HomeCelebs Update NewsInternationalTop Gun: Maverick ရုပ်ရှင်အတွက် လေယာဉ်မောင်းပါ လေ့ကျင့်ခဲ့ရကြောင်း ပြောပြလာတဲ့ Tom Cruise

Top Gun: Maverick ရုပ်ရှင်အတွက် လေယာဉ်မောင်းပါ လေ့ကျင့်ခဲ့ရကြောင်း ပြောပြလာတဲ့ Tom Cruise

နာမည်ကျော် Top Gun ရုပ်ရှင်ရဲ့ အဆက်ဖြစ်တဲ့ Top Gun: Maverick ရုပ်ရှင်ကတော့ မကြာခင် မေလထဲမှာပဲ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ဘယ်လို ကြိုးစား ရိုက်ကူးခဲ့ရလည်း ဆိုတာကိုတော့ မင်းသားကြီး Tom Cruise က behind the scene ဗွီဒီယိုကလစ်တစ်ခုမှာ ပြောပြထားပါတယ်။ ဒီရုပ်ရှင်အတွက် Tom Cruise နဲ့အတူ သရုပ်ဆောင်တွေဟာ ပြင်းထန်လွန်းတဲ့ ထရိန်နင်တွေကိုပါ လေ့ကျင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒီကားကို လက်တွေ့ကျကျ ရိုက်နိုင်ဖို့ ကျွန်တော်တို့ လေတပ်နဲ့ရော လေယာဉ်မောင်း သင်တန်းကျောင်းနဲ့ပါ အတူတူ အလုပ်လုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဒီကားကို ရိုက်မယ်ဆိုရင် F18 ဂျက်လေယာဉ်တွေကို ကိုယ်တိုင် မောင်းရတော့မှာလေ … ” လို့ Tom Cruise က ဆိုပါတယ်။

Photo Credit: Paramount Pictures

“လေယာဉ်ပျံတဲ့ အခန်းတွေက တကယ် အစစ်ဖြစ်ဖို့ လိုတယ်လေ။ အဲဒီတော့ ကျွန်တော်တို့ရဲ့ သရုပ်ဆောင်တွေဟာ သုံးလလောက်ကို လုံးဝ အပြင်းအထန် ထရိန်နင်တွေ ဆင်းခဲ့ရပါတယ် … ” လို့ ထုတ်လုပ်သူ Jerry Bruckheimer ကလည်း ပြောပြထားပါတယ်။

Tom Cruise အပါအဝင် ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေ ဖြစ်တဲ့ Miles Teller ၊ Glen Powell ၊ Monica Barbaro ၊ Greg Tarzan Davis နဲ့ Jay Ellis အစရှိသူတွေဟာ ထရိန်နင်တွေများစွာကို အပြင်းအထန် လေ့ကျင့်ခဲ့ရသလို ဂျက်လေယာဉ်တွေကိုပါ အမြန်နှုန်းနဲ့ ပျံသန်းတတ်အောင် လေ့ကျင့်ခဲ့ရပါတယ်။

ဒါတင်မက စိန်ခေါ်မှု မြင့်မားလွန်းတဲ့ ရေအောက်လေ့ကျင့်ခန်းတွေကိုပါ လေ့ကျင့်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ အကယ်၍ လေယာဉ်ကသာ ရေထဲကို ဆင်းသွားခဲ့မယ်ဆိုရင် လေယာဉ်ထဲက ပြန်ထွက်နိုင်အောင်ပါ လေ့ကျင့်ထားရတာပါလို့ Tom က ပြောပြထားပါတယ်။ သရုပ်ဆောင်တွေအားလုံးအတွက် ဒီလေ့ကျင့်ခန်းတွေကိုတော့ Tom က ဦးဆောင်ပြီး ထရိန်နင် ပြုလုပ်စေခဲ့တာလို့လည်း သိရပါတယ်။

Photo Credit: Scott Garfield/ Paramount Pictures

ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေ အားထုတ်ရတာကတော့ ဒီလောက်နဲ့ မပြီးသေးပါဘူး။ ကင်မရာတွေရဲ့ အလုပ်လုပ်ပုံကိုပါ လေ့လာ မှတ်သားရပြီး ကိုယ်တိုင် ဒါရိုက်တာအဖြစ် လုပ်ရတာမျိုးတွေပါ ရှိတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ဂျက်လေယာဉ်တွေထဲ ရောက်နေတဲ့အခါ သူတို့ချည်းပဲ ရှိနေတာကြောင့် သူတို့ကိုယ်တိုင်ကပဲ ဒါရိုက်တာအဖြစ် ဆောင်ရွက်ကာ သရုပ်ဆောင်ကြရတယ်လို့ ဆိုပါတယ်။

“ဇာတ်ဝင်ခန်းတစ်ခုအတွက် ကင်မရာမှာ ဘယ်လိုပုံစံ ဖြစ်နေမယ်ဆိုတာ သူတို့နားလည်ဖို့အတွက် cinematography တွေ၊ မီးအလင်းအမှောင်တွေကိုပါ သင်ပေးထားရတယ် … ” လို့ Tom က ဆိုပါတယ်။

“သရုပ်ဆောင်တွေအနေနဲ့ ဂျက်လေယာဉ်ထဲ တကယ်ဝင်ပြီး သရုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ လူတိုင်းက ထင်ခဲ့ကြပါတယ် …” လို့ သရုပ်ဆောင် Miles Teller က ပြောပါတယ်။ “ဒါပေမယ့် ဒါကတော့ Tom က ကျွန်တော်တို့ကို ပေးလိုက်တဲ့ လက်ဆောင်တစ်ခုပါပဲ။ ကျွန်တော်တို့ လေယာဉ်ပေါ်ကို တက်လိုက်တာနဲ့ ဒါကို ကိုင်တွယ်နိုင်သွားတာပါပဲ … ” လို့ Glen Powell က ဖြည့်စွက် ပြောဆိုပါတယ်။

Photo Credit: Paramount Pictures

“ကျွန်တော်တို့ လုပ်နိုင်ခဲ့တာအတွက် ကျွန်တော်ကတော့ သိပ်ကိုဂုဏ်ယူပါတယ်။ သူတို့ တစ်ယောက်ချင်းစီဟာ တကယ် အံ့မခန်းပါပဲ … ” လို့ ဒီဇာတ်ကား ရိုက်ကူး ပြီးစီးခဲ့တဲ့အပေါ် မင်းသား Tom Cruise က မှတ်ချက်ပေးထားပါတယ်။

Top Gun: Maverick ရဲ့ ဒါရိုက်တာ Joseph Kosinski ကတော့ ဒီဇာတ်ကားအတွက် နာရီပေါင်း (၈၀၀)ကျော်စာ ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးရေး လုပ်ခဲ့ရတယ်လို့ Empire မဂ္ဂဇင်းကို မကြာသေးခင်ကပဲ ပြောပြထားပါတယ်။

Photo Credit: Paramount Pictures

“တစ်နေ့ကို (၁၂)နာရီ၊ (၁၄)နာရီလောက် ရိုက်တော့မှ စက္ကန့်(၃၀)စာလောက် ကဒ်လေးတစ်ခုကို ကောင်းကောင်း ရပါတယ်။ အဲဒါတောင် တော်တော် ခက်ခက်ခဲခဲနဲ့ ရတာမျိုးပါ။ ဒီကဒ်တွေကို အဆင်ပြေတာလေး ရဖို့ဆိုတာ တကယ် အချိန်အကြာကြီး လိုအပ်ပါတယ်။ လေပေါ်မှာ ပျံနေတဲ့ အခန်းတွေကို ရိုက်ရတာတင် လနဲ့ချီပြီး ကြာမြင့်ပါတယ်။ ကျွန်တော်တို့ ရိုက်ထားတာ ဘယ်လောက်များလည်းဆိုရင် Lord of the Rings ရုပ်ရှင်သုံးကားစာရဲ့ စုစုပေါင်း ရိုက်ထားတဲ့ ဇာတ်ဝင်ခန်းတွေလောက် ရှိပါတယ်။ ကျွန်တော်ထင်တာတော့ နာရီ(၈၀၀)စာလောက် ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးခဲ့တာပါ … ” လို့ ဆိုပါတယ်။

Top Gun: Maverick ရုပ်ရှင်ကားကိုတော့ လာမယ့် မေလ(၂၇)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular