HomeCharacterကောမစ်ထဲက Kang the Conqueror ရဲ့ လူသိနည်းသေးတဲ့ စိတ်ဝင်စားစရာအချက်များ

ကောမစ်ထဲက Kang the Conqueror ရဲ့ လူသိနည်းသေးတဲ့ စိတ်ဝင်စားစရာအချက်များ

မကြာခင်က ထွက်ရှိခဲ့တဲ့ Ant-Man and the Wasp: Quantumania ရုပ်ရှင်ထဲမှာတော့ Kang the Conqueror ကို စတင်မြင်တွေ့ခဲ့ရပါတယ်။ Kang the Conqueror ဟာ MCU ရဲ့ Multiverse Saga မှာ အဓိကဗီလိန်အဖြစ် ပါဝင်သွားမယ့် ဇာတ်ကောင်လည်း ဖြစ်ပါတယ်။

Kang ဟာ (၃၁)ရာစုနှစ်က အချိန်ခရီးသွား ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ပြီး အချိန်ကာလတွေအားလုံးကို သိမ်းပိုက်ကာ အုပ်ချုပ်ချင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် Kang ဟာ သူ့ရဲ့ Time-Ship ကို အသုံးပြုပြီး ရာစုနှစ်တိုင်းကို သွားလာခဲ့ဖူးပါသေးတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ MCU ပရိသတ်တွေအတွက် ကောမစ်ထဲက Kang the Conqueror ရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာအချို့ကို ဖော်ပြပေးချင်ပါတယ်။

နည်းပညာမြင့်လွန်းတဲ့ လက်နက်တွေနဲ့ အနာဂတ်က စစ်တပ်ကို အသုံးပြုတဲ့ Kang

photo credit Marvel Comics

Kang ဟာ အချိန်ခရီးသွားတစ်ယောက်ဆိုတဲ့အတိုင်း အနာဂတ်က နည်းပညာတွေနဲ့ လက်နက်တွေကို အသုံးပြုပါတယ်။ Kang ရဲ့ Battle Armor ဟာ သူ့ကို Marvel ရဲ့ ခွန်အားအကြီးဆုံး ဇာတ်ကောင်တွေနဲ့တောင် ယှဉ်နိုင်တဲ့ ခွန်အားနဲ့ အလိုလျောက် တုန့်ပြန်နိုင်မှုကို ပေးစွမ်းထားပါတယ်။ ဒါ့အပြင် Kang စစ်တပ်ဟာလည်း အချိန်ကာလပေါင်းစုံက စစ်တပ်တွေ ပေါင်းစည်းထားတာ ဖြစ်သလို စက်ရုပ်တွေ အသုံးပြုရတာကိုလည်း သဘောကျပါသေးတယ်။

Ravonna

photo credit Marvel Comics

Ravonna ကတော့ Kang ရဲ့ Timeline ပေါင်းစုံမှာ သူ့အတွက် အရေးကြီးဆုံးလူ ဖြစ်ပါတယ်။ Ravonna ကိုတော့ Loki ဇာတ်လမ်းတွဲထဲမှာ စတင်မြင်တွေ့ခဲ့ရပြီး သူမဟာ Season 2 ထဲမှာလည်း ဆက်လက်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ သူမရဲ့ဇာတ်ကောင်ပုံစံကလည်း ဗီလိန်ဆန်ဆန် ဖြစ်တာကြောင့် MCU ထဲမှာလည်း Ravonna နဲ့ Kang တို့ရဲ့ ပူးပေါင်းမှုကို မြင်တွေ့ရနိုင်ပါတယ်။

Rama-Tut

photo credit Marvel Comics

Kang ဟာ Time နဲ့ Space ကို ဖြတ်သွားပြီး မတူညီတဲ့ ယဉ်ကျေးမှုများစွာနဲ့ ကြုံတွေ့ခဲ့ဖူးပါတယ်။ Ant-Man 3 ရဲ့ Credit Scene ထဲမှာလည်း Council of Kangs ထဲက မတူညီတဲ့ Kang Variant အချို့ကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီ Variant တွေထဲမှာတော့ Rama-Tut ဆိုတဲ့ အီဂျစ်ဖာရိုလည်း ပါဝင်နေပါတယ်။ ကောမစ်ထဲမှာတော့ Kang ဟာ ရှေးဟောင်းအီဂျစ်ကာလကို သွားရောက်ခဲ့ပြီး သူ့ရဲ့အဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ စက်ရုပ်တွေကို အသုံးပြုကာ သိမ်းပိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူဟာ Rama-Tut ဆိုတဲ့ အီဂျစ်ဖာရို ဖြစ်လာပါတော့တယ်။

Scarlet Centurion

photo credit Marvel Comics

Kang ဟာ Doctor Doom နဲ့လည်း ဇာတ်လမ်းတွေ ရှိခဲ့ဖူးပါတယ်။ သူဟာ Rama-Tut အနေနဲ့ Doctor Doom နဲ့ ပထမဆုံးတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ Kang ဟာ Doctor Doom ရဲ့ Armor ကို မှီငြမ်းကာ Armor တစ်ခုကို ဖန်တီးခဲ့ပြီး Scarlet Centurion ဆိုတဲ့ Identity အသစ်ကို ဖန်တီးခဲ့ပါတယ်။ Kang ဟာ ခေတ်သစ်ကို ကြီးစိုးနိုင်ဖို့အတွက် ဒီ Identity ကို အသုံးပြုပြီး Timeline ထဲက အဖြစ်အပျက်တွေကို ကြိုးကိုင်ခြယ်လှယ်ခဲ့ပါတယ်။

Victor Timely

photo credit Marvel Comics

Victor Timely ကတော့ အခြားသော Kang တွေအားလုံးလိုပဲ (၃၁)ရာစုက လာခဲ့တာ ဖြစ်ပါတယ်။ Victor ဟာ အချိန်ခရီးသွားခြင်းကို ပြုလုပ်နိုင်သွားတဲ့အခါမှာတော့ ၁၉၀၀ ကျော်ကာလက အမေရိကန်နိုင်ငံကို ရောက်လာခဲ့ပါတယ်။ သူကတော့ စူပါဟီးရိုးတွေရဲ့ခေတ်ကို လေ့လာ စောင့်ကြည့်နေခဲ့တာလည်း ဖြစ်ပါတယ်။ Victor Timely ဟာ MCU ထဲမှာလည်း ပါဝင်လာတော့မှာ ဖြစ်ပြီး MCU အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Anachronauts

photo credit Marvel Comics

Kang ဟာ အမြဲတမ်းတော့ သူ့ရဲ့စစ်တပ်ကို အားကိုးနေတာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တစ်ခါမှာတော့ Kang ဟာ Anachronauts ဆိုတဲ့ စစ်သည်တော်အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ဖူးပါတယ်။ အဲဒီအဖွဲ့ထဲမှာတော့ စွမ်းအားကြီးတဲ့ စစ်သည်တော်တွေဖြစ်တဲ့ Deathhunt 9000 ၊ Apocryphus ၊ Raa ၊ Sir Raston ၊ Ssith ၊ Tyndar နဲ့ Wildrun တို့ ပါဝင်ကြပါတယ်။

သူတို့ဟာ Kang နဲ့ ရင်မဆိုင်ရသေးခင်အထိ တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးသူတွေလည်း ဖြစ်ပါတယ်။ Kang ကတော့ သူတို့ရဲ့ စွမ်းအားတွေကို ပြန်လည်အသုံးချဖို့အတွက် Anachronauts ဆိုပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ Anachronauts တွေကတော့ Kang ရဲ့ မွေးရပ်မြေဖြစ်တဲ့ Chronopolis ကို ကာကွယ်ပေးရတာ ဖြစ်ပါတယ်။

Immortus

photo credit Marvel Comics

Multiverse ကြီးရဲ့ အဆုံးမရှိတဲ့ Timeline တွေထဲက တစ်ခုမှာတော့ Kang ဟာ အလွန်စွမ်းအားကြီးလာပြီး Immortus ဆိုတဲ့ Time Lord ဖြစ်လာပါတယ်။ ဒီ Kang Variant ကိုတော့ MCU ရဲ့ Council of Kangs ထဲမှာလည်း မြင်တွေ့ခဲ့ရပါတယ်။ သူဟာ ကောမစ်ထဲမှာတော့ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်မှုတွေများစွာ ပြုလုပ်ခဲ့သူ ဖြစ်ပြီး အလွန်လည်းအန္တရာယ်များသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ MCU ထဲမှာတော့ Immortus ကို ဘယ်လိုဖန်တီးသွားမလည်းဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Iron Lad

photo credit Marvel Comics

Ion Lad ကတော့ Young Avengers အဖွဲ့ထဲက Fan-Favorite ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ Iron Man လိုပုံစံမျိူး ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး Young Avengers အဖွဲ့ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ တကယ်တော့ Iron Lad ဟာ Kang the Conqueror ရဲ့ Younger Version ဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ ပရိသတ်တွေနဲ့ Iron Lad ရဲ့ အဖွဲ့သားတွေက အလွန်အံ့အားသင့်သွားခဲ့ပါတယ်။

Kang ကတော့ အတိတ်ကို ပြန်လာပြီး သူ့ရဲ့ကံကြမ္မာကို လက်ခံဖို့ Iron Lad ကို ဖြောင်းဖြခဲ့ပါတယ်။ ဒါပေမယ့်လည်း Iron Lad ကတော့ Kang ကို သတ်လိုက်ပြီး Time Paradox ဖြစ်လာစေပါတယ်။ ဒါကြောင့်ပဲ နောက်ဆုံးမှာတော့ Iron Lad ဟာ ဘယ်လိုမှ မတတ်နိုင်တော့ဘဲ အနာဂတ်ကို ပြန်သွားပြီး သူ့ရဲ့ကံကြမ္မာကို လက်ခံကာ Kang the Conqueror ဖြစ်လာပါတော့တယ်။

Inhuman တွေ မျိူးတုန်းစေဖို့ ကြိုးစားခဲ့တဲ့ Kang

photo credit Marvel Comics

Inhuman တွေရဲ့ဘုရင်ဖြစ်တဲ့ Black Bolt ဟာ သူ့ရဲ့သား Ahura ကို Kang နဲ့အတူ အတိတ်ကို ပြန်သွားစေပြီး Secret Wars ဖြစ်လာစေမယ့် Incursion အဖြစ်အပျက်တွေကို တားဆီးခိုင်းခဲ့ပါတယ်။ Kang ကတော့ ဒီလိုပြုလုပ်ပေးရင် Ahura ကို မွေးစားမယ်ဆိုတဲ့ အပေးအယူလုပ်ခဲ့ပါတယ်။

အတိတ်ကိုပြန်ရောက်သွားတဲ့ အချိန်မှာတော့ ထုံးစံအတိုင်းပဲ Kang ဟာ Ahura ကို လှည့်စားကြိုးကိုင်ပြီး Inhuman တွေကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Ahura ဟာ အရွယ်ရောက်လာပြီး Kang ရဲ့နေရာကို ဆက်ခံခဲ့ပါတယ်။

Ahura ဟာ Inhuman မှန်သမျှကို သတ်ပစ်ဖို့ ကြိုးစားနေတာကြောင့် နောက်ဆုံးမှာတော့ Inhuman တွေဟာ ရွေးချယ်စရာမရှိတော့ဘဲ အရွယ်ရောက်နေတဲ့ Ahura ကို သတ်ပစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အတိတ်က လူငယ်ဘဝ Ahura ကိုတော့ Kang လက်ကနေ ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။

Doom The Annihilating Conqueror

photo credit Marvel Comics

Iron Lad ဟာ Princess Ravonna နဲ့ ချစ်ကြိုက်သွားပြီး အန္တရာယ်ကြုံရတော့မယ့် Ravonna ကို သူမရဲ့ Timeline ကနေ ကယ်တင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ Kid Immortus ဆိုတဲ့ Identity ကို ခံယူပြီး သူ့ရဲ့ဗီလိန်ဖြစ်လာမယ့် Timeline ကို ဖန်တီးပါတော့တယ်။

Kid Immortus ဟာ Annihilus နဲ့ Doctor Doom တို့ရဲ့ Younger Version နဲ့အတူ ပူးပေါင်းခဲ့ပြီး နောက်ဆုံးမှာတော့ Alternate Timeline တစ်ခုမှာ သူတို့သုံးယောက်လုံး ပေါင်းစပ်သွားပြီး Doom The Annihilating Conqueror ဆိုတဲ့ အလွန်စွမ်းအားကြီးတဲ့ Being တစ်ခု ဖြစ်လာပါတော့တယ်။ ဒါပေမယ့်လည်း Fantastic Four အဖွဲ့ရဲ့ Version နှစ်ခုက ပူးပေါင်းပြီး သူတို့ကို တားဆီးနိုင်ခဲ့ပါတယ်။

Washington D.C. တစ်မြို့လုံးကို ဖျက်ဆီးပစ်ခဲ့တဲ့ Kang

photo credit Marvel Comics

“The Kang Dynasty” ကတော့ Marvel ကောမစ်ရဲ့ လူအကြိုက်များဆုံး ကောမစ်တွေထဲမှာ ပါဝင်ပါတယ်။ အဲဒီကောမစ်ထဲမှာတော့ Kang နဲ့ သူ့ရဲ့သားဖြစ်သူ Marcus တို့ဟာ ကမ္ဘာပေါ်က အစိုးရတွေကို အောင်မြင်စွာ ဖြုတ်ချနိုင်ခဲ့ပြီး လုပ်ပိုင်ခွင့်တွေအားလုံးကို သိမ်းပိုက်ခဲ့ပါတယ်။

ဒါ့အပြင် Kang ဟာ သူဘယ်လောက် စွမ်းအားကြီးမားကြောင်း ပြသချင်တာကြောင့် Washington D.C. တစ်မြို့လုံးကို ဖျက်ဆီးခဲ့ပြီး မြို့နေပြည်သူတွေအားလုံးကိုလည်း သတ်ပစ်ခဲ့ပါတယ်။ Avengers တွေဟာ Kang ကို တားဆီးပြီး ငြိမ်းချမ်းရေးရအောင် ပြန်လုပ်နိုင်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုတွေကတော့ အတော်လေး များပြားခဲ့ပါတယ်။

Timeline ပေါင်းစုံက ဇာတ်ကောင်တွေကိုလည်း သူ့အတွက် တိုက်ခိုက်စေပါတယ်။

photo credit Marvel Comics

Kang ကတော့ အရေးကြီးတဲ့ တိုက်ပွဲတွေအတွက် Timeline ပေါင်းစုံက Marvel ဟီးရိုးနဲ့ ဗီလိန်တွေကို စုစည်းပြီး သူ့အတွက် တိုက်ခိုက်စေခဲ့ပါတယ်။ Next Avengers ကောမစ်ထဲမှာတော့ Ultron ဟာ အနာဂတ်ကာလတစ်ခုမှာ အလွန်စွမ်းအားကြီးနေပါတယ်။ ဒါကြောင့်ပဲ Kang ဟာ Ultron နဲ့ တိုက်ခိုက်ဖို့အတွက် ဇာတ်ကောင်များစွာကို စုစည်းခဲ့ဖူးပါတယ်။

ဒါ့အပြင် Apocalypse Twin ကြောင့် ကမ္ဘာကြီး ပျက်စီးတော့မယ့်အချိန်မှာလည်း Kang ဟာ Stryfe ၊ Earth-X ရဲ့ Venom ၊ Doctor Doom 2099 ၊ Iron Man 2020 ၊ Magistrate Braddock ၊ Days of Future Past ရဲ့ Ahab ၊ Abomination/Deathlok နဲ့ Young Thor တို့ကို စုစည်းပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။

Infinity Watch အဖွဲ့ဝင် ဖြစ်ခဲ့ပါသေးတယ်။

photo credit Marvel Comics

Infinity Warps ကောမစ်ထဲမှာတော့ Requiem ဆိုတဲ့ ဗီလိန်တစ်ယောက်ဟာ Infinity Stone တွေကို စုစည်းပြီး Universe ရဲ့ လူဦးရေတစ်ဝက်ကို ထပ်မံဖျောက်ပစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထူးခြားတာကတော့ သူ့ရဲ့လုပ်ပုံက Thanos လိုမျိူး ဖြစ်တည်မှုက ဖျောက်ပစ်လိုက်တာ မဟုတ်ဘဲ လူနှစ်ယောက်ကို ပေါင်းစပ်သွားပြီး တစ်ယောက်တည်း ဖြစ်အောင် လုပ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီထဲမှာ သက်ရောက်မှုမရှိတဲ့ ဇာတ်ကောင်အနည်းငယ်တော့ ကျန်ရစ်ခဲ့ပြီး Loki ဟာလည်း အဲဒီလူတွေထဲမှာ ပါဝင်ပါတယ်။

ဒါကြောင့်ပဲ Loki ဟာ Infinity Stone တွေကို စောင့်ရှောက်ရတဲ့ Infinity Watch အဖွဲ့အသစ်ကို ဖန်တီးဖို့ တာဝန်ရှိလာပါတယ်။ Loki ကတော့ ဇာတ်ကောင်နှစ်ယောက် ပေါင်းစပ်သွားသူအချို့ကို ပုံမှန်အတိုင်းဖြစ်အောင် ပြန်လုပ်ပေးခဲ့ပြီး အပြန်အလှန်အနေနဲ့ သူ့ကို ပြန်ကူညီခိုင်းပါတယ်။ Loki ကြောင့် ပုံမှန်ပြန်ဖြစ်သွားသူတွေထဲမှာတော့ Ms. Marvel နဲ့ Kang တို့နှစ်ယောက်လည်း ပါဝင်ပါတယ်။

အစကတော့ Ms. Marvel နဲ့ Kang တို့ ပေါင်းစပ်သွားပြီး Kamala Kang ဆိုတဲ့ဇာတ်ကောင် ဖြစ်နေခဲ့တာပါ။ Loki ရဲ့ Infinity Watch အဖွဲ့ထဲမှာတော့ Hulk ၊ Ant-Man ၊ Emma Frost ၊ Ms. Marvel နဲ့ Kang တို့ ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Kang ဟာ Reality Stone ကို စောင့်ရှောက်ခဲ့ပြီး Soul Stone ပိုင်ဆိုင်ထားတဲ့ Devondra နဲ့ Final Battle မှာလည်း တိုက်ခိုက်ခဲ့ပါသေးတယ်။

Kang ဟာ Mister Fantastic သို့မဟုတ် Doctor Doom ရဲ့မျိူးဆက် ဖြစ်နေနိုင်ပါတယ်။

photo credit Marvel Comics

Kang ရဲ့ နာမည်အရင်းကတော့ Nathaniel Richards ဖြစ်ပြီး သူဟာ Reed Richards တဖြစ်လည်း Mister Fantastic ရဲ့မျိူးဆက် ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတုန်းကတော့ Kang ကိုယ်တိုင်က သူဟာ Doctor Doom ရဲ့မျိူးဆက် ဖြစ်နိုင်တယ်လို့ ထင်ခဲ့ဖူးပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ Artist ‌တွေများစွာက ပုံစံမျိူးစုံနဲ့ ပုံဖော်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့်လည်း ယခုအချိန်ထိတော့ ဒါတွေက ဖြစ်နိုင်ချေသက်သက်သာ ရှိသေးပြီး သေချာအတည်ပြုထားတာမျိူးတော့ မရှိသေးပါဘူး။

ဒါကတော့ ကောမစ်ထဲက Kang ရဲ့ လူသိနည်းသေးတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုအကြောင်းအရာတွေ စိတ်ဝင်စားရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular