HomeEntertainmentFilmWednesday Addams အဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးများ

Wednesday Addams အဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးများ

The Addams Family ဇာတ်ကောင်တွေကိုတော့ Charles Addams ဟာ New Yorker မဂ္ဂဇင်းမှာ ၁၉၃၈ ခုနှစ်ကနေ စတင်ပြီး တစ်ကွက်ကာတွန်းအဖြစ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၀ ကျော်မှာတော့ The Addams Family Sit-Com ဇာတ်လမ်းတွဲ ထွက်ရှိလာခဲ့ပြီး အဲဒီနောက်မှသာ ဒီဇာတ်ကောင်တွေက နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲ ထွက်ရှိလာပြီးနောက်မှာတော့ ဒီဇာတ်ကောင်တွေကို ပုံစံအမျိူးမျိူးနဲ့ ပြန်လည်ဖန်တီးခဲ့ကြပြီး သရုပ်ဆောင်များစွာကလည်း ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ ယခုအချိန်မှာတော့ Netflix ရဲ့ Wednesday ဇာတ်လမ်းတွဲဟာ အလွန်ရေပန်းစားနေပြီး ဒီတခါမှာတော့ Jenna Ortega အပြင် Wednesday ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးတွေကို ဖော်ပြပေးချင်ပါတယ်။

Lisa Loring

photo via screenrant

Wednesday ဇာတ်ကောင်ကို ပထမဆုံးသရုပ်ဆောင်ခဲ့တာကတော့ မင်းသမီးကြီး Lisa Loring ပဲ ဖြစ်ပြီး သူမဟာ ဒီဇာတ်ကောင်ကို စတင်သရုပ်ဆောင်ခဲ့တုန်းက အသက် (၅)နှစ်သာ ရှိပါသေးတယ်။ မင်းသမီးကြီး Lisa Loring ဟာ Wednesday ဇာတ်ကောင်အဖြစ် ၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Addams Family ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပြီး ထူးခြားတာကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Wednesday က အငယ်ဆုံးသမီး ဖြစ်ပြီး Pugsley ရဲ့ညီမအဖြစ် ဖန်တီးထားတာပါ။ ဒီဇာတ်လမ်းတွဲ Cancel သွားပြီးနောက်မှာတော့ ၁၉၇၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ Halloween with the New Addams Family ဇာတ်လမ်းထဲမှာလည်း သူမဟာ အရွယ်ရောက်ပြီးတဲ့ Wednesday အဖြစ် ပြန်လည်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဝမ်းနည်းစရာကတော့ သူမဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဦးနှောက်သွေးကြောပေါက်ပြီး ကွယ်လွန်သွားခဲ့ပါပြီ။

Cindy Henderson

photo via screenrant

ဒုတိယမြောက် သရုပ်ဆောင်ကတော့ Cindy Henderson ပဲ ဖြစ်ပြီး သူမဟာ ၁၉၇၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ The New Scooby-Doo Movies ဇာတ်လမ်းတွဲရဲ့ “Wednesday is Missing” ဆိုတဲ့ အပိုင်းထဲမှာ Wednesday အဖြစ် စတင်အသံသရုပ်ဆောင်ခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်မှာတော့ The Addams Family Animated Series ထွက်ရှိလာခဲ့ပြီး အဲဒီဇာတ်လမ်းတွဲထဲမှာလည်း သူမဟာ Wednesday ရဲ့ အသံသရုပ်ဆောင်အဖြစ် ပြန်လည်ပါဝင်ခဲ့ပါတယ်။ သူမဟာလည်း ၂၀၁၀ ခုနှစ်တုန်းက ကွယ်လွန်သွားခဲ့ပါပြီ။

Christina Ricci

photo via screenrant

Wednesday ဇာတ်ကောင်ရဲ့ Iconic အဖြစ် သရုပ်ဆောင်လို့တောင် ပြောလို့ရတဲ့ Christina Ricci ကတော့ ၁၉၉၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ The Addams Family ရုပ်ရှင်ထဲမှာ စတင်ပါဝင်ခဲ့ပြီး Sequel ဖြစ်တဲ့ Addams Family Values ထဲမှာလည်း ဆက်လက်ပါဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာမှ Addams Family ဇာတ်ကောင်ကို ပိုမို Dark ဖြစ်တဲ့ ပုံစံနဲ့ စတင်ဖန်တီးခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ Christina Ricci ကတော့ ဒီဇာတ်ကောင်နဲ့ပဲ အောင်မြင်ကျော်ကြားလာတာ ဖြစ်ပြီး Netflix ရဲ့ Wednesday ဇာတ်လမ်းတွဲထဲမှာလည်း Ms. Thornhill အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

Debi Derryberry

photo via screenrant

၁၉၉၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ The Addams Family ရုပ်ရှင် အောင်မြင်လာပြီးမှာတော့ ဒီဇာတ်ကောင်တွေကို နောက်ထပ်တစ်ကြိမ် Animated Series အဖြစ် ဖန်တီးခဲ့ကြပါတယ်။ အဲဒီဇာတ်လမ်းတွဲထဲမှာတော့ အသံသရုပ်ဆောင် Debi Derryberry က Wednesday အဖြစ် ပါဝင်ခဲ့ပြီး ဇာတ်ကောင်တွေရဲ့ ဒီဇိုင်းကိုတော့ အနည်းငယ် ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Debi Derryberry ကတော့ Wednesday ဇာတ်ကောင်အပြင် အခြားနာမည်ကြီးဇာတ်ကောင်တွေဖြစ်တဲ့ The Adventures of Jimmy Neutron ထဲက Jimmy Neutron ၊ Toy Story ထဲက ဂြိုလ်သားတွေအပြင် Studio Ghibli ရဲ့ Anime အချို့မှာလည်း ပါဝင်အသံသရုပ်ဆောင်ခဲ့ပါသေးတယ်။

Nicole Fugere

photo via screenrant

၁၉၉၈ ခုနှစ်မှာတော့ The Addams Family ဇာတ်လမ်းတွဲကို ပြန်လည် Reboot ပြုလုပ်ခဲ့ပြီး ဒီဇာတ်လမ်းတွဲကတော့ ဆိုးရွားတဲ့ ဝေဖန်မှုတွေ ရရှိခဲ့ပါတယ်။ Nicole Fugere ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Wednesday အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး Gomez ဇာတ်ကောင်မှာ ပထမဆုံးသရုပ်ဆောင်ခဲ့တဲ့ John Astin ကလည်း Grandpapa Addams အနေနဲ့ ပါဝင်ခဲ့ပါတယ်။

Chloe Grace Moretz

photo via screenrant

The Addams Family ဇာတ်လမ်းရဲ့ ဘတ်ဂျက်များများ အသုံးပြုထားတဲ့ ပထမဆုံး Animated Movie ကတော့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တို့မှာ ထွက်ရှိခဲ့ပါတယ်။ ဒီ Animated Movie ထဲမှာတော့ ဇာတ်ကောင်တွေရဲ့ ပိုမိုစစ်မှန်တဲ့ ဒီဇိုင်းကို မြင်တွေ့ခဲ့ရပြီး အောင်မြင်မှုတွေလည်း အသင့်အတင့်ရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မင်းသမီးချော Chloe Grace Moretz ဟာ အလယ်တန်းကျောင်းသူအရွယ် Wednesday နေရာကနေ အသံသရုပ်ဆောင်ခဲ့ပါတယ်။

Jenna Ortega

photo via screenrant

လောလောဆယ်မှာ ပရိသတ်ကြား ရေပန်းစားနေတဲ့ Netflix ရဲ့ Wednesday ဇာတ်ကောင်ကိုတော့ Jenna Ortega က သရုပ်ဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Addams Family ဇာတ်လမ်းတလျှောက်မှာ Wednesday ကို ပထမဆုံးအကြိမ်အဖြစ် ဆယ်ကျော်သက်အရွယ်အနေနဲ့ ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ Wednesday ဇာတ်ကောင်ဟာ သရုပ်ဆောင် Jenna Ortega အတွက် Breakout Role တစ်ခု ဖြစ်ပေမယ့်လည်း သူမဟာ ဒီဇာတ်လမ်းတွဲ မတိုင်ခင်ကတည်းက စတူဒီယို A24 ရဲ့ X နဲ့ Scream (2022) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular