HomeCelebs Update NewsInternationalBREAKING NEWS: Travis Scott ရဲ့ ဖျော်ဖြေပွဲမှာ လူ(၈)ယောက်သေ၊ များစွာဒဏ်ရာရ 

BREAKING NEWS: Travis Scott ရဲ့ ဖျော်ဖြေပွဲမှာ လူ(၈)ယောက်သေ၊ များစွာဒဏ်ရာရ 

နာမည်ကျော် ရက်ပ်ပါ Travis Scott ရဲ့ ဖျော်ဖြေပွဲ Astroworld Festival မှာ လူပိပြီး အနည်းဆုံး (၈)ယောက် သေဆုံးကာ လူပေါင်းများစွာ ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

ဖြစ်ပုံကတော့ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာ ကျင်းပပြုလုပ်တဲ့ music festival မှာ ပရိသတ်တွေ များပြားလွန်းတာကြောင့် အခုလို စိတ်မကောင်းစရာ မတော်တဆဖြစ်ရပ် ဖြစ်ပွားခဲ့ရတာလို့ သိရပါတယ်။ မျက်မြင်သက်သေများနဲ့ ရဲအရာရှိများရဲ့ ပြောကြားချက်အရ လူအုပ်ရဲ့ တိုးဝှေ့၊ တွန်းတိုက်မှုကြောင့်  အနည်းဆုံး(၈)ဦး သေဆုံးသွားရပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

သေဆုံးသွားသူတွေထဲမှာတော့ အသက်(၁၄)နှစ်အရွယ် တစ်ယောက်၊ (၁၆)နှစ်အရွယ် တစ်ယောက်၊ (၂၁)နှစ်အရွယ် နှစ်ယောက်၊ (၂၃)နှစ်အရွယ် နှစ်ယောက်၊ (၂၇)နှစ်အရွယ် တစ်ယောက်နဲ့ ကျန်တစ်ဦးကတော့ အသက်အရွယ် မသိရသေးဘူးလို့ ဟူစတန်မြို့ဝန် Sylvester Turner က ယခုအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ပွဲမှာ ပြောကြားသွားပါတယ်။

Photo Credit: CNN

ဒါ့အပြင် အနည်းဆုံး လူ(၂၅)ယောက်ခန့်ကို ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးခဲ့ရပြီး (၁၃)ယောက်မှာ ဆေးရုံတင်ထားရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတဲ့ ပွဲကြည့်ရှုသူတွေထဲမှာ ငါးယောက်ကတော့ အသက်(၁၈)နှစ် မပြည့်သေးတဲ့ ကလေးတွေလို့ သိရပါတယ်။ မြို့ဝန်ရဲ့ ပြောကြားချက်အရ လူပျောက်ဆုံးခြင်းတော့ မရှိဘူးလို့ သိရပါတယ်။

“အဖြေမသိရသေးတဲ့ မေးခွန်းတွေတော့ အများကြီးပါပဲ။ ရက်ပေါင်းများစွာ၊ ဒါမှမဟုတ် ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူရပါလိမ့်မယ်။ လိုအပ်ရင် ဒီထက်လည်း ပိုကြာရင် ကြာနိုင်ကောင်းပါတယ်။ ကျွန်တော်တို့ဘက်က ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်း အသေးစိတ်တွေကို နက်နက်နဲနဲ ရှာဖွေဖော်ထုတ်မှာပါ။ ပြီးတော့ ဒါမျိုး အဖြစ်အပျက်တွေ နောက်ထပ် မဖြစ်ပွားရလေအောင် ဘယ်လိုလုပ်ဆောင်ရမလည်းဆိုတာကိုလည်း တဆက်တည်း စဉ်းစားအဖြေရှာသွားမှာပါ … ” လို့ မြို့ဝန်က သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရက်ပ်ပါ Travis Scott ရဲ့ Astroworld Festival ကတော့ လက်မှတ်အားလုံး ရောင်းကုန်သွားခဲ့တာ ဖြစ်ပြီး လူပေါင်း ငါးသောင်းခန့် တက်ရောက် အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက် စတင်ဖြစ်ပွားခဲ့ချိန်ကတော့ ဒေသစံတော်ချိန် ည(၉:၀၀)နာရီခန့်မှာ ဖြစ်ပြီး Travis Scott စင်ပေါ်တက်လာတည်းက အောက်က ပရိသတ်တွေဟာ ထိန်းမရအောင် ဖြစ်ခဲ့ကြတာလို့ ဆိုပါတယ်။

Photo Credit: Houstonia Magazine

အဲဒါကတော့ ပွဲကြည့်လာကြတဲ့ ပရိသတ်တွေဟာ ရုတ်တရက် စင်အရှေ့ဘက်ကို စုပြုံပြီး ပြေးလာကြရာက စတင်တယ်လို့ ဆိုပါတယ်။ ဆိုးဝါးတဲ့ လူလှိုင်းလုံးကြီးရဲ့ တွန်းတိုက်မှုကြောင့် အရှေ့မှာ ရှိနေပြီးသား ပွဲကြည့်သူတွေဟာ လူပိတာတွေ၊ အသက်ရှူကြပ်တာတွေ ဖြစ်ကုန်ကြတာပါ။

ပွဲစပြီဆိုကတည်းက လူအုပ်ကြီးရဲ့ ဖိသိပ် ကျပ်ညပ်မှုကို သိသိသာသာ ခံစားလာရတာ ဖြစ်ပြီး အသက်ရှူမရတော့လောက်‌အောင် အဖိခံနေရတာပါလို့ ပွဲကြည့်ပရိသတ်တွေက ထွက်ဆိုထားပါတယ်။ ဒါတင်မက မျက်စိရှေ့မှာတင် မူးလဲသွားတာတွေ၊ သတိလစ်သွားတာတွေ များစွာရှိတယ်လို့ ဆိုပါတယ်။

“မျက်စိရှေ့မှာတင် ဒဏ်ရာရသွားတာတွေ၊ မူးလဲသွားတာတွေ၊ အော်ဟစ် ငိုယိုပြီး အကူအညီတောင်းနေတာတွေ တွေ့ရတာ ရူးချင်စရာပါပဲ …. ” လို့ ဖျော်ဖြေပွဲက လွတ်မြောက်လာသူတွေက ဆိုကြပါတယ်။

Photo Credit: CNN

ဟူစတန်မြို့ရဲ့ မီးသတ်ဌာနမှူး Sam Pena ကတော့ CNN သတင်းဌာနကို အခုလို ပြောထားပါတယ်။ “ဘာကြောင့်မှန်းတော့ မသိရသေးပေမယ့် လူအုပ်ကြီးက စင်အရှေ့ဘက်ကို တွန်းပြီး ဖိလာကြတာကြောင့် စင်ရှေ့မှာ ရှိနေပြီးသား လူတွေကို လုံးဝအဖိသိပ်ခံလိုက်ရတာပါ …  ” လို့ ပြောထားပါတယ်။

ထိခိုက်ဒဏ်ရာရသူဦးရေကတော့ ဆေးရုံတင်လိုက်ရတဲ့ လူတွေအပြင် ဖျော်ဖြေပွဲဘေးမှာ အသင့်ပြင်ပေးထားတဲ့ အရေးပေါ် ဆေးပေးခန်းမှာပါ လူပေါင်းသုံးရာခန့် ကုသမှု ခံယူလိုက်ရတယ်လို့လည်း မီးသတ်ဌာနမှူး Sam Pena ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆေးရုံတင်လိုက်ရတဲ့ လူနာတွေထဲမှာဆိုရင်လည်း အသက်အငယ်ဆုံး (၁၀)နှစ်ကလေးအထိ ပါဝင်တယ်လို့ သိရပြီး နောက်ဆုံး ရရှိထားတဲ့ အဆက်အသွယ်အရ အရေးပေါ်အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ လူနာတွေထဲက တချို့မှာတော့ နှလုံးရပ်သွားတာမျိုးတွေ ရှိခဲ့တယ်လို့လည်း Sam Pena က ဆိုထားပါတယ်။

Photo: travisscott/ Instagram

ဒီပွဲတော်ဟာ စနေ၊ တနင်္ဂနွေ နှစ်ရက်စာ လက်မှတ်ရောင်းချထားတာ ဖြစ်ပြီး တနင်္ဂနွေနေ့အတွက်ကိုတော့ ပွဲဖျက်လိုက်ရပြီလို့ သိရပါတယ်။ Astroworld ဂီတပွဲတော်ကတော့ ဟူစတန်မြို့သား Travis Scott က ၂၀၁၈ ခုနှစ်မှာ စတင်ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲစီစဉ်သူတွေကတော့ ယခုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တွစ်တာမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။ “ဒီနေ့ညမှာတော့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေဟာ Astroworld Festival မိသားစုတွေနဲ့ ထပ်တူရှိနေပါတယ်။ အထူးသဖြင့် ချစ်ခင်ရသူတွေကို ဆုံးရှုံးသွားသူတွေနဲ့ ထပ်တူရှိနေပြီး ဒေသခံ တာဝန်ရှိသူတွေနဲ့ အတတ်နိုင်ဆုံး ပူးပေါင်း လုပ်ဆောင်သွားပါမယ် … ” လို့ ကြေညာချက် ထုတ်ထားပါတယ်။

Photo: travisscott/ Instagram

ပွဲရဲ့ စီစဉ်သူလည်း ဖြစ်တဲ့ Travis Scott ကလည်း သီးသန့် ကြေညာချက်တစ်စောင်ကို တွစ်တာမှာ ထုတ်ပြန်ထားပါသေးတယ်။ “မနေ့ညက အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကြေကွဲဝမ်းနည်းရပါတယ်။ Astroworld Festival မှာ ဖြစ်ပျက်သွားတာတွေကြောင့် ထိခိုက်ခံစားခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ကျွန်တော် ဆုတောင်းပေးနေပါတယ် … ”

“ဟူစတန်ရဲအရာရှိတွေနဲ့ ကျွန်တော် တတ်နိုင်တာအားလုံးကို ပူးပေါင်းဆောင်ရွက်သွားပါမယ်။ အကူအညီလိုအပ်နေတဲ့ မိသားစုတွေအတွက်လည်း ထောက်ပံ့ကူညီသွားပါမယ်။ ချက်ချင်း တုံ့ပြန်ပေးပြီး ကူညီပေးကြတဲ့ ဟူစတန်ရဲတပ်ဖွဲ့၊ မီးသတ်ဌာနနဲ့ NRG Park က တာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် … “လို့ Travis က ပြောထားပါတယ်။

Glasgow

Source: CNN

 

RELATED ARTICLES

Most Popular