HomeCelebs Update NewsInternationalသီချင်းဟောင်းတွေပြန်ထုတ်နေတဲ့ ကုမ္ပဏီဟောင်းကို ဝေဖန်ပြစ်တင်လိုက်တဲ့ Taylor Swift

သီချင်းဟောင်းတွေပြန်ထုတ်နေတဲ့ ကုမ္ပဏီဟောင်းကို ဝေဖန်ပြစ်တင်လိုက်တဲ့ Taylor Swift

အဆိုတော် Taylor Swift ဟာ သူမရဲ့ယခင်က သီချင်းဟောင်းတွေကို တစ်ခါပြန်ထုတ်နေတဲ့ ကုမ္ပဏီဟောင်း Big Machine Records ကို လောဘကြီးပြီး အရှက်မရှိတဲ့ အောက်တန်းစားတွေလို့ ပြောလိုက်ပါတယ်။

Taylor ဟာ Big Machine Records နဲ့ ၂၀၁၈ခုနှစ်က လမ်းခွဲခဲ့ပြီး ဖြစ်ကာ ဓာတ်ပြားကုမ္ပဏီကတော့ ၂၀၀၈ခုနှစ်က ရေဒီယိုရှိုးတစ်ခုအတွက် Taylor ဖျော်ဖြေပေးခဲ့တဲ့ live recording တစ်ခုကို ထပ်မံလွှင့်ထုတ် ရောင်းချလိုက်တာ ဖြစ်ပါတယ်။ ဒီကိစ္စအပေါ် Taylor ကတော့ အောက်တန်းစားဆန်တဲ့လုပ်ရပ်ပါလို့ ဝေဖန်ထားပါတယ်။

” ကျွန်မအရင်က live performance အဖြစ် ဖျော်ဖြေခဲ့ဖူးတာတွေကို အယ်လ်ဘမ်ပုံစံနဲ့ အရင်ဓာတ်ပြားကုမ္ပဏီက ပြန်ထုတ်မယ့်အကြောင်း ကျွန်မ ပရိသတ်တွေက လာသတိပေးကြတယ်။ အဲ့အတွက် ကျွန်မ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အခုထုတ်လိုက်တဲ့ အယ်လ်ဘမ်က ကျွန်မဘက်က သဘောတူထားတာ မဟုတ်ပါဘူး… ” လို့ သူမရဲ့ ဖော်လိုဝါ (၁၃၁)သန်းရှိတဲ့ IG အကောင့်မှာ ပြောလိုက်တာ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

Live From Clear Channel Stripped 2008 လို့ အမည်ပေးထားတဲ့ live performance အယ်လ်ဘမ်ဟာ Taylor အသက်(၁၈)နှစ်အရွယ်တုန်းက ရေဒီယိုရှိုးတစ်ခုအတွက် ‌ဖျော်ဖြေပေးခဲ့တဲ့ collection ဖြစ်ပါတယ်။ ဒါကို အယ်လ်ဘမ်အနေနဲ့ ပြန်ထုတ်ပြီး ရောင်းချတဲ့အပေါ် ” ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေတဲ့အချိန်မှာ တွေ့ရတဲ့ နောက်ထပ် အရှက်မရှိတဲ့ လောဘဇောတိုက်မှုတစ်ခုပေါ့။ ပြောင်ပြောင်တင်းတင်းနဲ့ သိပ်ကို အောက်တန်းစားဆန်ပါတယ်… “ လို့ Taylor က ဝေဖန်ပြောဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Big Machine ဘက်ကတော့ တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

Taylor ဟာ Big Machine နဲ့ စတူဒီယိုအယ်လ်ဘမ် ခြောက်ချပ်တိတိ အသံသွင်းထုတ်ဝေခဲ့ပြီး ၂၀၁၈ခုနှစ်မှာတော့ ကုမ္ပဏီနဲ့ ကျောခိုင်းခဲ့ပါတယ်။ Big Machine ဟာ သူမရဲ့ သီချင်း ကတ်တလော့တစ်ခုလုံးရဲ့ master recording ကို ပိုင်ဆိုင်ထားတာကြောင့် ဂီတလောကရဲ့ အခြေခံ စံသတ်မှတ်ချက်၊ စည်းမျဉ်းဥပဒေတွေအရ သူတို့နဲ့စာချုပ်ချုပ်ထားတဲ့ ကာလအတွင်းမှာ လုပ်ထားခဲ့တဲ့ တေးသီချင်း၊ ဖျော်ဖြေမှုအားလုံးကို ပြန်လည်ထုတ်လွှင့်၊ ရောင်းချပိုင်ခွင့် ရှိပါတယ်။

Photo: taylorswift/ Instagram

Taylor ဟာ Big Machine နဲ့ သူမ ဘဝအစတည်းက လုပ်ထားခဲ့တဲ့ အယ်လ်ဘမ်အားလုံးရဲ့ master recording ပိုင်ဆိုင်ခွင့်ကို ပြန်လည်ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ညှိနှိုင်းမရတဲ့အတွက် ကုမ္ပဏီနဲ့ ကျောခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမရဲ့သီချင်းဟောင်းတွေကို ပြန်လည်အသုံးပြုနေတဲ့အပေါ် ကုမ္ပဏီနဲ့ လူသိရှင်ကြား အငြင်းအခုန်တွေ ဖြစ်ပွားနေခဲ့တာ တစ်နှစ်ကျော် ကြာမြင့်နေခဲ့ပါပြီ။

အဆိုပါ အငြင်းအခုန်တွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာတော့ ပိုပြီးပြင်းထန်လာခဲ့ပါတယ်။ အကြောင်းကတော့ Taylor ရဲ့ မှတ်ချက်စကားတွေကြောင့် မိသားစုကိုပါ အသက်ရန်ရှာတဲ့အထိ ခြိမ်းခြောက်ခံနေရကြောင်း ကုမ္ပဏီရဲ့ ပိုင်ရှင်အသစ်ဖြစ်တဲ့ Scooter Braun က ဖွင့်ဟပြောဆိုလာခဲ့ပြီး နှစ်ဦးနှစ်ဘက် ပြေလည်မှု ရယူဖို့ ငြိမ်းချမ်းရေး တောင်းဆိုခဲ့ပါတယ်။

အခုလက်ရှိမှာတော့ Taylor ဟာ Universal Music Group နဲ့ လက်တွဲ အလုပ်လုပ်နေပါတယ်။

LaNina

 

RELATED ARTICLES

Most Popular