HomeEntertainmentFilmWednesday Season 2 အတွက် Hot အဖြစ်ဆုံး Fan Theory များ

Wednesday Season 2 အတွက် Hot အဖြစ်ဆုံး Fan Theory များ

လောလောဆယ်မှာတော့ Netflix ဟာ Wednesday Season 2 ကို ရိုက်ကူးဖို့ စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ Season 1 ကတော့ စတင်ပြသချိန်ကစပြီး Netflix ရဲ့ အလွန်အောင်မြင်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းတွဲဟာ Stranger Things Season 4 ရဲ့ စံချိန်ဖြစ်တဲ့ စတင်ပြသချိန်ကနေ တစ်ပတ်အတွင်း ကြည့်ရှုသူအများဆုံးစံချိန်ကိုလည်း ချိူးဖျက်ခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားတာကြောင့် ယခုအချိန်မှာတော့ Season 2 အတွက် Hot အဖြစ်ဆုံး Fan Theory အချို့ကို ဖော်ပြပေးချင်ပါတယ်။

Principal Weems ပြန်လည်ပါဝင်လာမည်။

photo via screenrant

Season 1 ရဲ့ အဆုံးသတ်မှာတော့ Principal Weems ဟာ သေဆုံးသွားပြီ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဒီသီအိုရီကတော့ Season 2 ထဲမှာ Principal Weems ကို ပြန်လည်မြင်တွေ့ရဦးမယ်လို့ ဆိုပါတယ်။ သူမဟာ ပုံသဏ္ဍာန်ပြောင်းလဲနိုင်တဲ့ စွမ်းရည်ကို အသုံးပြုပြီး သူမရဲ့သေဆုံးမှုကို အတုအယောင် ပြုလုပ်သွားတာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် Principal Weems နေရာမှာ သရုပ်ဆောင်ထားတဲ့ Gwendoline Christie ကိုယ်တိုင်ကတောင် Season 1 ရဲ့ အဆုံးသတ်မှာ Principal Weems ရဲ့ ဈာပနကို မပြသသွားတဲ့အချက်ကို အင်တာဗျူးတစ်ခုမှာ ထောက်ပြထားပါတယ်။ ဒါကြောင့်ပဲ Principal Weems ဟာ အသက်ရှင်လျက် ရှိနေနိုင်ပါသေးတယ်။

အကယ်၍ Principal Weems ဟာ တကယ်သေဆုံးသွားပြီ ဆိုရင်တောင်မှ သူမဟာ Season 2 ထဲမှာ ပြန်လည် ပါဝင်လာနိုင်မယ့် နည်းလမ်းတွေများစွာ ရှိပါတယ်။ ဥပမာပြောရရင် Gomez နဲ့ Morticia တို့ရဲ့ Nevermore Academy မှာ တက်ရောက်ခဲ့ချိန်ကို ပြန်လည်ပြသချိန်မှာလည်း Principal Weems ရဲ့ငယ်ဘဝကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Principal Weems ဟာ ဝိဉာဉ်အဖြစ် ပြန်လည်ပါဝင်လာပြီး Wednesday ရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးတာမျိူးကိုလည်း မြင်တွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

The Morning Sun Cult

photo via screenrant

လောလောဆယ်မှာတော့ Season 2 ရဲ့ ဗီလိန်ဟာ ဘယ်သူဖြစ်မလည်းဆိုတာ မသိရသေးပါဘူး။ သို့သော်လည်း Season 1 အဆုံးသတ်မှာတော့ တစ်ယောက်ယောက်ဟာ Wednesday ကို နောက်ယောင်ခံလိုက်နေကြောင်း ပြသသွားပါတယ်။ သီအိုရီတစ်ခုအရ ဆိုရင်တော့ Season 2 ရဲ့ဗီလိန်ဟာ The Morning Sun Cult ဖြစ်လာမယ်လို့ ဆိုပါတယ်။

The Morning Sun Cult ကတော့ Siren တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး လူတွေကို Brainwash ပြုလုပ်ကာ သူတို့ရဲ့ပိုက်ဆံတွေကို လိမ်လည်ယူတဲ့ အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ Bianca ရဲ့မိခင်နဲ့ ပထွေးဖြစ်သူတို့ဟာ ဒီအဖွဲ့ကို ဦးဆောင်နေကြပြီး Season 1 ထဲမှာတော့ ဒီအဖွဲ့အကြောင်းကို အနည်းငယ် ဖော်ပြထားပါတယ်။

ဒါကြောင့်ပဲ The Morning Sun Cult ဟာ Season 2 ထဲမှာ ဗီလိန်အဖြစ် ပါဝင်လာနိုင်ချေ အတော်များပါတယ်။ Bianca ရဲ့မိခင်ကတော့ သူ့သမီးကို အိမ်ပြန်လာပြီး The Morning Sun Cult ထဲမှာ ကူညီစေချင်တာပဲ ဖြစ်ပါတယ်။ တကယ်လို့ သူခိုင်းသလို မလုပ်ရင်တော့ Bianca ဟာ Siren Song ကိုအသုံးပြုပြီး Nevermore Academy ထဲကို ဝင်လာခဲ့တဲ့အကြောင်းကို ဖွင့်ချလိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ Season 1 ပြီးသွားတဲ့အထိ ဒီ Plot ကို မဖြေရှင်းသွားတာကြောင့် Season 2 မှာ ဆက်လက် မြင်တွေ့ရဦးမှာလည်း ဖြစ်ပါတယ်။

Xavier က Hype ဖြစ်နေပါမယ်။

photo via screenrant

Season 1 တလျှောက်လုံးမှာတော့ Xavier ဟာ Hype နဲ့ ပတ်သက်တဲ့ အိပ်မက်တွေကို ဆက်တိုက်မက်နေခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဘာကြောင့်ဒီလိုတွေ အိပ်မက်မက်နေရတာလည်းဆိုတာ မရှင်းပြသွားခဲ့ပါဘူး။ Xavier ကသာ တကယ်ပဲ Hype ဖြစ်နေမယ် ဆိုရင်တော့ သူရဲ့မသိစိတ်ထဲမှာ ရှိနေတဲ့ Hype ကြောင့် ဒီလိုအိပ်မက်တွေ မက်နေတယ်ဆိုတာ ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

ဒါ့အပြင် Xavier ရဲ့ဖခင်ဖြစ်သူ Vincent Thorpe ကတော့ နာမည်ကြီး စိတ်စွမ်းအားရှင်တစ်ယောက် ဖြစ်သလို သူ့ရဲ့ပုံရိပ်ကို လုံးဝအထိအခိုက် မခံတတ်သူအဖြစ် ပုံဖော်ထားပါတယ်။ Season 1 ရဲ့ အဆုံးသတ်မှာ Wednesday ကို တစ်ယောက်ယောက်က နောက်ယောင်ခံလိုက်နေကြောင်း ဖုန်းကနေ စာပို့ခဲ့ပါတယ်။

အဲဒီဖုန်းကတော့ Xavier လက်ဆောင်ပေးလိုက်တဲ့ဖုန်း ဖြစ်တာကြောင့် အဲဒီဖုန်းနံပါတ်ကို တစ်နည်းနည်းနဲ့ Vincent က သိနေနိုင်ပါတယ်။ ဒီအချက်ကြောင့်ပဲ Vincent ဟာ Wednesday ကြောင့် Xavier ရဲ့တကယ့်သရုပ်မှန်က Hype ဖြစ်ကြောင်း ပေါ်သွားမှာ စိုးရိမ်နေတာလည်း ဖြစ်နိုင်ပါတယ်။

Laurel Gates နဲ့ Tyler တို့ ပြန်လည်ပါဝင်လာပါမယ်။

photo via screenrant

Season 1 ရဲ့ အဆုံးသတ်မှာတော့ Laurel Gates နဲ့ Tyler တို့နှစ်ယောက်လုံးဟာ သေဆုံးသွားကြတာ မဟုတ်ပါဘူး။ ဒါ့အပြင် နောက်ဆုံးဇာတ်ဝင်ခန်းမှာတော့ Tyler ဟာ ဖမ်းဆီးခံထားရာကနေ Hype အဖြစ် ပြောင်းလဲသွားတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူဟာ အလွယ်တကူ လွတ်မြောက်လာပြီး Season 2 ထဲမှာ ဆက်လက်ပါဝင်လာဦးမှာပါ။

Tyler ဟာ Wednesday ကို နောက်ယောင်ခံလိုက်နေသူနဲ့ ပူးပေါင်းသွားတာမျိူးလည်း ဖြစ်နိုင်ပါတယ်။ Laurel Gates ကလည်း Wednesday ကို နောက်ယောင်ခံလိုက်နေသူနဲ့ ပူးပေါင်းသွားနိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကတော့ Laurel Gates ဟာ Hannibal ရုပ်ရှင်ထဲကလိုမျိူး ထောင်ထဲကနေ Wednesday ကြုံတွေ့နေရတဲ့ ပဟေဠိတွေကို ဝိုင်းဝန်းအကြံပေးတာမျိူးလည်း မြင်တွေ့ရနိုင်ပါတယ်။

Wednesday နဲ့ Enid တို့ ကြိုက်သွားကြပါမယ်။

photo via screenrant

ဒီသီအိုရီကတော့ လူပြောအများဆုံး သီအိုရီတစ်ခုလို့တောင် ပြောလို့ရပါတယ်။ Season 1 ထဲမှာတော့ Wednesday နဲ့ Enid တို့ နှစ်ယောက်လုံးဟာ ကောင်လေးတွေနဲ့ ပတ်သက်ခဲ့ကြပေမယ့်လည်း ပရိသတ်တွေအများစုကတော့ သူတို့နှစ်ယောက်ကိုပဲ အတူတူ ချစ်ကြိုက်သွားကြတာမျိူး မြင်တွေ့ချင်နေကြပါတယ်။ ဒါ့အပြင် Season 1 ထဲက Enid နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေကတော့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့တကယ့်အစစ်အမှန်ကို ချပြဖို့ ကြိုးစားရုန်းကန်နေရပုံကို တင်စားထားတာလို့တောင် ဆိုကြပါတယ်။

ဒါကတော့ Wednesday season 2 ထဲမှာ ဖြစ်လာနိုင်တဲ့ ဇာတ်လမ်းတွေကို ပရိသတ်တွေက သီအိုရီထုတ်ထားတာပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ကရော ဘယ်လိုသီအိုရီတွေ စဉ်းစားမိထားလည်းဆိုတာ ကောမန့်မှာ ဆွေးနွေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular