HomeCharacterThe Boys Season 3 ထဲမှာ ပါဝင်လာမယ့် Soldier Boy ရဲ့ ကောမစ်ထဲက Origin နဲ့...

The Boys Season 3 ထဲမှာ ပါဝင်လာမယ့် Soldier Boy ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

The Boys Season 3 ကတော့ လာမယ့် ဇွန်လ(၃)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပြီး Jensen Ackles သရုပ်ဆောင်ထားတဲ့ Soldier Boy ဇာတ်ကောင်ကိုလည်း ဒီ Season ထဲမှာ ပထမဆုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ The Boys ဇာတ်လမ်းတွဲကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Boys ကောမစ်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဇာတ်ကောင်အသစ် ဖြစ်တဲ့ Soldier Boy ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Soldier Boy ဟာ Payback အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး အဲဒီအဖွဲ့ထဲမှာတော့ Season 2 မှာ မြင်တွေ့ခဲ့ရတဲ့ Stormfront လည်း ပါဝင်ပါတယ်။ Stormfront ကတော့ ဒီအဖွဲ့ရဲ့ စွမ်းအားအကြီးဆုံးသူ ဖြစ်ပေမယ့်လည်း Soldier Boy ကတော့ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်နေရာကို ရယူဖို့အတွက် အရွေးခံခဲ့ရပါတယ်။ Soldier Boy ဟာ တခြားဟီးရိုးတွေနဲ့ ယှဉ်လိုက်ရင် တုံးအသူတစ်ယောက် ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာလည်း ပျော့ညံ့သူဖြစ်ကာ ငကြောက်လို့တောင် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

The Boys #33 ကောမစ်ရဲ့ မျက်နှာဖုံးကာဗာမှာဆိုရင်တော့ Soldier Boy ရဲ့ ကြောက်လန့်ပြီး သေးထွက်ကျနေတဲ့ပုံကို ထည့်သွင်းထားပါတယ်။ သူဟာ Seven အဖွဲ့ထဲကို ဝင်ချင်စိတ် ပြင်းပြနေတာကြောင့် Homelander နဲ့ ညအိပ်ဖို့ လှည့်စားခံခဲ့ရသေးပါတယ်။ သူ့စိတ်ထဲမှာတော့ ဒီလုပ်ရပ်ဟာ Seven အဖွဲ့ထဲ ဝင်ဖို့အတွက် စမ်းသပ်ချက်တစ်ခုလို့ ထင်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ အလွန်မျိူးချစ်စိတ်ရှိသူတစ်ယောက် ဖြစ်ပြီး အစွန်းရောက်တဲ့အထိပဲ ဖြစ်ပါတယ်။ သူဟာ တိုက်ခိုက်နေတဲ့ အချိန်မှာလည်း တိုက်ပွဲခေါ်သံအနေနဲ့ အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တွေကို ရေရွတ်တတ်တဲ့ အကျင့်တောင် ရှိပါတယ်။

photo via screenrant

အစတုန်းကတော့ ကောမစ်ထဲမှာ Soldier Boy ဟာ ဒုတိယကမ္ဘာစစ်ကတည်းက ဟီးရိုးပြုလုပ်လာတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း Butcher ကတော့ ဒီသတင်းကိုမယုံဘဲ ဒါဟာ ဒုတိယကမ္ဘာစစ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တကယ့်စစ်သားတွေကို စော်ကားတယ်လို့ ယူဆထားပါတယ်။ နောက်ပိုင်းမှာ‌တော့ Butcher ရဲ့ထင်မြင်ချက်က မှန်နေတာကို တွေ့ခဲ့ရပြီး Soldier Boy ဆိုတဲ့အမည်ဟာ တကယ်တော့ လက်ဆင့်ကမ်းလာတာလို့ သိရပါတယ်။ ဒါကြောင့်ပဲ Butcher တို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ Soldier Boy ဟာ ဆယ်စုနှစ်တွေများစွာ အသက်ရှင်သန်လာသူ မဟုတ်ဘဲ Soldier Boy ဆိုတဲ့အမည်ကို ခံယူထားတဲ့ တတိယမြောက်လူ ဖြစ်နေမှန်း သိလိုက်ရပါတယ်။

Soldier Boy ကတော့ Captain America ကို ပြန်လည် လှောင်ပြောင်ထားတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်တာကြောင့် သူ့ရဲ့လုပ်နိုင်စွမ်းတွေကလည်း Captain America နဲ့ ဆင်တူနေပါတယ်။ သူဟာ သာမန်လူတွေထက်ပိုတဲ့ ခွန်အား၊ တုံ့ပြန်မှု၊ လျင်မြန်မှုနဲ့ အကြမ်းခံနိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့်လည်း သူဟာ Captain America လိုမျိူး‌တော့ Healing Power နဲ့ သာမန်လူတွေထက် သာလွန်တဲ့ အာရုံခံနိုင်စွမ်းတွေကို မပိုင်ဆိုင်ဘဲ လျင်မြန်တဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကိုလည်း မပြုလုပ်နိုင်ပါဘူး။

photo via screenrant

ဒါတင်မကသေးဘဲ အပေါ်မှာ ဖော်ပြထားသလိုပဲ သူဟာ တုံးအသူတစ်ယောက် ဖြစ်တာကြောင့် အမြဲတမ်း လူတွေရဲ့ အထင်အမြင်သေးခြင်းကို ခံရလေ့ ရှိပါတယ်။ လက်ဗလာနဲ့ တိုက်ခိုက်မှုမှာဆိုရင်လည်း တခြားဇာတ်ကောင်တွေလောက် ထူးချွန်မှု မရှိတာကြောင့် သူဟာ Butcher ကိုလည်း မကြာခဏ ရှုံးနိမ့်လေ့ ရှိပါတယ်။ ဒါတွေကတော့ ကောမစ်ထဲက Soldier Boy နဲ့ ပတ်သက်တဲ့ အချက်တွေပဲ ဖြစ်ပြီး Live Action ထဲမှာတော့ ဘယ်လိုမျိူး ပြောင်းလဲ ဖန်တီးသွားမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular