HomeEntertainmentFilmRyan Reynolds ရဲ့ The Adam Project ရုပ်ရှင်ထဲက စိတ်ဝင်စားစရာအချက်များ

Ryan Reynolds ရဲ့ The Adam Project ရုပ်ရှင်ထဲက စိတ်ဝင်စားစရာအချက်များ

Ryan Reynold ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ရုပ်ရှင် The Adam Project ကတော့ Netflix မှာ မတ်လ (၁၁)ရက်နေ့က စတင်ပြသခဲ့ပါတယ်။ ယခုထိတော့ ဒီရုပ်ရှင်ဟာ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေ ရရှိထားသလို rating အနေနဲ့ IMDb(6.7) ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Reference တွေနဲ့ စိတ်ဝင်စားစရာ အချက်တွေလည်း ပါဝင်နေပါတယ်။

(1) ခွေးလေး Hawking

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Adam ဟာ ခွေးလေးတစ်ကောင် မွေးထားပြီး အဲ့ဒီခွေးကိုတော့ Hawking လို့ နာမည်ပေးထားပါတယ်။ နာမည်ကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းရဲ့ ခွေးအမည်ဟာလည်း Hawking ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချက်ကတော့ အိုင်းစတိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကျော် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Back to the Future ထဲမှာလည်း Hawking ဆိုတဲ့ ခွေးလေးတစ်ကောင် ပါဝင်ခဲ့ပါသေးတယ်။

(2) E.T.

photo via screenrant

ဒီရုပ်ရှင်ရဲ့ အစမှာတော့ ငယ်ဘဝ Adam ဟာ အသံတစ်ခု ကြားလိုက်ရတာကြောင့် သူ့ရဲ့ခွေးနဲ့အတူ ဓာတ်မီးတစ်လက်နဲ့ တောထဲကို ထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ တစုံတခုကြောင့် လန့်သွားပြီး ဓာတ်မီးကို ကိုင်ကာ အိမ်ဘက်ကို ပြန်ပြေးလာခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ E.T. The Extra-Terrestrial ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းနဲ့ တထပ်တည်းနီးပါးကို တူညီနေတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း နာမည်ကျော် E.T. ရုပ်ရှင်ကို Reference လုပ်ထားတယ်ဆိုတာ သိသာစေပါတယ်။

(3) Star Wars

photo via screenrant

Star Wars Franchise ကတော့ ၁၉၇၀ ကျော်ကတည်းက စတင်ထွက်ရှိခဲ့တာ ဖြစ်ပြီး အကောင်းဆုံး စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ The Adam Project ထဲမှာလည်း Star Wars နဲ့ ပတ်သက်တဲ့ Reference တွေကို ထည့်သွင်းထားပါသေးတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ လူကြီး Adam ဟာ Lightsaber နဲ့ ဆင်တူတဲ့ လက်နက်ကို အသုံးပြုပြီး တိုက်ခိုက်တာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် တိုက်ခိုက်တဲ့ ပုံစံကလည်း Star Wars ထဲက ပုံစံတွေနဲ့ ဆင်တူနေပါတယ်။

(4) The Terminator

photo via screenrant

Adam Project ရုပ်ရှင်ကတော့ အချိန်ခရီးသွားဇာတ်လမ်း ဖြစ်တာနဲ့အညီ ယခင်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး အချိန်ခရီးသွား ရုပ်ရှင်တွေနဲ့ ပတ်သက်တဲ့ Reference တွေ ပါဝင်နေပါတယ်။ ဇာတ်ဝင်ခန်းတစ်နေရာမှာတော့ လူကြီး Adam ဟာ ၂၀၅၀ ခုနှစ်မှာ သာယာတဲ့နေ့ ဆိုရင်တောင် The Terminator ထဲကလိုပဲလို့ ပြောခဲ့ပါတယ်။ The Terminator ရုပ်ရှင်ထဲက အနာဂတ်မှာတော့ လူသားတွေဟာ စက်ရုပ်တွေနဲ့ စစ်ဖြစ်နေကြပြီး ရှုံးနိမ့်လုနီးပါး ဖြစ်နေပါတယ်။ ဒီအချက်အတိုင်းသာ ဆိုရင်တော့ လူကြီး Adam လာခဲ့တဲ့ အနာဂတ်ဟာ အတော်လေး ဆိုးရွားနေတာ ဖြစ်လောက်ပါတယ်။

(5) Face/Off

photo via screenrant

လူကြီး Adam နဲ့ ကလေး Adam တို့ နှစ်ယောက်ဟာ သူတို့ရဲ့ အဖေကို တွေ့ဖို့အတွက် ၂၀၁၈ ခုနှစ်ကို အချိန်ခရီးသွားခဲ့ပြီး သူတို့အဖေ သင်ကြားနေတဲ့ စာသင်ခန်းထဲကို ဝင်လာခဲ့ကြပါတယ်။ အဲ့ဒီစာသင်ခန်းထဲမှာတော့ ကျောင်းသူတစ်ယောက်ဟာ Nicholas Cage မျက်နှာပုံပါတဲ့ အင်္ကျီကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ ဒါဟာလည်း နာမည်ကြီး စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်ဖြစ်တဲ့ Face/Off ကို Reference လုပ်ထားတာ ဖြစ်ပါတယ်။

(6) အချိန်ခရီးသွားခြင်းရဲ့ ဖခင်ကြီး

photo via screenrant

Louis Reed ဟာ သူ့သားရဲ့ ဗားရှင်းနှစ်မျိူးကို မြင်တွေ့လိုက်ရတဲ့ အချိန်မှာတော့ သူ့ရဲ့သုတေသနတွေဟာ အချိန်ခရီးသွားခြင်းကို စတင်ဖြစ်ပေါ်လာစေခဲ့ကြောင်း သိလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာတော့ သူဟာ မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေတဲ့ မျက်လုံးနဲ့ “ငါဟာ အချိန်ခရီးသွားခြင်းရဲ့ ဖခင်တစ်ယောက်လား?” လို့ ပြောလိုက်ပါတယ်။

Louis နေရာမှာ သရုပ်ဆောင်ထားတဲ့ Mark Ruffalo ကတော့ MCU ထဲမှာ Hulk အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး Endgame ထဲမှာဆိုရင်လည်း သူဟာ အချိန်ခရီးသွားခြင်းကို ပထမဆုံး ဖန်တီးတဲ့အချိန်မှာ အဓိကနေရာက ပါဝင်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူဟာ Jennifer Garner ရဲ့ နာမည်ကြီးဇာတ်ကား 13 Going on 30 ဆိုတဲ့ အချိန်ခရီးသွားတဲ့ ရုပ်ရှင်ကားမှာလည်း ပါဝင်ခဲ့ဖူးပါသေးတယ်။

(7) MCU Easter Egg

photo via screenrant

နောက်ဆုံး Easter Egg တစ်ခုကတော့ MCU နဲ့ ပတ်သက်နေတဲ့ Easter Egg တစ်ခု ဖြစ်ပါတယ်။ Ryan Reynold ကိုတော့ Deadpool အဖြစ် လူသိများကြပြီး Mark Ruffalo ကတော့ MCU ထဲမှာ Hulk အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ဒီရုပ်ရှင်ထဲမှာ ပါဝင်နေကြတာကြောင့် သူတို့နှစ်ယောက်ရဲ့ ဇာတ်ကောင်တွေကိုလည်း Easter Egg အနေနဲ့ ပြန်လည် ထည့်သွင်းထားပါတယ်။ ဇာတ်သိမ်းခန်းမှာတော့ Louis ၊ လူကြီး Adam နဲ့ ကလေး Adam တို့ဟာ ဘောလုံးပစ်တမ်း ကစားဖို့အတွက် ဘူးတစ်ခုထဲက လက်အိတ်နဲ့ ဘောလုံးကို ယူလိုက်ပါတယ်။ အဲ့ဒီအချိန်မှာတော့ အဲ့ဒီဘူးရဲ့ အဖုံးမှာ Deadpool လိုဂိုနဲ့ Hulk ပုံစံ စတေကာတွေကို ကပ်ထားတာ တွေ့ရပါတယ်။

ဒါကတော့ Adam Project ရုပ်ရှင်ဇာတ်ကားထဲက အခြားနာမည်ကြီးရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး ရည်ညွှန်းထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ ဒီဇာတ်ကားထဲက အခြားအချက်တွေ ရှိရင်လည်း ပြန်လည် ဝေမျှခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular