HomeEntertainmentFilmThor: Love and Thunder ထွေလာထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Thor: Love and Thunder ထွေလာထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

ပရိသတ်တွေ စောင့်မျှော်နေတဲ့ Thor: Love and Thunder ရဲ့ ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Avengers: Endgame အပြီးမှာ Guardians of the Galaxy အဖွဲ့နဲ့ လိုက်သွားတဲ့ Thor ကို ဆက်လက် မြင်တွေ့ရမှာ ဖြစ်ပြီး Jane Foster ကတော့ Mighty Thor ဖြစ်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဇူလိုင်လ(၈)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်တာကြောင့် မကြည့်ရသေးခင် ရင်ခုန်ရအောင် ဒီထွေလာထဲက စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Thor ရဲ့ Variant တွေကို မြင်ရနိုင်ချေ ရှိလား?

photo via screenrant

ဒီထွေလာရဲ့အစမှာ ဆိုရင်တော့ Thor ရဲ့ ငယ်ဘဝ၊ ဆယ်ကျော်သက်အရွယ်နဲ့ အရွယ်ရောက်နေတဲ့ အချိန်တွေကို ပြသသွားပါတယ်။ ဆယ်ကျော်သက်အရွယ် Thor ကတော့ ကောမစ်ထဲက Thor ရဲ့ မူလဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ ဒီရုပ်ရှင်အတွက် ရေပန်းစားနေတဲ့ သီအိုရီတစ်ခုကို Support လုပ်ပေးနေပါတယ်။

ကောမစ်ထဲမှာတော့ Thor ဟာ Gorr the God Butcher နဲ့ တိုက်ခိုက်ဖို့အတွက် ဆယ်ကျော်သက်အရွယ် Thor ၊ အရွယ်ရောက်နေတဲ့ Thor နဲ့ အဘိုးကြီး Thor တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Gorr the God Butcher ကို စတင် မြင်တွေ့ရတော့မှာ ဖြစ်တာကြောင့် သူ့ကို Thor ရဲ့ Variant တွေ ဝိုင်းဝန်းပြီး တိုက်ခိုက်ရမယ်လို့ သီအိုရီ ထုတ်ထားကြပါတယ်။

(2) စူပါဟီးရိုး မဟုတ်တော့တဲ့ Thor

photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Thor ဟာ စူပါဟီးရိုးဘဝက အနားယူသွားတာကို မြင်တွေ့ခဲ့ရပြီး Stormbreaker ကိုလည်း တောင်တစ်လုံးပေါ်မှာ မြုပ်နှံခဲ့ပါတယ်။ နောက်ခံစကားပြော အသံမှာလည်း “တချိန်တုန်းက ဒီလက်ကို တိုက်ပွဲထဲမှာ အသုံးပြုခဲ့ပေမယ့် အခုတော့ ငြိမ်းချမ်းခြင်းရဲ့ ကိရိယာတွေ ဖြစ်သွားပါပြီ …” လို့ ပြောသွားပါတယ်။ ဒါတင်မကသေးဘဲ “စူပါဟီးရိုး ဖြစ်ခဲ့တဲ့ နေ့ရက်တွေက ပြီးဆုံးသွားပါပြီ …” လို့လည်း ပြောသွားပါသေးတယ်။

(3) နတ်ဘုရားတွေလည်း ဝိတ်ကျချင်ရင် လေ့ကျင့်ခန်း လုပ်ရပါတယ်။

photo via screenrant

ဒီထွေလာထဲမှာတော့ Thor ကို ကျစ်လျစ်တဲ့ ခန္ဓာကိုယ်နဲ့ပဲ အများစု မြင်တွေ့ခဲ့ရပေမယ့်လည်း ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Fat Thor ကို ပြန်လည် မြင်တွေ့ခဲ့ရပါသေးတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ Fat Thor ဟာ လေ့ကျင့်ခန်း ပြုလုပ်နေတာကို တွေ့ရပြီး ဒီရုပ်ရှင်ထဲမှာ‌တော့ Fat Thor ဟာ အရင်လိုခန္ဓာကိုယ်ကို ပြန်လည် ရရှိဖို့အတွက် လေ့ကျင့်ခန်း လုပ်နေတဲ့ ဇာတ်ဝင်ခန်းတွေကိုလည်း မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

(4) Guardians of the Galaxy

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Endgame ရဲ့ အဆုံးသတ်မှာတော့ Thor ဟာ Guardians of the Galaxy အဖွဲ့နဲ့ လိုက်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီရုပ်ရှင်ထဲမှာတော့ သူတို့တွေ ပူးပေါင်းပြီး စွန့်စားခန်းတွေမျိူးစုံ ထွက်ကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Guardians of the Galaxy အဖွဲ့ဟာ ဒီရုပ်ရှင်ထဲမှာ ဘယ်လိုနေရာက ပါဝင်လာမယ်ဆိုတာ သေချာမသိရသေးပါဘူး။

(5) Sakaar ဂြိုဟ်ပေါ်ကို ပြန်ရောက်လာတဲ့ Thor နဲ့ Korg

photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Thor နဲ့ Korg တို့နှစ်ယောက်ဟာ အပျက်အစီးတွေနဲ့ အမှိုက်တွေ ရှုပ်ပွနေတဲ့ ဂြိုဟ်တစ်ခုပေါ်ကို ရောက်နေတာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဂြိုဟ်ကတော့ Grandmaster ကြီးစိုးခဲ့တဲ့ Sakaar ဂြိုဟ် ဖြစ်နေနိုင်ပါတယ်။ Thor: Ragnarok အဆုံးသတ်မှာတော့ အဲ့ဒီဂြိုဟ်မှာ တော်လှန်မှုတွေ ဖြစ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ Thor နဲ့ Korg တို့နှစ်ယောက်ဟာ ဒီဂြိုဟ်ကို လွတ်လပ်ရေးရအောင် ကူညီပေးဖို့ ပြန်ရောက်လာတာလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(6) Thor ရဲ့ မှော်ဆိတ်နှစ်ကောင်

photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ New Asgard က ထွက်ခွာလာတဲ့ Asgardian Ship ကို ဆိတ်နှစ်ကောင်က လေပေါ်မှာ ဆွဲလာတာကို မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Thor မှာ Toothgnasher နဲ့ Toothgrinder ဆိုတဲ့ မှော်ဆိတ်နှစ်ကောင် ရှိပြီး ၁၉၇၆ ခုနှစ်က စတင်ကာ ကောမစ်ထဲမှာ ပါဝင်ခဲ့ပါတယ်။ ကောမစ်ထဲမှာလည်း ဒီဆိတ်နှစ်ကောင်ဟာ Thor ရဲ့ လှည်းကို ဆွဲပေးကြပြီး တိုက်ပွဲထဲမှာလည်း ထိခိုက်မှုတွေများစွာ ဖြစ်စေနိုင်တဲ့အထိ စွမ်းအားကြီးကြပါတယ်။

(7) ဂရိနတ်ဘုရားတွေရဲ့ နေထိုင်ရာ

photo via screenrant

ဒီထွေလာထဲမှာတော့ ဂရိနတ်ဘုရားတွေ နေထိုင်တဲ့ Olympus ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Olympus ဟာ ကမ္ဘာပေါ်မှာရှိတဲ့ Pocket Dimension တစ်ခု ဖြစ်ပြီး Olympus တောင်ပေါ်ကနေ ဝင်ရောက်နိုင်ပါတယ်။ ဒါပေမယ့်လည်း MCU ကတော့ ဒီအချက်တွေနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေ ပြုလုပ်သွားဦးမယ်လို့ ယူဆရပါတယ်။

(8) Thor ရဲ့ New Look

photo via screenrant

Thor ရဲ့ ဝတ်စုံအသစ်ကိုလည်း ဒီထွေလာထဲမှာ စတင်မြင်တွေ့ရခဲ့ပြီး မားကတ်တင်း ကြော်ငြာတွေနဲ့ အရုပ်တွေမှာ မြင်တွေ့ခဲ့ရသလို အနီ၊ အပြာနဲ့ ရွှေရောင်တို့ ရောစပ်ထားတာကို မြင်တွေ့ရပါတယ်။ Thor ရဲ့ ဒီပုံစံကိုတော့ ဒီထွေလာထဲမှာမှ ပထမဆုံးအကြိမ် စတင် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

(9) Zeus

photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Russell Crowe သရုပ်ဆောင်ထားတဲ့ Zeus ကိုလည်း စတင်မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းမှာတော့ သူ့ရဲ့မျက်နှာကို မပြသသွားဘဲ နောက်ကျောကိုပဲ ပြသသွားပါတယ်။ ပရိသတ်တွေ အားလုံးသိကြတဲ့အတိုင်း Zeus ကတော့ ဂရိနတ်ဘုရားတစ်ပါး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ယခုဆိုရင် MCU ထဲမှာ ဂရိနတ်ဘုရားတွေကိုပါ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

(10) Falligar

photo via screenrant

Christian Bale ရဲ့ Gorr the God Butcher ကို ဒီထွေလာထဲမှာ မမြင်တွေ့ရသေးပေမယ့်လည်း သူဟာ ဘယ်လောက်ထိ စွမ်းအားကြီးတယ် ဆိုတာကိုတော့ အရိပ်အမြွက် ပြသသွားပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Thor နဲ့ Korg တို့ဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ နေရာတစ်ခုမှာ အသက်မရှိတော့တဲ့ သတ္တဝါကြီးတစ်ကောင်ကို ကြည့်နေကြပါတယ်။ အဲ့ဒီသတ္တဝါကြီးကတော့ Falligar ပဲ ဖြစ်ပါတယ်။ Falligar ကတော့ Tournament of Immortal ကို အနိုင်ရရှိထားတဲ့ Patron God ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Falligar ဟာ Thor ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

(11) Tourist Attraction ဖြစ်လာတဲ့ New Asgard

photo via screenrant

New Asgard ကို စတင် တည်ထောင်စဉ်တုန်းကတော့ သာမန်ဆိပ်ကမ်း မြို့လေးတစ်မြို့လိုပဲ ဖြစ်ပေမယ့် ဒီထွေလာထဲမှာတော့ New Asgard ဟာ Tourist Attraction အဖြစ် ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့နေရာ ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီမြို့ရဲ့ ဆိပ်ကမ်းမှာတော့ အပျော်စီးသင်္ဘောကြီးတွေ ဆိုက်ကပ်ထားတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။

(12) ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဆုံတွေ့နေတဲ့ Valkyrie

photo via screenrant

Endgame ရဲ့ အဆုံးမှာတော့ Thor ဟာ New Asgard ရဲ့ ဘုရင်နေရာကို Valkyrie ဆီ လွှဲပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမဟာ ဒီထွေလာထဲမှာ အုပ်ချုပ်မှုပိုင်းဆိုင်ရာတွေကို လုပ်ကိုင်နေရပြီး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူမဟာ ဒီလိုမျိူးတွေ လုပ်နေရတာကို စိတ်မပါတဲ့ပုံစံ ဖြစ်နေပြီး Thor သာ Gorr ကို တိုက်ခိုက်ဖို့ အကူအညီ လိုအပ်ရင် ချက်ချင်း ရောက်လာမယ့် ပုံစံမျိူး ဖြစ်နေပါတယ်။

(13) Olympus ထဲကို ဝင်လာကြတဲ့ Thor နှစ်ယောက်၊ Korg နဲ့ Valkyrie

photo via screenrant

ဒီထွေလာထဲမှာတော့ Thor ရဲ့ အဓိကမစ်ရှင်ဟာ ဘာလည်းဆိုတာ မပြသထားဘဲ Thor နှစ်ယောက်၊ Korg နဲ့ Valkyrie တို့ဟာ အကြောင်းတစ်ခုခုကြောင့် Olympus ထဲကို ဝင်ရောက်လာတာကိုသာ မြင်တွေ့ခဲ့ရပါတယ်။ သူတို့တွေကိုတော့ နောက်ကျောကနေပဲ ပြသထားတာကြောင့် Thor နှစ်ယောက်ဟာ ဘယ်သူတွေ ဖြစ်နေမလည်းဆိုတာ သေချာမသိရပါဘူး။

အပေါ်မှာ ဖော်ပြထားသလို Thor ရဲ့ Variant တစ်ယောက်ယောက် ဖြစ်နေနိုင်သလို Mighty Thor ဖြစ်သွားတဲ့ Jane Foster လည်း ဖြစ်နေနိုင်ပါတယ်။ ဒီ Thor နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် အရွယ်မတိမ်းမယမ်း ဖြစ်နေတာကြောင့် အကယ်၍ ဒီထဲက တစ်ယောက်ကသာ Jane Foster ဆိုရင် သူမဟာ Thor ရဲ့ စွမ်းအားတွေကြောင့် လူကောင်လည်း ကြီးလာတယ်လို့ ယူဆရပါတယ်။

(14) Guardians of the Galaxy ရဲ့ New Look

photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Guardians of the Galaxy အဖွဲ့သားတွေကို သေချာမြင်တွေ့ခဲ့ရပြီး သူတို့တွေအားလုံးဟာ ဝတ်စုံအသစ်တွေနဲ့ ဖြစ်နေပါတယ်။ အဲ့ဒီထဲမှာတော့ Mantis ဟာ အထူးခြားဆုံး ဖြစ်ပြီး သူမရဲ့နဖူးမှာ စက်ကိရိယာတစ်ခု တပ်ဆင်ထားတာကို မြင်တွေ့ရပါတယ်။ ဒါကြောင့်ပဲ ဖြစ်နိုင်တာကတော့ သူမရဲ့ စွမ်းအားတွေကို တိုက်ပွဲထဲမှာ ပိုမိုအသုံးချနိုင်ဖို့ ဒီစက်ကိရိယာလေးက ကူညီပေးမယ်လို့ ယူဆရပါတယ်။

(15) Jane Foster (Mighty Thor)

photo via screenrant

Jane Foster ဟာ Thor ပထမဆုံး ရုပ်ရှင်မှာ စတင် ပါဝင်ခဲ့ပေမယ့်လည်း Thor: The Dark World ပြီးကတည်းက MCU ထဲမှာ ထပ်ပြီး မပါဝင်တော့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Natalie Portman ကပဲ Jane Foster အနေနဲ့ ပြန်လည် သရုပ်ဆောင်ထားပြီး သူမဟာ Mighty Thor ဖြစ်သွားမှာကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် Thor: Ragnarok ထဲမှာ Hela ဖျက်ဆီးလိုက်တဲ့ Mjolnir ကို ပြန်လည် ဖန်တီးပြီး ကိုင်ဆောင်ထားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒါကတော့ Thor: Love and Thunder ရုပ်ရှင်ရဲ့ ပထမဆုံးထွေလာထဲက စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular