HomeEntertainmentFilmWriter Strike ကြောင့် ရပ်နားနေရပြီဖြစ်တဲ့ ဟောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးများ

Writer Strike ကြောင့် ရပ်နားနေရပြီဖြစ်တဲ့ ဟောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးများ

Writers Guild of America (WGA)ရဲ့ သပိတ်မှောက်မှုကြောင့် အခုဆိုရင်တော့ အမေရိကန်ရှိုးတွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာဟာ ထုတ်လုပ်ရေး ဆက်မလုပ်နိုင်ကြတော့ဘဲ တဝက်တပြက်နဲ့ ရပ်နားထားကြရပါတယ်။ ဇာတ်ညွှန်းရေးဆရာတွေ၊ ဇာတ်လမ်းရေးတဲ့ စာရေးဆရာတွေဟာ ရုပ်ရှင်စတူဒီယိုကြီးတွေအပေါ် တောင်းဆိုမှုတွေ ပြုလုပ်ထားရာ စတူဒီယိုတွေဘက်က မညှိနှိုင်းနိုင်သေးတဲ့အတွက် အခုလို သပိတ်မှောက်မှု ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။

ဒီ writer strike ဟာ မနေ့က အင်္ဂါနေ့မှာ တရားဝင် စတင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတည်းက ဇာတ်ညွှန်းရေးဆရာတွေရဲ့ မကျေနပ်မှုတွေဟာ ကျယ်လောင်စွာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ စာရေးဆရာတွေရဲ့ အစည်းအရုံးဖြစ်တဲ့ WGA ဟာ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းလောက်တည်းက ဇာတ်ညွှန်းရေးဆရာတွေရဲ့ မဲဆန္ဒတွေကို ကောက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒီမဲဆန္ဒတွေထဲက (၉၇.၈၅)ရာခိုင်နှုန်းကတော့ Alliance of Motion Picture and Television Producers (AMPTP)နဲ့ တွေ့ဆုံညှိနှိုင်းဖို့ထက် သပိတ်မှောက်ဖို့ကို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် WGA ဘက်က စာရေးသူတွေကိုယ်စား တင်သွင်းလာတဲ့ အနည်းဆုံးတောင်းဆိုမှုတွေအပေါ် AMPTP ဘက်က လိုက်လျောပေးရမယ့် နောက်ဆုံးရက်ဟာ မေလ(၁)ရက်နေ့ဖြစ်ပြီး ဘာမှအကောင်အထည် မပေါ်လာတဲ့အတွက် ဒီသပိတ်မှောက်မှုဟာ အခုလိုဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီပြဿနာရဲ့ အရင်းခံကတော့ ကြီးမားကျယ်ပြန့်လာတဲ့ streaming platform တွေ များလာတာနဲ့အညီ ဇာတ်ညွှန်းရေးသူတွေဟာ လုပ်အားနဲ့ ညီမျှတဲ့ လစာရရှိဖို့ စတူဒီယိုတွေဘက်ကို တောင်းဆိုလာရာက နှစ်ဘက်မှာ တင်းမာမှုတွေ ဖြစ်လာခဲ့တာပါ။ WGA ဘက်က တောင်းဆိုမှုတွေမှာတော့ အခြေခံလစာတိုးမြှင့်ပေးရန်၊ streaming service တွေမှာ ပြသမယ့် ရှိုးတွေ၊ ရုပ်ရှင်တွေအနေနဲ့ viewership အလိုက် အပိုထပ်ဆောင်းပေးရန်နဲ့ AI နည်းပညာအသုံးပြုထားတဲ့ ဇာတ်ညွှန်းတွေအပေါ် တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပေးရန်တို့ပဲ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း စတူဒီယိုတွေဘက်ကတော့ သူတို့ရဲ့ဘဏ္ဍာရေးအသုံးပြုမှုအပေါ် ပြောင်းလဲဖို့မရှိတဲ့အတွက် WGA ရဲ့ တောင်းဆိုမှုကို မသင့်တော်ဘူးလို့ ထင်မြင်ယူဆနေကြပါတယ်။ ဒါကြောင့်ပဲ အမေရိကန်တစ်နိုင်ငံလုံးက ရှိုးတွေ၊ ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေအတွက် ဇာတ်ညွှန်းရေးသားပေးနေကြတဲ့ စာရေးသူအားလုံးဟာ အလုပ်မလုပ်ကြတော့ဘဲ အခုလို သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ လောလောဆယ်မှာပဲ ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်နေပါပြီ။ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးရှိုးဖြစ်တဲ့ Saturday Night Live လို ရှိုးပင်လျှင် Season 48 ရဲ့အလယ်မှာ တန်းလန်းကြီး ရပ်တန့်နေပြီ ဖြစ်ပါတယ်။ ဒီရှိုးဟာ လာမယ့် မေလ(၂၀)ရက်နေ့မှာ အပိုင်းသစ် ထုတ်လွှင့်ရမှာဖြစ်ပေမယ့် writer strike ကြောင့် အခုဆိုရင် အကန့်အသတ်မရှိ ရှိုးကို ရပ်နားထားရပြီ ဖြစ်ပါတယ်။ ဒီလိုရပ်နားထားရတဲ့ ကာလမှာ အပိုင်းဟောင်းတွေကိုပဲ ပြန်ပြသွားဖို့ လုပ်ထားကြပါတယ်။

writer strike ကြောင့် ရပ်နားထားရတဲ့ ရှိုးတွေထဲမှာ Saturday Night Live အပြင် Jimmy Kimmel Live ၊ The Tonight Show ၊ The Late Show with Stephen Colbert ၊ Late Night with Seth Meyers ၊ Real Time with Bill Maher ၊ This Week Tonight with John Oliver ၊ The Daily Show ၊ Yellowjackets ၊ Abbott Elementary ၊ Cobra Kai ၊ Big Mouth နဲ့ Stranger Things တို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ writer strike ကတော့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလကဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလအထိ ကြာမြင့်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း ယခုလို အလားတူပြဿနာမျိုးပဲ ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီအတောအတွင်း ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံလိုင်းတွေဟာလည်း သိသိသာသာ ကြည့်ရှုနှုန်း ကျဆင်းခဲ့ပါတယ်။ အဲဒီ writer strike တုန်းကလည်း စာရေးဆရာမဟုတ်တဲ့ တခြားသောနယ်ပယ်က လူတွေရဲ့ ဝန်းရံအားပေးမှုကိုပါ ရရှိခဲ့ပါတယ်။

ယခုတစ်ချိန်ကိစ္စကတော့ ဘယ်အချိန်ထိ ကြာမြင့်မယ်ဆိုတာနဲ့ ဘယ်လောက်ထိ သက်ရောက်မှုတွေ ပြင်းထန်မယ်ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Vancouver

Source: screenrant/ variety

 

RELATED ARTICLES

Most Popular