HomeCharacterWerewolf By Night ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

Werewolf By Night ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားများ

Disney+ က အသစ်ထွက်ရှိလာမယ့် Werewolf By Night ကတော့ လာမယ့် အောက်တိုဘာလ (၇)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီ Halloween Special ထဲမှာတော့ Gael Garcia က Werewolf By Night ဇာတ်ကောင်နေရာကနေ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Werewolf By Night ဇာတ်လမ်းကို မကြည့်ရှုရသေးခင်မှာ သူ့ရဲ့ ကောမစ်ထဲက Origin နဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ် Origin

photo via screenrant

Marvel ကောမစ်ထဲက တခြားဇာတ်ကောင်တွေလိုပဲ Werewolf By Night ဆိုတဲ့ နာမည်ကိုတော့ မတူညီတဲ့ ဇာတ်ကောင်တွေက အသုံးပြုခဲ့ဖူးပါတယ်။ ယခုဖော်ပြသွားမှာကတော့ Jack Russell နဲ့ Jake Gomez တို့ပဲ ဖြစ်ပါတယ်။ Jack Russell ကတော့ ၁၉၇၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marvel Spotlight #2 ကောမစ်မှာ စတင်ပါဝင်ခဲ့ပါတယ်။ Jack ရဲ့ မိသားစုကတော့ Werewolf ကျိန်စာသင့်နေတာ ဖြစ်ပြီး သူ့ရဲ့ဘိုးဘေးဖြစ်တဲ့ Grigori Russoff ဟာ Dracula က ဖမ်းဆီးထားတဲ့ Lydia ဆိုတဲ့ Werewolf ကနေတဆင့် ကျိန်စာမိခဲ့တာ ဖြစ်ပါတယ်။

ဒီကျိန်စာဟာ မျိူးဆက်တလျှောက် လက်ဆင့်ကမ်းလာတာ ဖြစ်ပြီး Jack ကတော့ သူ့ရဲ့(၁၈)နှစ်ပြည့်မွေးနေ့မှာပဲ ဒီကျိန်စာကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Committee ဆိုတဲ့ ဒုစရိုက်အဖွဲ့တစ်ခုဟာ Max Grant ဆိုသူကို စေလွှတ်ပြီး Jack ရဲ့ အမေကို သတ်ခိုင်းခဲ့ပါတယ်။ ဒါကြောင့်ပဲ Jack ဟာ သူ့ရဲ့ကျိန်စာကို အသုံးချပြီး Max Grant ကို လက်စားချေတဲ့အနေနဲ့ ပြန်လည်သတ်ပစ်ခဲ့ပါတယ်။

Jack ရဲ့ မိသားစုပိုင် ရဲတိုက်ကြီးကို ရောင်းချလိုက်တဲ့နောက်မှာတော့ သူဟာ California ကို ပြောင်းရွှေ့လာခဲ့ပြီး ဆိုင်ကယ်ဂိုဏ်းတစ်ခုနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူဟာ Frankenstein ရဲ့မွန်းစတားကြီး၊ Moon Knight ၊ Ghost Rider ၊ Morbius တို့အပြင် Iron Man နဲ့တောင် တွေ့ဆုံခဲ့ဖူးပါတယ်။

Jake Gomez ကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Werewolf By Night #1 ကောမစ်မှာ စတင်ပါဝင်ခဲ့ပါတယ်။ Jake Gomez ကတော့ အသက်(၁၃)နှစ်အရွယ်မှာ လပြည့်ည ဖြစ်စရာမလိုဘဲ Werewolf အဖြစ် ပြောင်းလဲနိုင်ကြောင်း သိရှိခဲ့ပါတယ်။ Jake ဟာ သူ့ရဲ့အဘွားနဲ့ ဝမ်းကွဲတို့ရဲ့ အကူအညီကြောင့် Werewolf အဖြစ် ပြောင်းသွားချိန်မှာ သူ့ရဲ့စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားနိုင်ပါတယ်။

ဒါပေမယ့်လည်း တစ်ရက်မှာတော့ Jake ဟာ အထိန်းအချုပ်လွတ်သွားပြီး U.S. Marshal တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့်လည်း U.S. Marshal Red Wolf ဟာ Jake ရဲ့ Werewolf စွမ်းအားတွေကို Native American တွေရဲ့ အသိပညာတွေကို အသုံးပြုပြီး ထိန်းချုပ်တတ်အောင် သင်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

စွမ်းအားများ

photo via screenrant

Marvel ကောမစ်ထဲက Werewolf တွေကတော့ Classic Werewolf တွေနဲ့ ပုံစံချင်း ဆင်တူပေမယ့် အချိန်တွေ ကြာလာတဲ့နောက်မှာတော့ ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Jack Russell ကတော့ လပြည့်ညတွေနဲ့ လပြည့်ညပတ်ဝန်းကျင် နှစ်ရက်မှာ ကြီးမားတဲ့ လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်းအဖြစ် ပြောင်းလဲသွားပါတယ်။ Jack ဟာ Werewolf ဖြစ်နေချိန်မှာဆိုရင် သူ့ရဲ့လူသားဉာဏ်ရည်ကိုလည်း ဆုံးရှုံးသွားပါတယ်။ ဒါပေမယ့်လည်း အချိန်တွေ ကြာလာတဲ့အခါမှာတော့ Jack ဟာ လပြည့်နေ့ မဟုတ်တဲ့ ရက်တွေမှာလည်း အသွင်ပြောင်းလဲလာနိုင်ပြီး အသွင်ပြောင်းလဲသွားတဲ့ အခါမှာလည်း ယခင်ကထက် ပိုမိုထိန်းချုပ်မှုတွေ ရှိလာခဲ့ပါတယ်။

Werewolf ဖြစ်နေချိန်မှာတော့ Jack ဟာ Superhuman Strength ကို ရရှိသွားပြီး လပြည့်ညတွေဆိုရင် ပိုမိုသန်မာပါတယ်။ ဒါ့အပြင် သူဟာ သာမန်လူတွေထက် သာလွန်တဲ့ သက်လုံ၊ တုန့်ပြန်မှုနဲ့ အမြန်နှုန်းတို့ကို ရရှိထားသလို အမြင်အာရုံနဲ့ အကြားအာရုံတွေလည်း သာမန်ထက် သာလွန်နေပါတယ်။ သူဟာ အကြမ်းခံနိုင်သလို Moon Knight လိုမျိူး Regenerative Healing Factor လည်း ရှိပါတယ်။ သူ့ရဲ့ လက်သည်းတွေနဲ့ အစွယ်တွေဟာလည်း အလွန်အမင်း ချွန်ထက် မာကြောပါတယ်။ ဒီစွမ်းအားတွေ အားလုံးကတော့ Jack Russell တင် မဟုတ်ဘဲ Jake Gomez မှာလည်း ရှိပါတယ်။

သူဟာ Werewolf ဖြစ်တာကြောင့် Classic Werewolf တွေလိုပဲ အားနည်းချက်တော့ ရှိပါတယ်။ အဲဒါကတော့ ငွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေနဲ့ လက်နက်တွေပဲ ဖြစ်ပါတယ်။ သူဟာ ငွေနဲ့ ပြုလုပ်ထားတဲ့ လက်နက်ကြောင့် ဒဏ်ရာရသွားရင်တော့ အဲဒီဒဏ်ရာ ပြန်ကျက်ဖို့အတွက် သာမန်ထက် ကြာမြင့်ပါတယ်။ ဒါ့အပြင် ငွေနဲ့ပြုလုပ်ထားတဲ့ လက်နက်နဲ့ သာမန်လူတစ်ယောက် သေစေနိုင်တဲ့နေရာကို ထိခိုက်မိရင်တော့ သေဆုံးသွားနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular