HomeCelebs Update NewsInternationalTop Gun: Maverick ရုပ်ရှင်အထူးပွဲကို ကိုယ်တိုင်လေယာဉ်မောင်းပြီး ပွဲတက်လာတဲ့ Tom Cruise

Top Gun: Maverick ရုပ်ရှင်အထူးပွဲကို ကိုယ်တိုင်လေယာဉ်မောင်းပြီး ပွဲတက်လာတဲ့ Tom Cruise

မင်းသားကြီး Tom Cruise ကတော့ ပွဲတစ်ခုကို ဘယ်လို စတိုင်လ်ကျကျ တက်ရောက်ရမယ်ဆိုတာ သိရှိထားသူပါ။ ပရိသတ်တွေအားလုံး စောင့်မျှော်နေကြတဲ့ သူ့ရဲ့ ရုပ်ရှင်အသစ် Top Gun: Maverick ရဲ့ အထူး world premiere ပွဲကိုတော့ မင်းသားကြီးဟာ ကိုယ်တိုင် လေယာဉ်မောင်းပြီး တက်ရောက်လာခဲ့တာကို တွေ့ရပါတယ်။

အသက်(၅၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသားကြီး Tom Cruise ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယာဂိုမှာ ပြုလုပ်ကျင်းပခဲ့တဲ့ Top Gun: Maverick ရုပ်ရှင်ရဲ့ အထူးပွဲကို N547SA Airbus helicopter ကြီးနဲ့ တက်ရောက်လာတာ ဖြစ်ပြီး အဆိုပါ ဟယ်လီကော်ပတာကိုတော့ သူကိုယ်တိုင် ပိုင်းလော့အဖြစ် မောင်းနှင်လာခဲ့တာလို့လည်း သိရပါတယ်။

Photo: tomcruise/ Instagram

မင်းသားကြီးဟာ အမေရိကန်ပိုင်းလော့တွေ တပ်ဆင်လေ့ရှိတဲ့ နေကာမျက်မှန်ကိုလည်း တပ်ဆင်လာပြီး Brioni brand suit ကိုလည်း ဝတ်ဆင်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် သူ မောင်းနှင် စီးနင်းလာတဲ့ ဟယ်လီကော်ပတာကြီးရဲ့ ကိုယ်ထည်မှာတော့ Tom Cruise, Top Gun: Maverick လို့ စာလုံးကြီးတွေနဲ့ ကြော်ငြာထားတာလည်း တွေ့ရပါသေးတယ်။

ဒီရုပ်ရှင်ကတော့ လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Top Gun ရုပ်ရှင်ရဲ့ ဇာတ်လမ်းအဆက်အဖြစ် (၃၅)နှစ်အကြာမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီရုပ်ရှင်ကို ရိုက်ကူးနေခဲ့တာ နှစ်နှစ်ကျော် ကြာမြင့်နေခဲ့ပြီ ဖြစ်ပြီး ရုပ်ရှင်လောကက အခြားသော ရုပ်ရှင်တွေနီးတူပဲ ကိုဗစ်ရောဂါကြောင့် နှောင့်နှေးနေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Paramount Pictures Studios

ဒီရုပ်ရှင်ကိုတော့ လာမယ့် မေလ(၂၇)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာတော့ ယခုလလယ်မှာ ကျင်းပမယ့် ကိန်းစ်ရုပ်ရှင်ပွဲတော်ကြီးမှာလည်း ပြသသွားဦးမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Tom Cruise အပြင် မင်းသားကြီး Val Kilmer ကလည်း Iceman အဖြစ် ပြန်လည် ပါဝင်လာဦးမှာပါ။ ဒါ့အပြင် Ed Harris ၊ Miles Teller နဲ့ Jennifer Connelly တို့လည်း ပါဝင်ထားပါသေးတယ်။

ဒါ့အပြင် ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ Lady Gaga က ဇာတ်ဝင်တေးကို သီဆိုပေးထားတာပဲ ဖြစ်ပါတယ်။ Hold My Hand လို့ အမည်ရတဲ့ ဇာတ်ဝင်တေးသီချင်းကို Gaga က သီဆိုပေးထားပြီး သူမရဲ့တေးသီချင်းကြောင့် ရုပ်ရှင်ကလည်း အများကြီး ပိုကြွသွားတယ်လို့ Tom Cruise က ချီးကျူးစကား ဆိုထားပါတယ်။ ဒါတင်မက Gaga ဟာ နာမည်ကျော် ဂီတပညာရှင်ကြီး Hans Zimmer နဲ့အတူ Top Gun: Maverick ရဲ့ နောက်ခံတေးဂီတတွေကိုလည်း ဖန်တီးပေးထားသေးတယ်လို့ ပြောပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular