HomeEntertainmentFilmWilly Wonka ဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ပါဆိုတဲ့ Fan Theory

Willy Wonka ဟာ ကွင်းဆက်လူသတ်သမားတစ်ယောက်ပါဆိုတဲ့ Fan Theory

Willy Wonka ဇာတ်ကောင်ကိုတော့ ရုပ်ရှင်ချစ်သူတိုင်း ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။ Willy Wonka and the Chocolate Factory ရုပ်ရှင်ကတော့ ဝတ္ထုဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပြီး ၁၉၇၁ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ မင်းသားကြီး Johnny Depp နဲ့ Charlie and the Chocolate Factory ဆိုပြီး ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်ကို ကြည့်ရှုပြီးနောက်မှာတော့ ကလေးတိုင်းဟာ ဒီရုပ်ရှင်ထဲက ချောကလက်စက်ရုံကြီးဆီ သွားနိုင်ဖို့ စိတ်ကူးယဉ်မိကြပါတယ်။ ဒါပေမယ့်လည်း သင့်ရဲ့ငယ်ဘဝက Memory တွေကို ဖျက်ဆီးသွားမယ့် Fan Theory တစ်ခုလည်း ရှိနေပါတယ်။

ဒီသီအိုရီအရဆိုရင်တော့ Willy Wonka ဟာ ကလေးတွေကို ပစ်မှတ်ထားတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်လို့ ဆိုပါတယ်။ ဒါ့အပြင် Willy Wonka ရဲ့ ချောကလက်စက်ရုံထဲကို လာခွင့်ရသူတွေဟာလည်း သူကိုယ်တိုင် တမင်ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

photo credit Paramount Pictures

Willy Wonka ရဲ့ပြိုင်ဘက်တွေဟာ သူ့ရဲ့မုန့်လုပ်နည်းတွေကို ခိုးယူဖို့ ကြိုးစားခဲ့တာကြောင့် ချောကလက်စက်ရုံထဲကို ဘယ်သူ့ကိုမှ အဝင်မခံခဲ့ပါဘူး။ ဒါကြောင့်ပဲ သူဟာ တကိုယ်ကောင်းဆန်မှုနဲ့ လောဘကြီးမှုတို့လို လူသားတွေရဲ့ အမူအကျင့်တွေကို စမ်းသပ်ဖို့ ဒီကလေးတွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Willy Wonka ဟာ ချောကလက်စက်ရုံထဲကို ခေါ်မယ့် ကလေးတွေကို သေချာရွေးချယ်ထားတာကြောင့် သူတို့ရဲ့အားနည်းချက်နဲ့ အမူအကျင့်တွေကို သိထားပြီးဖြစ်ကာ အဲဒီအချက်တွေကို အသုံးချပြီး ဒီကလေးတွေကို သေစေခဲ့တယ်လို့ ဆိုပါတယ်။

Augustus Gloop ကတော့ ချောကလက်မြစ်ထဲမှာ မျောပါသွားသလို Veruca Salt ကတော့ အမှိုက်တွေပစ်တဲ့နေရာကို ရောက်သွားပါတယ်။ Violet Beauregarde ကတော့ Blueberry ဖြစ်သွားပြီး Mike Teevee ကလည်း လူသေးသေးလေး ဖြစ်သွားပါတယ်။ မူလရုပ်ရှင်ထဲမှာတော့ ဒီကလေးတွေ ဘာဆက်ဖြစ်သွားတယ်ဆိုတာ သေချာမပြသခဲ့တာကြောင့် သူတို့ဟာ ကံကြမ္မာဆိုးတွေ ကြုံတွေ့ခဲ့ရတယ်လို့ ယူဆနိုင်ပါတယ်။

photo credit Paramount Pictures

Willy Wonka အနေနဲ့ ဒီကလေးတွေကို ရှင်းပစ်လိုက်တာဟာ လူအဖွဲ့အစည်းထဲက မကောင်းတဲ့သူတွေ လျော့သွားတယ်လို့ ယူဆကြောင်း ဒီသီအိုရီက ဆိုပါတယ်။ Augustus ကတော့ ဘာပဲဖြစ်ဖြစ် စားမယ်ဆိုတဲ့ လောဘကြီးသူ ဖြစ်ပြီး Veruca ကတော့ ငွေကြေးချမ်းသာတယ်ဆိုပြီး အကျင့်ပျက်ကာ ရိုင်းစိုင်းနေတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။

Violet ကတော့ ခေါင်းမာပြီး တကိုယ်ကောင်းဆန်သူ ဖြစ်ကာ Mike ကတော့ နည်းပညာပိုင်းမှာ အရာရာကို ဆရာကြီးစတိုင်ဖမ်းတတ်သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Willy Wonka ဟာ သူတို့ရဲ့အားနည်းချက်တွေကို အသုံးပြုပြီး သတ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။

ဒီသီအိုရီကို ပိုမိုခိုင်မာစေတဲ့ အချက်ကတော့ မူလရုပ်ရှင်မှာရော Remake မှာပါ Willy Wonka ဟာ ဒီကလေးတွေ သေရေးရှင်ရေးနဲ့ ကြုံနေရတာတောင် နည်းနည်းလေးမှ ဂရုစိုက်တဲ့ပုံစံ မပြခဲ့တာပါပဲ။ ဒါ့အပြင် Oompa Loompas ဆိုတဲ့ လူပုလေးတွေကလည်း ကလေးတွေ ဒုက္ခရောက်နေတာတောင် စိုးရိမ်ပုံ လုံးဝမပြခဲ့ပါဘူး။ ဒါကြောင့်ပဲ Oompa Loompas တွေရဲ့ တာဝန်ကတော့ စက်ရုံကို ထိန်းသိမ်းဖို့ထက် သူတို့ရဲ့ Boss ဖြစ်တဲ့ Willy Wonka သတ်လိုက်တဲ့ ကလေးတွေကို ရှင်းပစ်ပေးရတာလို့လည်း ဆိုပါတယ်။

photo credit Paramount Pictures

ကလေးတွေအားလုံးက ဒီလိုအဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ရပေမယ့် Charlie ကတော့ ထူးထူးခြားခြား ရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် Charlie ကလည်း တောက်လျှောက်စမ်းသပ်မှုတွေကို ကျော်ဖြတ်ခဲ့ရပြီး နောက်ဆုံးမှာတော့ Charlie ဟာ သူ့ရဲ့ရိုးသားဖြူစင်မှုကြောင့် ချောကလက်စက်ရုံကြီးကိုပါ ဆက်ခံရရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ Willy Wonka ဟာ Charlie ကိုတော့ သူ့လိုမျိူး ဆိုးသွမ်းတဲ့ ကလေးတွေကို သတ်ပစ်မယ့် ကွင်းဆက်လူသတ်သမားတစ်ယောက် ဖြစ်လာအောင် လေ့ကျင့်ပေးလိမ့်မယ်လို့ ဒီသီအိုရီကဆိုပါတယ်။ စာဖတ်သူတွေလည်း ဒီသီအိုရီအပေါ်မှာ ဘယ်လိုမြင်တယ်ဆိုတာ ကောမန့်မှာ ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular