HomeEntertainmentFilmThe Boys အပိုင်း(၇)ထဲက စိတ်ဝင်စားစရာအချက်များ 

The Boys အပိုင်း(၇)ထဲက စိတ်ဝင်စားစရာအချက်များ 

*** SPOILER ALERT ***

The Boys ဇာတ်လမ်းတွဲရဲ့ season (3) အပိုင်း(၇)ဖြစ်တဲ့ “Here Comes A Candle To Light You To Bed” အပိုင်းထဲမှာတော့ ဇာတ်လမ်းတလျှောက်လုံး ပဟေဠိဖြစ်လာတဲ့ မေးခွန်းအများစုကို အဖြေပေးသွားပါတယ်။ ဒီအပိုင်းကတော့ Herogasm က ပေါက်ကွဲမှုအပြီးမှာ Hughie နဲ့ Butcher တို့ရဲ့ အကူအညီနဲ့ Mindstorm နောက်ကို လိုက်ဖို့ပြင်နေတဲ့ Soldier Boy ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီနောက် သူတို့သုံးယောက်ပေါင်းပြီး Mindstorm ဆီကို တကယ်လိုက်သွားတဲ့အခါမှာတော့ စီစဉ်ထားသလို မဖြစ်ဘဲ Butcher ဟာ Mindstorm ရဲ့ စိတ်အကျဉ်းထောင်ထဲမှာ ပိတ်မိနေတာကြောင့် Hughie ဟာ Soldier Boy ကို အာခံပြီး Butcher ကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။

အဲဒီအချိန်မှာပဲ Black Noir ကတော့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့အတူ Payback အဖွဲ့ရဲ့ ဖြစ်ရပ်အသေးစိတ်တွေကို ပြန်လည်မြင်ယောင်နေပါတယ်။ ဒီလိုနဲ့ ဒီအပိုင်းရဲ့အဆုံးသတ်မှာတော့ Soldier Boy ဟာ Homelander ရဲ့ တကယ့်အဖေရင်း ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဒါကြောင့်ပဲ ဒီအပိုင်းထဲမှာ ဖြေရှင်းသွားတဲ့ မေးခွန်းတွေ၊ ပဟေဠိတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ တချို့အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

Homelander ရဲ့ Origin

Photo Credit: Amazon Prime

ဒီအပိုင်းရဲ့ အဆုံးသတ်နားမှာတော့ Soldier Boy ဟာ Homelander ဆီကို ဖုန်းခေါ်လိုက်ပြီး Vogelbaum ဟာ သူ့ဆီက သုတ်ပိုးတွေ လာယူဖူးတဲ့အကြောင်း ပြောပြလိုက်ပါတယ်။ ဒါကြောင့်ပဲ Homelander ဟာ Soldier Boy ရဲ့ သားအရင်း ဖြစ်နေတယ်ဆိုတာ အံ့ဩဖွယ်ရာ သိလိုက်ရပါတယ်။

ဒီအပိုင်းထဲမှာတော့ ချစ်ခြင်းမေတ္တာကို ငတ်မွတ်နေတဲ့ Homelander ရဲ့စိတ်ဟာ အတော်လေး ပြင်းထန်လာတာ တွေ့ရပါတယ်။ အကျဉ်းအကျပ်ကျနေချိန်မှာ နွားမကြီးရဲ့ နွားနို့ကို ညှစ်သောက်ပြီး အားတင်းတာက အစပြုလို့ Maeve ဆီက မမျိုးဥကိုယူပြီး သူ့ရဲ့သုတ်ပိုးနဲ့ ပေါင်းစပ်ကာ ကလေးတစ်ယောက် မွေးဖို့အထိ စီစဉ်နေတာကို ကြည့်ရင် Homelander ဟာ သူတစ်ပါးဆီက ချစ်ခင်ကြင်နာမှုကို အလွန်လိုချင်တောင့်တနေမှန်း သိသာပါတယ်။

ဒါကြောင့်ပဲ Soldier Boy ဟာ သူ့ရဲ့အဖေအရင်း ဖြစ်နေတာကို သိလိုက်ရပြီး နောက်မှာတော့ Homelander ရဲ့ ကာရိုက်တာဟာ ပြောင်းလဲမှုတွေ ဖြစ်သွားနိုင်ပါတယ်။ ဒီလောက်ထိ အချစ်ခံရဖို့ကို ငတ်မွတ်တောင့်တနေသူဟာ အဖေအရင်းကို သိလိုက်ရပြီ ဖြစ်တာကြောင့် Homelander ဟာ အရည်ပျော်သွားနိုင်ပါတယ်။ Soldier Boy ကတော့ ဒါကို အခွင့်ကောင်းယူပြီး သူ့ရဲ့ကိုယ်ကျိုးအတွက် ကောင်းကောင်းကြီး အသုံးချတော့မယ်လို့ ယူဆရပါတယ်။

ကောမစ်ကာရိုက်တာ ဗားရှင်းတွေကို ပေါင်းစပ်ထားတဲ့ Soldier Boy

Photo Credit: Amazon Prime

The Boys ကောမစ်ထဲမှာတော့ Soldier Boy ဟာ ဗားရှင်းအမျိုးမျိုး ရှိပါတယ်။ ပထမဆုံးဗားရှင်းကတော့ စကားကြီးစကားကျယ် ပြောတတ်ပေမယ့် တကယ်တမ်းမှာ အဖြစ်မရှိတဲ့သူဖြစ်ပြီး Payback အဖွဲ့နဲ့အတူ ဒုတိယကမ္ဘာစစ်အတွင်းမှာ တိုက်ပွဲဝင်ရင်း တိုက်ပွဲမှာ ကျဆုံးသွားသူ ဖြစ်ပါတယ်။

ဒုတိယဗားရှင်းကတော့ လက်ရှိခေတ်က Soldier Boy ဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့တဲ့ အတုအယောင် လူလိမ်တစ်ယောက် ဖြစ်ပါတယ်။ Jensen Ackles သရုပ်ဆောင်ထားတဲ့ Soldier Boy ကတော့ ယူနီဖောင်းက အစပြုပြီး ဒုတိယကမ္ဘာစစ်ကာလက ဗားရှင်းကို ပုံဖော်ထားမှန်း သိသာခဲ့ပြီး ယခုအပိုင်း(၇)မှာ မြင်တွေ့ခဲ့ရပုံအရ လက်ရှိခေတ်က ဗားရှင်းနဲ့လည်း ရောသမမွှေထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ရုရှားတွေဟာ Soldier Boy ကို ဘယ်လိုထိန်းချုပ်ထားခဲ့လဲ

Photo Credit: Amazon Prime

Frenchie ရဲ့ တွေ့ရှိချက်အရ ရုရှားတွေဟာ Novichok ဆိုတဲ့အရာကို သုံးပြီး Soldier Boy ကို ဆယ်စုနှစ်များစွာ ထိန်းချုပ်ထားခဲ့တယ်လို့ သိလိုက်ရပါတယ်။ Novichok ကတော့ အာရုံကြောတွေကို ထိန်းချုပ်ပေးတဲ့ ဓာတ်ပစ္စည်းတစ်ခု ဖြစ်ပြီး supe မဟုတ်တဲ့ သာမန်လူတွေကို သေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ သို့သော်လည်း Soldier Boy ကို Novichok သုံးလိုက်ရင်တော့ အကြောတွေဆိုင်းပြီး လဲကျ၊ သတိလစ်ရုံလောက်သာ ဖြစ်စေနိုင်ပါတယ်။

ဒါဟာ နောက်ဆုံးအပိုင်းမှာ Soldier Boy ရဲ့ ကျဆုံးမှုကို အရိပ်အမြွက် ပြထားတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ Hughie နဲ့ Butcher တို့ဟာ Temp V အကူအညီနဲ့ Soldier Boy ကို တိုက်ခိုက်လို့ မယှဉ်နိုင်ခဲ့ရင် Frenchie သို့မဟုတ် MM ဟာ ဒီ Novichok ကိုသုံးပြီး Soldier Boy ကို မှောက်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ သို့သော်လည်း ယခုဆိုရင် Soldier Boy ဘက်မှာ Homelander က ရှိနေတဲ့အတွက် Soldier Boy ကို သတ်နိုင်လောက်တဲ့အထိ အခွင့်အရေး ရ၊မရဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Temp V ရဲ့ဘေးထွက်ဆိုးကျိုး

Photo Credit: Amazon Prime

Starlight ဟာ Kimiko အတွက် Compound V ရယူပေးဖို့ Vought Tower ကို ခိုးဝင်ခဲ့တဲ့အချိန်မှာတော့ Temp V နဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်တွေကို တွေ့သွားပါတယ်။ ဒါကြောင့်ပဲ ချက်ချင်းဆိုသလို Butcher ဆီ ဖုန်းခေါ်ပြီး Temp V ကို သုံးကြိမ်ကနေ ငါးကြိမ်အထိ အသုံးပြုသူဟာ ဦးနှောက်မှာ သေစေလောက်တဲ့ ထိခိုက်မှုကို ဖြစ်စေနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ ဒါ့အပြင် ဒီအကြောင်းကို Hughie ကို ဆက်ဆက်ပြောပေးဖို့လည်း မှာလိုက်ပါတယ်။

သို့သော်လည်း Butcher ဟာ သူ့ရဲ့ထုံးစံအတိုင်းပဲ Hughie ကိုတော့ ဒီအကြောင်း မပြောလိုက်ပါဘူး။ အကြောင်းကတော့ သူတို့နှစ်ယောက်လုံးဟာ Homelander ကို ရင်ဆိုင်ဖို့ ရှိသေးတာကြောင့် Temp V ရဲ့အကူအညီ မပါဘဲ ဘယ်လိုမှ မဖြစ်နိုင်တာကို သိနေလို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ သေသေ ရှင်ရှင် အရေးမစိုက်တော့ဘဲ Homelander ကို သတ်နိုင်ဖို့သာ စိတ်ထဲထည့်ထားတာကို မြင်ရပါတယ်။ စိတ်ဝင်စားစရာကတော့ လာမယ့်အပိုင်းက တိုက်ပွဲမှာ ဆက်သုံးရဦးမယ့် Temp V အတွက် Hughie နဲ့ Butcher တို့ ခံနိုင်ရည် ရှိပါ့ဦးမလား၊ ဘယ်လို နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာမလည်းဆိုတာပါပဲ။

Blacknoir ရဲ့ ကမ္ဘာကြီးကို ရှုမြင်ပုံ

Photo Credit: Amazon Prime

ဒီအပိုင်းထဲက စိတ်ဝင်စားစရာ ဇာတ်ဝင်ခန်းတွေထဲမှာတော့ ကာတွန်းနဲ့ live action ရောယှက်ထားတဲ့ Blacknoir ရဲ့ ဇာတ်ဝင်ခန်းလည်း ပါဝင်ပါတယ်။ The Boys ဇာတ်လမ်းတလျှောက်လုံးမှာတော့ Blacknoir ရဲ့ ဇာစ်မြစ်ကို သေသေချာချာ မသိခဲ့ရဘဲ ယခုအပိုင်းကျမှသာ သူ့ရဲ့ကာရိုက်တာကို ပိုပြီးသိခွင့် ရလိုက်တာ ဖြစ်ပါတယ်။

ဒီအပိုင်းမှာ ပြသွားပုံအရ Blacknoir ဟာ နီကာရာဂွါက ဖြစ်ရပ်ပြီးတည်းက သာမန်လူတွေလို အပြင်လောကကို မရှုမြင်တော့ဘဲ ကာတွန်းဇာတ်ကောင်တွေနဲ့ ရောယှက်ပြီး ကွဲပြားစွာ ရှုမြင်နေတာကို တွေ့ရပါတယ်။ Soldier Boy ရဲ့လက်ချက်နဲ့ ကြီးမားပြင်းထန်တဲ့ ဦးနှောက်ထိခိုက်မှုတွေကို ခံစားခဲ့ရတာကြောင့် နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ Blacknoir ဟာ ကမ္ဘာကြီးကို အခုလိုမျိုး ကွဲပြားစွာ မြင်တွေ့နေရတာလည်း ဖြစ်ပါတယ်။

ဒါကတော့ The Boys Season (3) အပိုင်း(၇)ထဲက စိတ်ဝင်စားစရာ အချက်တချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Vancouver
RELATED ARTICLES

Most Popular