HomeEntertainmentFilmThor: Love and Thunder ရုပ်ရှင်ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Thor: Love and Thunder ရုပ်ရှင်ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

*** Spoiler Alert ***

Thor ရဲ့ လေးကားမြောက် ဆိုလိုရုပ်ရှင်ဖြစ်တဲ့ Thor: Love and Thunder ရုပ်ရှင်ကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Jane Foster က Thor ဖြစ်လာတာကို မြင်တွေ့ခဲ့ရသလို Christian Bale ရဲ့ Gorr the God Butcher ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ကောမစ်ထဲကအတိုင်း ဖန်တီးထားတဲ့ ဇာတ်လမ်းတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ MCU ပရိသတ်တွေအတွက် Thor: Love and Thunder ထဲက စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) ကောမစ်ထဲအတိုင်း ဖန်တီးထားတဲ့ Gorr ရဲ့ Origin

photo via screenrant

Gorr the God Butcher ကတော့ ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန်ဖြစ်ပြီး အကူအညီ လိုအပ်နေတဲ့အချိန်မှာ နတ်ဘုရားတွေက မကူညီခဲ့တာကြောင့် နာကျည်းပြီး ရှိသမျှ နတ်ဘုရားတွေအားလုံးကို သတ်ပစ်ဖို့ ဆုံးဖြတ်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Gorr ရဲ့ Origin ကတော့ Thor: God of Thunder #6 ကောမစ်ထဲကအတိုင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ထဲမှာတော့ Gorr နဲ့ သူ့သမီးရဲ့ ဆက်ဆံရေးကိုတော့ သိပ်ပြီးမပြသထားပါဘူး။

(2) Necrosword

photo via screenrant

Necrosword ကတော့ Gorr ရဲ့ လက်နက်ပဲ ဖြစ်ပြီး ဒီဓားဟာ အချိန်တွေရဲ့ အစကတည်းက တည်ရှိနေတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ ဒီဓားကို Symbiote တွေရဲ့ နတ်ဘုရားဖြစ်တဲ့ Knull က ဖန်တီးခဲ့တာ ဖြစ်ပြီး နတ်ဘုရားတွေကို သတ်ပစ်နိုင်စွမ်း ရှိပါတယ်။

Knull ကတော့ အလင်းရောင်နဲ့ သက်ရှိတွေ ဖြစ်မလာခင်ကတည်းက Cosmos ကို အုပ်စိုးခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Celestial တွေကြောင့် Big Bang ဖြစ်ပေါ်လာပြီး Galaxy တွေနဲ့ သက်ရှိတွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကတော့ Knull ကို ဒေါသထွက်စေခဲ့ပြီး Celestial တွေကို သတ်ပစ်ဖို့အတွက် Necrosword ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ထဲမှာတော့ Knull နဲ့ ပတ်သက်တာတွေ ဘာကိုမှ မပြသသွားပါဘူး။

(3) Shadow Realm

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Necrosword ဟာ Shadow Realm ရဲ့ စွမ်းအားကို အသုံးချကာ အဲဒီထဲကို ဝင်ရောက်နိုင်တယ်လို့ အနည်းငယ် ပြောင်းလဲဖန်တီးထားပါတယ်။ MCU ထဲမှာတော့ Shadow Realm ဟာ အရောင်တွေအားလုံး ပျောက်ကွယ်ကုန်တဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ ကောမစ်ထဲမှာတော့ Shadow Realm ဟာ Soul Master ဆိုတဲ့ Knull ရဲ့ အေးဂျင့်တွေ ကြီးစိုးထားတဲ့ ဒိုင်မေးရှင်းတစ်ခု ဖြစ်ပါတယ်။ Soul Master တွေကတော့ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရတဲ့ အရိပ်မွန်းစတားတွေနဲ့ ဆင်တူပါတယ်။

(4) Jonathan Brugh ကို Cameo ထည့်သွင်းခဲ့တဲ့ Taika Waititi

photo via screenrant

Jonathan Brugh ကတော့ What We Do in the Shadow ဇာတ်လမ်းတွဲထဲမှာ Taika Waititi နဲ့အတူ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်ပဲ ဖြစ်ပါတယ်။ Jonathan ဟာ ဒီရုပ်ရှင်ထဲမှာ Gorr ရဲ့ လူမျိူးစုတွေ ကိုးကွယ်တဲ့ နတ်ဘုရား Rapu နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Rapu ကတော့ ကောမစ်ထဲက ဇာတ်ကောင်တစ်ယောက် မဟုတ်ဘဲ ဒီရုပ်ရှင်အတွက် သီးသန့်ဖန်တီးထားတဲ့ ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။

(5) Cameo တွေနဲ့ ပြန်လည်ပါဝင်လာတဲ့ သရုပ်ဆောင်များ

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Natalie Portman က အဓိကကျတဲ့ နေရာမှာ ပြန်လည်ပါဝင်လာပြီး Guardians of the Galaxy အဖွဲ့ကလည်း Cameo သဘောမျိူး ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ပထမ Thor ရုပ်ရှင်နှစ်ကားမှာ ပါဝင်ခဲ့တဲ့ Kat Denning ရဲ့ Darcy Lewis ကလည်း Cameo အနေနဲ့ ပါဝင်လာပြီး Stellan Skarsgard ကလည်း Cameo ပါဝင်ခဲ့ပါတယ်။ အလားတူပဲ Jaimie Alexander ရဲ့ Lady Sif ကိုလည်း ပြန်လည်မြင်တွေ့ခဲ့ရပြီး အံ့ဩစရာအကောင်းဆုံး တစ်ချက်ကတော့ ဇာတ်လမ်းအဆုံးမှာ Jane Foster ဟာ Valhalla မှာ Heimdall နဲ့ ပြန်လည် တွေ့ဆုံခဲ့ကြတာပဲ ဖြစ်ပါတယ်။

(6) New Asgard

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ New Asgard ပြန်လည်ပါဝင်လာပြီး Gorr the God Butcher ဟာ ဒီမြို့ထဲအထိ လာရောက်တိုက်ခိုက်တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီမြို့ကို ရိုက်ကူးထားတဲ့ တကယ့်နေရာကတော့ Norway နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးမြို့ဖြစ်တဲ့ Tonsberg မြို့ပဲ ဖြစ်ပါတယ်။

MCU ထဲမှာတော့ Tonsberg မြို့ဟာ Asgardian တွေနဲ့ အရင်တည်းက ဆက်စပ်မှုတွေ ရှိခဲ့ပါတယ်။ ပထမဆုံး Thor ရုပ်ရှင်ရဲ့ Flashback ထဲမှာ Odin နဲ့ Asgardian စစ်တပ်က Frost Giant တွေကို တိုက်ထုတ်ခဲ့တာကလည်း Tonsberg မြို့မှာ ဖြစ်ပါတယ်။ Red Skull က Tesseract ကို ရှာတွေ့ခဲ့တဲ့ နေရာကလည်း Tonsberg မြို့မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Odin သေဆုံးသွားတဲ့ နေရာကလည်း Tonsberg မြို့အနီးမှာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

(7) ပရိသတ်တွေ သတိမထားမိလိုက်တဲ့ Cameo

photo via screenrant

ဒါရိုက်တာ Taika Waititi ကတော့ Thor: Ragnarok ရိုက်ကူးနေတဲ့အချိန်မှာ ဗွီဒီယိုအတိုလေးတွေ ထုတ်လုပ်ခဲ့ပါသေးတယ်။ အဲဒီဗွီဒီယိုအတိုလေးထဲမှာတော့ Thor ဟာ Daley Pearson သရုပ်ဆောင်ထားတဲ့ Daryl နဲ့အတူ အခန်းတစ်ခန်းထဲမှာ နေထိုင်နေပါတယ်။ အဲဒီဗွီဒီယိုအတိုတွေကတော့ Canon မဟုတ်ပါဘူး။ စိတ်ဝင်စားစရာတစ်ခုကတော့ ဒီရုပ်ရှင်ထဲမှာလည်း Daley Pearson ဟာ New Asgard ရဲ့ တိုးဂိုက်အနေနဲ့ Cameo ပါဝင်ထားပါတယ်။

(8) ကောမစ်ထဲက ဆိတ်နှစ်ကောင်

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Thor ဟာ ကြီးမားလွန်းတဲ့ ဆိတ်နှစ်ကောင်ကို လက်ဆောင်ရရှိခဲ့ပါတယ်။ Norse Mythology ထဲမှာတော့ Thor ရဲ့ လှည်းကို Tanngrisnir နဲ့ Tanngnjostr ဆိုတဲ့ ဆိတ်နှစ်ကောင်က ဆွဲကြတယ်လို့ ဆိုပါတယ်။ Marvel ကောမစ်ကတော့ ဒီအချက်ကို ၁၉၇၆ ခုနှစ်မှာ ထည့်သွင်းဖန်တီးခဲ့ပြီး Toothgnasher နဲ့ Toothgrinder ဆိုတဲ့ ဆိတ်နှစ်ကောင်အဖြစ် ဖန်တီးခဲ့ပါတယ်။ ယခုဆိုရင်တော့ ဒီဆိတ်နှစ်ကောင်ဟာ MCU ထဲအထိ ပါဝင်လာကြပြီ ဖြစ်ပါတယ်။

(9) Falligar

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Thor ဟာ Gorr က သတ်ဖြတ်သွားတဲ့ နတ်ဘုရားတစ်ယောက်ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီဇာတ်ဝင်ခန်းကတော့ ကောမစ်ထဲကအတိုင်း တပုံစံတည်း ဖန်တီးထားတာ ဖြစ်ပါတယ်။ မတူညီတဲ့ တစ်ခုတည်းသော အချက်ကတော့ ကောမစ်ထဲက အဲဒီဇာတ်ဝင်ခန်းမှာ Korg မပါဝင်တာပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Falligar ဟာ God of Galactic Frontier ဖြစ်ပြီး Black Hole တွေနဲ့ အပျင်းပြေ နပမ်းလုံးတတ်သူ ဖြစ်ပါတယ်။

(10) Nick Fury ရဲ့ ဖုန်းနံပါတ် ရှိနေတဲ့ Thor

photo via screenrant

ဒီရုပ်ရှင်ထဲက Thor နဲ့ Jane တို့ရဲ့ ဆက်ဆံရေးကို နောက်ကြောင်းပြန်ပြတဲ့ အခန်းတွေမှာတော့ Thor ဆီမှာ Nick Fury ရဲ့ ဖုန်းနံပါတ် ရှိနေတာကို တွေ့ခဲ့ရပါတယ်။ Thor လိုမျိူး စွမ်းအားကြီးတဲ့ God တစ်ယောက်ဆီမှာ ကမ္ဘာမြေကို ကာကွယ်ပေးတဲ့ Shield အဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ Nick Fury ရဲ့ ဖုန်းနံပါတ် ရှိနေတာက သိပ်မထူးဆန်းပေမယ့်လည်း ဟာသလေးတစ်ခုတော့ ပါဝင်နေပါတယ်။ အဲဒါကတော့ Thor ဟာ Nick Fury ရဲ့ နာမည်ကို Furry လို့ မှားယွင်းပြီး Contact မှာ မှတ်ထားတာပဲ ဖြစ်ပါတယ်။

(11) ဒီရုပ်ရှင်ထဲမှာ ပါဝင်ခဲ့ကြတဲ့ ကလေးများ

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ ကလေးသရုပ်ဆောင်တွေများစွာ ပါဝင်ခဲ့ပါတယ်။ အဲဒီကလေးသရုပ်ဆောင်တွေထဲမှာတော့ Chris Hemsworth ၊ Natalie Portman ၊ Christian Bale နဲ့ Taika Waititi တို့ရဲ့ ကလေးတွေလည်း ပါဝင်နေပါတယ်။

  • Chris Hemsworth ရဲ့ သားဖြစ်သူ Tristan ကတော့ Thor ရဲ့ ငယ်ဘဝမှာ ပါဝင်ခဲ့ပြီး Tristan ရဲ့ အမွှာဖြစ်တဲ့ Sasha ကတော့ ပြန်ပေးဆွဲခံရတဲ့ ကလေးတွေထဲမှာ ပါဝင်ထားပါတယ်။ ဒါ့အပြင် Gorr ရဲ့ သမီးနေရာမှာတော့ Chris Hemsworth ရဲ့ သမီးဖြစ်တဲ့ India Rose က ပါဝင်ထားပါတယ်။
  • Natalie Portman ရဲ့ ကလေးတွေဖြစ်တဲ့ Aleph နဲ့ Amala Millepied တို့ကလည်း ပြန်ပေးဆွဲခံရတဲ့ ကလေးတွေထဲမှာ ပါဝင်ထားပါတယ်။
  • Taika Waititi ရဲ့ ကလေးတွေဖြစ်တဲ့ Te Kainga O’Te Hinekahu နဲ့ Matewa Kiritapu တို့ကလည်း အဲဒီဇာတ်ဝင်ခန်းထဲမှာပဲ ပါဝင်ထားပါတယ်။
  • Christian Bale ရဲ့ ကလေးတွေဖြစ်တဲ့ Emmeline နဲ့ Joseph တို့လည်း ပါဝင်ထားပါတယ်။

(12) MCU ရဲ့ ပထမဆုံးသမန်းဝံပုလွေကို မိတ်ဆက်ခဲ့တဲ့ Thor: Love and Thunder

photo via screenrant

ယခုအချိန်မှာတော့ MCU ထဲမှာ သမန်းဝံပုလွေတွေလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ကလေးတစ်ယောက်ဟာ သူက “Lycan” ဖြစ်ပါတယ်လို့ ပြောပြခဲ့ပြီး နောက်ထပ် ကလေးတစ်ယောက်ကလည်း သူက “Midasian” ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။ Midasian ကတော့ အရာဝတ္ထုတွေကို ရွှေအဖြစ် ပြောင်းလဲနိုင်စွမ်းရှိကြတဲ့ မျိူးနွယ်တွေကို ပြောတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီမျိူးနွယ်တွေကတော့ Marvel ကောမစ်ထဲမှာ မပါဝင်ပါဘူး။

(13) Council of Godheads

photo via screenrant

Thor ဟာ Gorr နဲ့ ရင်ဆိုင်ရတော့မယ့် အချိန်မှာတော့ အကူအညီရယူဖို့အတွက် Council of Godheads ကို သွားရောက်ခဲ့ပါတယ်။ ဒီနေရာကတော့ ကောမစ်ထဲမှာ အကြိမ်ကြိမ် ပါဝင်ခဲ့ပြီး ဒီရုပ်ရှင်ထဲက Council of Godheads ဟာလည်း ကောမစ်ထဲကပုံစံအတိုင်း အနီးစပ်ဆုံးတူအောင် ဖန်တီးထားတာ တွေ့ရပါတယ်။

(14) Thor စိတ်ကူးထဲက နတ်ဘုရားတပ်ဖွဲ့

photo via screenrant

Thor ဟာ အဲဒီလို သွားရောက် အကူအညီတောင်းတဲ့ အချိန်မှာတော့ သူ့စိတ်ကူးထဲက နတ်ဘုရားတပ်ဖွဲ့ကို ပြောပြခဲ့ပါတယ်။ အဲဒီနတ်ဘုရားတွေကတော့ Zeus ၊ Zeus ရဲ့သားဖြစ်သူ Hercules ၊ အီဂျစ်နတ်ဘုရား Ra ၊ Tumatauenga နဲ့ Quetzalcoatl တို့ပဲ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Ra ဟာ ပထမဆုံးနတ်ဘုရား ဖြစ်ပြီး Atum လို့လည်း ခေါ်ကြပါတယ်။ သူကတော့ Moonknight ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Ennead အဖွဲ့ထဲမှာ ပါဝင်နေပါတယ်။ Tumatauenga ကတော့ Maori လူမျိူးတွေရဲ့ စစ်နတ်ဘုရား ဖြစ်ပြီး ကောမစ်ထဲမှာတော့ သူ့ရဲ့ ဟာဝိုင်ယီအမည်ဖြစ်တဲ့ Ku လို့ သိကြပါတယ်။ Quetzalcoatl ကတော့ Aztec လူမျိုးတွေရဲ့ မိုးကောင်းကင်နတ်ဘုရား ဖြစ်ပြီး ကောမစ်ထဲမှာတော့ Cosmic Entity တွေနဲ့ တိုက်ခိုက်ဖို့အတွက် Thor နဲ့ ပူးပေါင်းခဲ့ဖူးပါတယ်။

(15) Loki ကို တက်တူးထိုးပြီး ဂုဏ်ပြုထားတဲ့ Thor

photo via screenrant

Zeus ဟာ Thor ရဲ့ ရုပ်ဖျက်ထားတာကို ဖျက်ပစ်လိုက်ချိန်မှာတော့ Thor ဟာ ကိုယ်လုံးတီး ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့နောက်ကျောမှာ တက်တူးတစ်ခုကို မြင်တွေ့လိုက်ရပါတယ်။ အဲဒါကတော့ RIP Loki ဆိုပြီး တက်တူးထိုးထားတာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ အဲဒီတက်တူးရဲ့ ဘေးမှာပဲ Thor ဟာ သူဆုံးရှုံးခဲ့ရသူတွေရဲ့ အမည်တွေကို တက်တူးထိုးထားတာလည်း တွေ့ခဲ့ရပါတယ်။ အဲဒီအမည်တွေကတော့ Mother ၊ Father ၊ Heimdall ၊ Loki ၊ Tony နဲ့ Natasha တို့ပဲ ဖြစ်ပါတယ်။

(16) Celestial နှစ်ယောက်

photo via screenrant

Thor ၊ Valkyrie နဲ့ Jane တို့ဟာ Bifrost နဲ့ Council of Godheads ထဲက ထွက်ပြေးလာတဲ့ အချိန်မှာတော့ ဒီမြို့ကြီးရဲ့ အပြင်ဘက်မှာ Celestial နှစ်ယောက်က ဒီမြို့ကြီးအတွက် အစောင့်လုပ်ပေးနေတဲ့ ပုံစံမျိူး တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီမြို့ထဲမှာလည်း Celestial တွေရဲ့ ရုပ်တုတွေများစွာကိုလည်း တွေ့ခဲ့ရပါသေးတယ်။ Eternals ရုပ်ရှင်ထဲမှာ ဖော်ပြထားတဲ့အတိုင်း ဆိုရင်တော့ Celestial ဟာ သက်ရှိတွေအားလုံးရဲ့ ဇစ်မြစ်ပဲ ဖြစ်ပေမယ့်လည်း ဒီရုပ်ရှင်ထဲမှာတော့ Celestial တွေကို သာမန်နတ်ဘုရားတွေ ပုံစံအတိုင်းပဲ ထည့်သွင်းထားပါတယ်။

(17) The Living Tribunal နဲ့ The Watcher

photo via screenrant

Thor နဲ့ Gorr တို့ရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်ပျက်တဲ့ နေရာကတော့ Universe ရဲ့ အလယ်တည့်တည့်မှာ ဖြစ်ပြီး Eternity ဆီကို သွားလို့ရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီနေရာမှာတော့ Marvel ကောမစ်ထဲက စွမ်းအားအကြီးဆုံး Being တွေရဲ့ ရုပ်တုအချို့ကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီရုပ်တုတွေကတော့ What If…? ထဲမှာ ပါဝင်ခဲ့တဲ့ Watcher နဲ့ Living Tribunal တို့ပဲ ဖြစ်ပါတယ်။

Living Tribunal ကတော့ အလွန်စွမ်းအားကြီးတဲ့ Entity တစ်ခု ဖြစ်ပြီး ပထမဆုံး Doctor Strange ရုပ်ရှင်မှာတည်းက အရိပ်အမြွက်တွေ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ Doctor Strange in the Multiverse of Madness ထဲမှာလည်း Doctor Strange နဲ့ America Chavez တို့ Multiverse ကို ခရီးသွားကြတဲ့ အချိန်မှာတော့ Living Tribunal မြင်တွေ့ခဲ့ရပါသေးတယ်။

(18) Eternity

photo via screenrant

Gorr ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Eternity ဆီကို ရောက်အောင်သွားပြီး ရှိသမျှ နတ်ဘုရားတွေအားလုံးကို သတ်ပစ်ဖို့ ဆုတောင်းဖို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Eternity ရဲ့ ပုံစံကတော့ ကောမစ်ထဲကအတိုင်း အနီးစပ်ဆုံး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ Eternity ကတော့ Cosmic Entity တစ်ခု ဖြစ်ပြီး သူဟာ Marvel Universe ကြီးကို ကိုယ်စားပြုတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

(19) Soul World ပြန်လည်ပါဝင်လာတာလား?

photo via screenrant

ဒီရုပ်ရှင်ထဲမှာ Thor ၊ Jane နဲ့ Gorr တို့ဟာ Eternity ဆီကို ရောက်သွားတဲ့ နေရာကတော့ Universe ကြီးရဲ့ အပြင်ဘက်က Cosmic Realm တစ်ခု ဖြစ်ပါတယ်။ ဒီနေရာကတော့ ကြီးမားကျယ်ပြန့်လွန်းပြီး ဘာဆိုဘာမှလည်း မရှိပါဘူး။ ကြမ်းပြင်ကိုတော့ ရေတွေ ဖုံးလွှမ်းနေပါတယ်။ ဒီနေရာရဲ့ အရောင်ကတော့ အဖြူရောင် ဖြစ်နေပေမယ့်လည်း Infinity War ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Soul World နဲ့ အတော်လေး ဆင်တူနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီနေရာနှစ်ခုဟာ တစ်ခုတည်း ဖြစ်တယ်လို့ အတည်ပြုထားတာတော့ မရှိသေးပါဘူး။

(20) Valhalla

photo via screenrant

ဒီရုပ်ရှင်ရဲ့ Credit Scene ထဲမှာတော့ Jane Foster ဟာ Norse Afterlife ဖြစ်တဲ့ Valhalla ကို ဝင်ရောက်ဖို့ ထိုက်တန်သွားတာကို တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ The Mighty Thor #706 ကောမစ်ထဲက ဇာတ်လမ်းကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Jane ဟာ သေဆုံးသွားပြီး Valhalla ရဲ့ ဂိတ်ကို ရောက်ရှိသွားပေမယ့် Odin ရဲ့ မှော်ပညာကြောင့် သူမဟာ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ MCU ထဲမှာတော့ သူမကို ကယ်တင်ဖို့ ဘယ်သူမှ မရှိတော့ပါဘူး။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ဟာ Jane ရဲ့ အဆုံးသတ်တော့ မဟုတ်လောက်သေးပါဘူး။ အကြောင်းကတော့ Moon Knight ဇာတ်လမ်းတွဲထဲမှာ Afterlife ကနေ ပြန်လည်အသက်ရှင်လာဖို့ ဖြစ်နိုင်တယ်ဆိုတာကို ပြသထားတာကြောင့်ပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular