures

မင်းသား Leonardo နဲ့ ဒါရိုက်တာကြီး Martin Scorsese တို့ဟာ အတွဲညီတဲ့ သရုပ်ဆောင်-ဒါရိုက်တာတွေ ဖြစ်ပြီး နာမည်ကြီးဇာတ်ကားတွေ ဖြစ်တဲ့ The Departed ၊ The Wolf of Wall Street တို့လို ကားတွေကို ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် လက်တွဲ ဖန်တီးထားတဲ့ ဇာတ်ကားတိုင်းဟာ အော်စကာဆုပေးပွဲမှာတော့ စံကာတင်စာရင်းဝင်ခဲ့တာချည်းပါပဲ။ ခြွင်းချက်အနေနဲ့ကတော့ Shutter Island ဟာ အော်စကာမှာ စံကာတင်မဝင်ခဲ့ပါဘူး။ ဒါဟာ Paramount စတူဒီယိုရဲ့ ရုံတင်ရက် ပြောင်းရွှေ့မှုကြောင့်လည်း အော်စကာ စံကာတင်မှာ အကျုံးမဝင်ခဲ့တာ ဖြစ်နိုင်ပါတယ်။

Mark Ruffalo ဟာ Martin Scorsese ဆီ စာရေးပြီး ဒီကားထဲက ဇာတ်ရုပ်ကို ရရှိခဲ့တာပါ။

Photo Credit: Paramount Pictures/ Dreamwork Pictures

တကယ်တော့ ဒီကားထဲက Chuck Aule ဇာတ်ရုပ်အတွက် မူလရွေးချယ်ဖို့ စဉ်းစားထားတဲ့ သရုပ်ဆောင်တွေဟာ Robert Downey Jr. နဲ့ Josh Brolin တို့ ဖြစ်ပါတယ်။ သို့သော်လည်း Mark Ruffalo ဟာ ဒီဇာတ်ရုပ်ကို ကြိုက်နှစ်သက်ပြီး သရုပ်ဆောင်ချင်တာကြောင့် ဒါရိုက်တာ Martin Scorsese ဆီ စာရေးပြီး ပြောပြခဲ့ရာက သရုပ်ဆောင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်အတွက် မူလစဉ်းစားထားတဲ့ အမည်ကတော့ Ashecliffe ဖြစ်ပါတယ်။

Photo Credit: Paramount Pictures/ Dreamwork Pictures

ဒီဇာတ်ကားအတွက် ထုတ်လုပ်ရေး စတင်တဲ့အချိန်မှာတော့ ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ဇာတ်ကားရဲ့နာမည်ကို Ashecliffe လို့ ‌ခေါ်ဆိုဖို့ စဉ်းစားခဲ့ကြပါတယ်။ အကြောင်းကတော့ စိတ္တဇဆေးရုံအကြောင်း ရိုက်ကူးထားတာ ဖြစ်လို့ပါပဲ။ သို့သော်လည်း နောက်ပိုင်းမှာတော့ ဒီဇာတ်ကားက မှီငြမ်းရိုက်ကူးထားတဲ့ ဝတ္ထုအမည် Shutter Island ကိုပဲ ပေးဖြစ်ခဲ့ကြပါတယ်။

ဒီဇာတ်လမ်းရဲ့ prequel ဇာတ်လမ်းတွဲတစ်ခုကို Ashecliffe လို့ အမည်ပေးပြီး ထုတ်လုပ်ဖို့ စီစဉ်ခဲ့ကြပါသေးတယ်။ အဲဒီဇာတ်လမ်းကတော့ စိတ္တဇဆေးရုံအကြောင်းကို အဓိက တင်ဆက်ဖော်ပြဖို့ ဖြစ်ပါတယ်။ မူလကတော့ ဒီဇာတ်လမ်းတွဲကို HBO ကနေ ထုတ်လွှင့်ဖို့တောင် စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အစီအစဉ်တွေဟာ အထမမြောက်ခဲ့ပါဘူး။

ရိုက်ကူးရေးဟာ လေးလခန့် ကြာမြင့်ခဲ့ပါတယ်။

Photo Credit: Paramount Pictures/ Dreamwork Pictures

ဒါရိုက်တာကြီး Martin Scorsese နဲ့ သရုပ်ဆောင်တွေ၊ ရိုက်ကူးရေးအဖွဲ့သားတွေဟာ ဒီဇာတ်ကားကို ၂၀၀၈ ခုနှစ်က ရိုက်ကူးခဲ့တာဖြစ်ပြီး အချိန်အားဖြင့် လေးလခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် နှစ်နှစ်ခန့် ကြာပြီးနောက် ၂၀၁၀ ခုနှစ်မှသာ ဒီဇာတ်ကားကို ရုံတင်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

မူလကစီစဉ်ထားတဲ့ ဇာတ်ကားပုံစံဟာ လုံးဝကွဲပြားပါတယ်။

Photo Credit: Paramount Pictures/ Dreamwork Pictures

Shutter Island ရုပ်ရှင်ကို ပထမဆုံး ရိုက်ကူးဖို့ အပ်နှင်းခံရတဲ့ ဒါရိုက်တာဟာ Martin Scorsese မဟုတ်ပါဘူး။ ဒီဇာတ်ကားက အခြေခံရိုက်ကူးထားတဲ့ ဝတ္ထုအတွက် မူပိုင်ခွင့်ဟာ အဲဒီအချိန်တုန်းက Wolfgang Petersen ဆီ ရောက်ရှိနေခဲ့ပါတယ်။ Wolfgang Petersen ကတော့ စာအုပ်ထဲက ဇာတ်လမ်းကို လုံးဝပြောင်းလဲပစ်ပြီး Shutter Island ကို blockbuster အက်ရှင်ကားအဖြစ် ဖန်တီးဖို့ ဆန္ဒရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ ဒီဇာတ်ကားကို ပုံဖော်ရိုက်ကူးဖို့ ဒါရိုက်တာ David Fincher ကို ကမ်းလှမ်းခဲ့ပါတယ်။ David Fincher ကတော့ Fight Club ၊ Se7en ၊ The Curious Case of Benjamin Button တို့မှာ သူနဲ့အတွဲညီခဲ့တဲ့ မင်းသား Brad Pitt ကို ရွေးချယ်ဖို့ စီစဉ်ခဲ့ပြီး Mark Wahlberg ကိုလည်း Brad Pitt နဲ့အတူ သရုပ်ဆောင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းအစတည်းက ဇာတ်သိမ်းကို Foreshadow ပြသခဲ့ပါတယ်။

Photo Credit: Paramount Pictures/ Dreamwork Pictures

ဒါရိုက်တာ Martin Scorsese ကတော့ ဒီဇာတ်ကားရဲ့ အံ့အားသင့်ဖွယ်ရာ ဇာတ်သိမ်းကို ဇာတ်လမ်းအစပိုင်းမှာတည်းက ရည်ရွယ်ချက်ရှိရှိနဲ့ အရိပ်အမြွက် ပြသခဲ့ပါတယ်။ ဥပမာအနေနဲ့ တချို့ရိုက်ချက်တွေမှာ ဖန်ခွက်ထဲမှာ ရေရှိနေပေမယ့် တချို့ရိုက်ချက်တွေမှာတော့ ရေမရှိဘဲ ခွက်အလွတ် ဖြစ်နေတာကို တွေ့ရမှာပါ။

ဒါကတော့ Shutter Island ဇာတ်ကားရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာအချက်တချို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး စာဖတ်သူတို့ ခံစားမိတဲ့ တခြားအရာတွေ ရှိရင်လည်း ကောမန့်မှာ ဆွေးနွေးခဲ့ပါဦး။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular