HomeEntertainmentFilmThe Boys Season 3 ဇာတ်သိမ်းပိုင်းထဲက စိတ်ဝင်စားစရာအချက်များ

The Boys Season 3 ဇာတ်သိမ်းပိုင်းထဲက စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

The Boys Season 3 ကတော့ မကြာ‌သေးခင်ကပဲ အပိုင်း(၈)ပိုင်းနဲ့ ဇာတ်သိမ်းသွားပြီ ဖြစ်ပြီး ဒီအပိုင်းထဲမှာတော့ Soldier Boy ၊ Homelander နဲ့ Butcher တို့ရဲ့ သုံးပွင့်ဆိုင် တိုက်ခိုက်မှုကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဇာတ်လမ်းတွဲ တလျှောက်လုံးမှာ လုပ်ကွက်သိပ်မရခဲ့တဲ့ Queen Maeve ဟာလည်း Homelander နဲ့ တစ်ယောက်ချင်း ယှဉ်တိုက်ခိုက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ပရိသတ်တွေကတော့ ဒီအက်ရှင်ခန်းတွေမှာ နစ်မျောနေတာကြောင့် ဒီအပိုင်းထဲက စိတ်ဝင်စားစရာအချို့ကို သတိမထားမိခဲ့တာမျိူးတွေ ရှိနိုင်ပါတယ်။

(1) Hughie ရဲ့မိခင်

photo via screenrant

ဒီဇာတ်လမ်းတွဲ တလျှောက်လုံးမှာ Hughie ရဲ့ ဘဝအကြောင်းကို သိပ်ပြီးမဖော်ပြခဲ့ပါဘူး။ Hughie ရဲ့ အဖေနေရာမှာ သရုပ်ဆောင်ထားတဲ့ Simon Pegg ကတော့ ဇာတ်ဝင်ခန်းအချို့မှာ ပါဝင်ခဲ့ပြီး သူ့ရဲ့အမေကတော့ ဘယ်သူဘယ်ဝါမှန်း မသိခဲ့ရပါဘူး။ ဒီအပိုင်းထဲမှာတော့ Hughie ဟာ သူ့ရဲ့အမေအကြောင်းကို အနည်းငယ် ပြောပြသွားပါတယ်။ အဲဒါကတော့ သူငယ်ငယ်ကတည်းက သူ့ရဲ့အမေဟာ ထွက်သွားခဲ့တယ် ဆိုတာပဲ ဖြစ်ပြီး Hughie အပါအဝင် ပရိသတ်တွေဟာ သူ့ရဲ့အမေ ဘာကြောင့် ထွက်သွားမှန်း မသိခဲ့ရပါဘူး။ သီအိုရီတစ်ခုအရ ဆိုရင်တော့ Hughie ရဲ့ အမေဟာ Supe ဖြစ်နေနိုင်သလို နောက်တစ်မျိူးကတော့ Hughie ဟာ Supe ဖြစ်မလာတာကြောင့် ထွက်သွားတာလို့ ဆိုပါတယ်။

(2) Homelander အပြင် နောက်ထပ်ကလေး ရှိနေနိုင်သေးတဲ့ Soldier Boy

photo via screenrant

ဒီအပိုင်းထဲမှာတော့ Soldier Boy ဟာ Homelander အပြင် တခြားကလေးတွေ ရှိနေနိုင်သေးကြောင်း အရိပ်အမြွက် ပြောပြသွားပါတယ်။ Homelander ကတော့ Soldier Boy ရဲ့ DNA ကို အသုံးပြုပြီး ဖန်တီးထားတာ ဖြစ်ပြီး Soldier Boy ရဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒတွေကြောင့် တခြားသော ကလေးတွေလည်း ရှိနေနိုင်ပါသေးတယ်။ ဒါကိုလည်း Soldier Boy ကိုယ်တိုင်က အမြဲတမ်း ကလေးလိုချင်ခဲ့ပြီး သူ့ရဲ့ကလေးတွေဟာ တစ်နေရာရာမှာ ရှိနေမယ်လို့ ယူဆခဲ့‌ကြောင်း ပြောပြထားပါတယ်။

ဒါ့အပြင် Homelander နဲ့ Becca တို့ဟာလည်း Supe နဲ့ သာမန်လူသားတို့ အတူနေပြီး မွေးရာပါ စွမ်းအားတွေ ရရှိထားတဲ့ ကလေးရနိုင်တယ်ဆိုတာကို ပြသပြီးပါပြီ။ Soldier Boy ဟာလည်း သူ့ရဲ့ Personality အရ သာမန်လူသား မိန်းကလေးတွေများစွာနဲ့လည်း အတူနေထားမယ် ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Soldier Boy မှာ နောက်ထပ်ကလေးတွေ ရှိနေဦးမလား ဆိုတာကိုတော့ Season 4 မှာ မြင်တွေ့ရနိုင်ပါတယ်။

(3) Black Noir နဲ့ Homelander တို့ဇာတ်လမ်းကို ပြောင်းပြန်လုပ်ပစ်ခဲ့တဲ့ Season 3

photo via screenrant

ဒီအပိုင်းထဲမှာတော့ ပရိသတ်တွေအတွက် အံ့ဩစရာတွေများစွာ ပါဝင်နေပြီး အဲဒီထဲကတစ်ခုကတော့ Homelander ဟာ Black Noir ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တာလည်း ပါဝင်နေပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ အစကတည်းက Black Noir ကို ပြောင်းလဲမှုတွေ ပြုလုပ်ထားပြီး ကောမစ်ထဲမှာတော့ Black Noir ဟာ Homelander ရဲ့ Clone ဖြစ်နေပါတယ်။ ဒါ့အပြင် ကောမစ်ထဲမှာတော့ Homelander ကို သတ်ခဲ့သူဟာ Black Noir ဖြစ်နေပြီး ဒီဇာတ်လမ်းတွဲထဲမှာတော့ အဲဒီဇာတ်လမ်းကို ပြောင်းပြန်လုပ်ပစ်ခဲ့ပါတယ်။

(4) Captain America Reference

photo via screenrant

Season 3 ထဲမှာတော့ Soldier Boy ကို စတင်မိတ်ဆက်ခဲ့ပြီး ဒီဇာတ်ကောင် စတင်ပါဝင်လာတဲ့ အချိန်ကတည်းက Captain America နဲ့ ဆင်တူတဲ့ အချက်တွေများစွာ ပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ကမ္ဘာစစ်အတွင်းက Super-Soldier တွေ ဖြစ်ကြပြီး ယခုခေတ်ကျမှ ပြန်လည် နိုးထလာကြသူတွေလည်း ဖြစ်ပါတယ်။ ဇာတ်ကောင်ရဲ့ ဒီဇိုင်းဟာလည်း ခပ်ဆင်ဆင်ပဲ ဖြစ်ပြီး ဒီအပိုင်းထဲမှာတော့ Captain America ရဲ့ အမှတ်ရစရာ အကောင်းဆုံး ဖြစ်ရပ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ Soldier Boy ရဲ့ဒိုင်းဟာ Butcher ရဲ့လေဆာနဲ့ M.M ရဲ့ သေနတ်ကြောင့် ကျိူးပဲ့သွားတဲ့ ဇာတ်ဝင်ခန်းပဲ ဖြစ်ပါတယ်။ အလားတူပဲ Avengers: Endgame ထဲမှာလည်း Captain America ရဲ့ ဒိုင်းဟာ Thanos နဲ့ တိုက်ခိုက်နေရင်း ကျိူးပဲ့သွားခဲ့ပါတယ်။

(5) လေပေါ်ပျံလို့ရတဲ့ Starlight

photo via screenrant

ဒီဇာတ်လမ်းတွဲ တလျှောက်လုံးမှာတော့ Starlight ဟာ လေပေါ်ပျံနိုင်တယ်ဆိုတာ မပြသခဲ့ပါဘူး နောက်ဆုံးအပိုင်းမှာတော့ သူမဟာ စွမ်းအားတွေ ပြည့်သွားတဲ့ အချိန်မှာ တဖြည်းဖြည်း လေပေါ်မြောက်တက်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Vought ရဲ့ Supe တွေအများစုဟာ လေပေါ်ပျံနိုင်စွမ်းကို ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ အဲဒီအချက်ကို သိသိသာသာ ပြောင်းလဲထားပါတယ်။ Starlight ကတော့ Vought ရဲ့ Supe တွေထဲမှာ အနည်းငယ် အားနည်းတဲ့ထဲမှာ ပါဝင်နေပြီး ဒီအပိုင်းထဲက Soldier Boy ကို တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းကတော့ သူမအတွက် စွမ်းအားအကြီးဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Starlight ဟာ လေပေါ်ပျံနိုင်တာကို မြင်တွေ့ရပြီး အသစ်ထွက်လာမယ့် Season တွေထဲမှာလည်း သူမဟာ တဖြည်းဖြည်းနဲ့ စွမ်းအားတွေ ကြီးမားလာမယ်လို့ ယူဆရပါတယ်။

(6) ကောမစ်ထဲကနဲ့ မတူတဲ့ Queen Maeve ရဲ့ကံကြမ္မာ

photo via screenrant

ဒီအပိုင်းထဲမှာတော့ Queen Maeve ဟာ Starlight အပါအဝင် အားလုံးကို ကယ်တင်ခဲ့ပြီး ဒီလိုကယ်တင်ခဲ့တဲ့အတွက် သူမဟာ စွမ်းအားတွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ ကောမစ်ထဲမှာလည်း Queen Maeve ဟာ Starlight ကို ကယ်တင်ခဲ့ပေမယ့်လည်း ဖြစ်ရပ်တွေကတော့ ကွာခြားနေပါတယ်။ ကောမစ်ထဲမှာတော့ Queen Maeve ဟာ Homelander လက်က ထွက်ပြေးနေတဲ့ Starlight ကို The Seven တာဝါထဲက ပစ်ထုတ်ပြီး ကယ်တင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒေါသထွက်နေတဲ့ Homelander ဟာ Queen Maeve ကို သတ်ပစ်ခဲ့ပါတယ်။ ဒီအချက်ကြောင့်ပဲ ဇာတ်သိမ်းပိုင်း မထွက်ခင်အထိ Queen Maeve ဟာ Starlight ကို ကယ်တင်ရင်းနဲ့ သေဆုံးသွားမယ်လို့ ပရိသတ်တွေက ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။

(7) ပြန်လည်ပါဝင်လာတဲ့ Queen Maeve ရဲ့ရည်းစားဟောင်း

photo via screenrant

Queen Maeve ဟာ Starlight အပါအဝင်အားလုံးကို ကယ်တင်ပြီးတဲ့ နောက်မှာတော့ လူထုအမြင်မှာ သေသွားပြီလို့ ထင်အောင် ပြုလုပ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်မှာတော့ Vought ရဲ့ CEO ဖြစ်သူ Ashley ကလည်း ကူညီခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Starlight ဟာ Queen Maeve ကို သွားရောက်တွေ့ဆုံခဲ့ချိန်မှာ Queen Maeve ရဲ့ ရည်းစားဟောင်းဖြစ်သူ Elena ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ Season 2 ထဲမှာတော့ Elena ဟာ Queen Maeve ကို ထားသွားပေမယ့်လည်း ယခုအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ ပြန်လည်အဆင်ပြေသွားပြီး ဘဝသစ် စတော့မယ်လို့ ဖော်ပြသွားပါတယ်။

(8) ကောမစ်ထဲက Queen Maeve ဟာလည်း လေပေါ်ပျံနိုင်ပါတယ်။

photo via screenrant

ဒီအပိုင်းရဲ့ ဇာတ်သိမ်းခန်းမှာတော့ Queen Maeve ဟာ Starlight ကို နှုတ်ဆက်ခဲ့ပြီး “ငါက ခုန်နိုင်တယ်ဆို နင်က ပျံနိုင်ပါတယ်” လို့ ပြောသွားပါတယ်။ တကယ်တော့ ကောမစ်ထဲက Queen Maeve ဟာလည်း လေပေါ်ပျံနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် The Boys Presents: Diabolical ထဲမှာလည်း Queen Maeve ဟာ လေပေါ်ပျံနိုင်စွမ်း ရှိနေတာကို ပြသထားပါသေးတယ်။ အဲဒီ Animation Series ထဲမှာတော့ Queen Maeve ရဲ့ ဒီဇိုင်းဟာ ကောမစ်ထဲကပုံစံနဲ့ ပိုပြီးတော့ တူအောင် ဖန်တီးထားပါသေးတယ်။

(9) ကောမစ်ထဲကအတိုင်း ဖြစ်လာတဲ့ Victoria Neuman

photo via screenrant

ဇာတ်သိမ်းပိုင်းထဲမှာတော့ Homelander ဟာ The Deep ကို ဒုတိယသမ္မတနေရာမှာ ဝင်ပြိုင်မယ့်သူကို သွားသတ်ခိုင်းခဲ့ပါတယ်။ လစ်ဟာသွားတဲ့ ဒုတိယသမ္မတနေရာမှာတော့ Victoria Neuman က ဝင်အရွေးခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပိုင်းတုန်းကတော့ Homelander နဲ့ Victoria တို့ဟာ အပေးအယူ ပြုလုပ်ခဲ့ပြီး ဇာတ်သိမ်းပိုင်းမှာတော့ အဲဒီအပေးအယူက ဘာလည်းဆိုတာကို သိခဲ့ရပါတယ်။ ကောမစ်ထဲမှာလည်း Victoria ဟာ သမ္မတ Robert ‘Dakota Bob’ Schaefer ရဲ့ လက်အောက်မှာ ဒုတိယသမ္မတ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာတော့ သူမဟာ အမေရိကန်နိုင်ငံရဲ့ သမ္မတအထိ ဖြစ်လာခဲ့ပြီး အဲဒီနောက်မှာတော့ Homelander ဟာ Supe Army တစ်ခုနဲ့အတူ Washington မြို့တော်ကို တိုက်ခိုက်ခဲ့ပါသေးတယ်။ ယခုအချိန်မှာတော့ Victoria ဟာ ဒုတိယသမ္မတနေရာက ဝင်အရွေးခံနေပြီ ဖြစ်တာကြောင့် နောက်ထပ် Season တွေမှာ ဒီဇာတ်လမ်းကို မြင်တွေ့ရမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular