HomeEntertainmentFilmMichael Keaton ရဲ့ Batman နဲ့ Barry Allen နှစ်ယောက် ပါဝင်လာတဲ့ The Flash ထွေလာ

Michael Keaton ရဲ့ Batman နဲ့ Barry Allen နှစ်ယောက် ပါဝင်လာတဲ့ The Flash ထွေလာ

Warner Bros. နဲ့ DC စတူဒီယိုရဲ့ The Flash ရုပ်ရှင်ထွေလာကတော့ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေပေမယ့် နှောင့်နှေးကြန့်ကြာမှုတွေ များစွာရှိခဲ့ပါတယ်။ ရိုက်ကူးရေးအတွက် ပြင်ဆင်နေဆဲ ကာလအတွင်းမှာပဲ ဇာတ်ညွှန်းရေးသားသူနဲ့ ဒါရိုက်တာ အပြောင်းအလဲတွေလည်း ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဒီဇာတ်ကားအတွက် ဇာတ်ညွှန်းကို Birds of Prey ရုပ်ရှင်ကို ဇာတ်ညွှန်းရေးသားပေးခဲ့တဲ့ Christina Hodson က တာဝန်ယူခဲ့ရပြီး ဒါရိုက်တာအတွက်ကိုတော့ IT ရုပ်ရှင်ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Andy Muschietti က တာဝန်ယူခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ရိုက်ကူးရေးအပိုင်းဟာ မြန်မြန်ဆန်ဆန် ရှေ့ဆက်နိုင်ခဲ့ပြီး ပရိသတ်တွေအတွက် အံ့ဩစရာတွေလည်း ယူဆောင်လာခဲ့ပါတယ်။

Photo via IMDb

အဲဒါကတော့ ၁၉၈၉ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Tim Burton ရိုက်ကူးပေးခဲ့တဲ့ Batman ရုပ်ရှင်ထဲက မင်းသားကြီး Michael Keaton လည်း ယခုထွက်ရှိမယ့် The Flash ရုပ်ရှင်မှာ ပါဝင်လာမယ်ဆိုတာပါပဲ။ Batman နေရာမှာတော့ မင်းသားကြီး Keaton တင်မဟုတ်ဘဲ Ben Affleck လည်း ပါဝင်လာဦးမှာ ဖြစ်ကာ Supergirl နေရာမှာတော့ Sasha Calle က ပွဲဦးထွက် ပါဝင်လာမှာ ဖြစ်ပါတယ်။

လူသားကာရိုက်တာတွေ နေရာမှာတော့ Zack Snyder’s Justice League ထဲက Iris West အဖြစ် သရုပ်ဆောင်ထားတဲ့ Kiersey Clemons ၊ Barry ရဲ့ ဖခင်ဖြစ်သူ Henry နေရာမှာတော့ Ron Livingston ၊ Barry ရဲ့ မိခင်ဖြစ်သူ Nora နေရာမှာတော့ Maribel Verdu တို့က ပါဝင်သွားမှာ ဖြစ်ပါတယ်။

The Flash ရုပ်ရှင်နဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားစရာကောင်းတာကတော့ multiverse နဲ့ သက်ဆိုင်တဲ့ ဇာတ်လမ်းဖြစ်ရုံသာမက နှစ်သုံးဆယ်ကြာပြီးမှ Batman အဖြစ် ပြန်လာမယ့် Michael Keaton ကြောင့်လည်း အခုလို စိတ်ဝင်စားစရာ ဖြစ်နေတာပါ။

Photo Credit: Warner Bros./ DC Studios

2021 DC FanDome မှာ ထွက်ရှိလာတဲ့ The Flash ထွေလာမှာတော့ အချိန်ခရီးသွားပြီး မိခင်ဖြစ်သူဆီ ပြန်သွားတဲ့ Barry Allen ကို ပြသကာ Flashpoint ဇာတ်လမ်းကို အမြည်းပေးသွားသလို ဒုတိယ Barry Allen ဗားရှင်းကို ပြသကာ multiverse ဇာတ်လမ်းကိုလည်း အရိပ်အမြွက် ထည့်သွင်းထားတာ တွေ့ရပါတယ်။

အဲဒီနောက် batcave ထဲက ထွက်လာတဲ့ Michael Keaton ရဲ့ Batman ကို ကြည့်ခြင်းအားဖြင့် ကာရိုက်တာတစ်ခုတည်း ပြန်ပါလာတာ မဟုတ်ဘဲ သူ့ရဲ့ တည်နေရာနဲ့ universe ကပါ The Flash ထဲမှာ ပါဝင်လာမယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် ဗွီဒီယိုထဲမှာ ပြသသွားတဲ့ Wayne စံအိမ်တော်ကြီးဟာလည်း Keaton Batman ရဲ့ စံအိမ်တော်ကြီး ဖြစ်နေနိုင်ပါတယ်။

ဒါ့အပြင် ရိုက်ကွင်းပေါ်က တရားမဝင် leak ဖြစ်လာတဲ့ ပုံရိပ်တွေထဲက Barry Allen နှစ်ယောက် ပါလာမယ်ဆိုတာကိုလည်း ဒီထွေလာက အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ဆံပင်အရှည်နဲ့ Barry ဟာ ဘယ် universe က လာတယ်ဆိုတာ စိတ်ဝင်စားစရာကောင်းသလို ဖြစ်နိုင်တာကတော့ သူဟာ Keaton Batman ရဲ့ universe က လာတာလည်း ဖြစ်နိုင်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာကတော့ ပါဝင်လာမယ်လို့ အတည်ပြုပြီး ဖြစ်ပေမယ့် ယခုထွေလာထဲမှာ လုံးဝမတွေ့ရသေးတဲ့ Ben Affleck ရဲ့ Batman ပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကြမ်းပြင်ပေါ်မှာ တစစီ ပျံ့ကြဲနေတဲ့ Batman ဝတ်ရုံအခန်းတစ်ခန်းလည်း ပါဝင်ထားတာကြောင့် ဒါဟာ Ben Affleck ရဲ့ Batman က စောစောစီးစီး ဇာတ်သိမ်းသွားတာလားလို့ တွေးစရာ ရှိပါတယ်။ ဒီအတိုင်းဆိုရင်တော့ ဒီရုပ်ရှင်ထဲမှာ Ben Affleck ရဲ့ Batman ဟာ role အနည်းငယ်ပဲ ပါဝင်တာလားလို့ တွေးစရာ ရှိပေမယ့် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Linda December

Source: screenrant

RELATED ARTICLES

Most Popular