HomeEntertainmentFilmအဓိကဇာတ်ကောင်တစ်ယောက်ရဲ့ သေဆုံးမှုကို အရိပ်အမြွက်ပြနေတဲ့ The Witcher Season 3 ရိုက်ကွင်းပေါ်က ဓာတ်ပုံများ

အဓိကဇာတ်ကောင်တစ်ယောက်ရဲ့ သေဆုံးမှုကို အရိပ်အမြွက်ပြနေတဲ့ The Witcher Season 3 ရိုက်ကွင်းပေါ်က ဓာတ်ပုံများ

The Witcher ဇာတ်လမ်းတွဲရဲ့ Season 3 ကိုတော့ လက်ရှိမှာ ရိုက်ကူးနေဆဲ ဖြစ်ပြီး ဇာတ်လမ်းအကျဉ်းချုပ်ကိုလည်း မသိရသေးပါဘူး။ The Witcher ဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး ပရိသတ်တွေကြားမှာ လျင်လျင်မြန်မြန်ပဲ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေ နှောင့်နှေးခဲ့ရပြီး Season 2 ဟာ ယခုနှစ်ကျမှပဲ ထွက်ရှိလာနိုင်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ ရိုက်ကူးနေဆဲဖြစ်တဲ့ Season 3 ရဲ့ ရိုက်ကွင်းပေါ်က ဓာတ်ပုံတချို့ထွက်ပေါ်လာပြီး အဆိုပါဓာတ်ပုံတွေထဲမှာတော့ အဓိက ဇာတ်ကောင်တစ်ယောက်ရဲ့ သေဆုံးမှုကို အရိပ်အမြွက် ပြသနေတယ်လို့ ခန့်မှန်းရပါတယ်။

Photo: redanianintelligence/ Twitter

The Witcher Universe ကတော့ အလွန်ကြီးမားကျယ်ပြန့်ပြီး စာအုပ်တွေထဲက ဇာတ်ကောင်များစွာကိုလည်း ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ခဲ့ရပြီ ဖြစ်ပါတယ်။ Yennefer ရဲ့ဆရာမ ဖြစ်သူ Tissaia de Vries နဲ့ Brotherhood of Sorcerers အဖွဲ့ဝင်ဖြစ်တဲ့ Vilgefortz of Roggeveen တို့လို ဇာတ်ကောင်တွေကတော့ Season 2 ထဲမှာ ပိုမိုအားကောင်းလာတာကို မြင်တွေ့ခဲ့ရပါတယ်။

Vilgefortz ကတော့ The Witcher ထဲက အရေးကြီးဆုံး ဇာတ်ကောင်တွေထဲမှာ ပါဝင်သလို အမှတ်ရစရာအကောင်းဆုံး ဗီလိန်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ The Witcher Universe ထဲက စွမ်းအားအကြီးဆုံး ဇာတ်ကောင်အနေနဲ့လည်း မကြာခဏ သတ်မှတ်ခံရပါသေးတယ်။

Photo: redanianintelligence/ Twitter
Photo: redanianintelligence/ Twitter

မကြာသေးခင်က ထွက်ပေါ်လာတဲ့ Witcher season 3 ရဲ့ ရိုက်ကွင်းပေါ်က ဓာတ်ပုံတွေထဲမှာတော့ Vilgefortz ဟာ ဗီလိန်အဖြစ် ပြောင်းလဲသွားပြီး Geralt နဲ့ တိုက်ခိုက်နေတာကို တွေ့ရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်ပဲ အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Tissaia ဟာ သေဆုံးသွားနိုင်ပါတယ်။

Time of Contempt ဆိုတဲ့ ဝတ္ထုထဲမှာတော့ Geralt ၊ Ciri နဲ့ Yennefer တို့ဟာ Thanedd Island ကို ခရီးထွက်လာခဲ့ပြီး Vilgefortz တို့လို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ Vilgefortz ဟာ Geralt အနေနဲ့ ယခုထက်ပိုပြီး စွမ်းအားကြီးမားတဲ့ မှော်ပညာအသုံးပြုသူ ဖြစ်လာအောင် လေ့ကျင့်လို့ရကြောင်း ပြောပြီး Nilfgaardian သစ္စာဖောက်တွေနဲ့ ပူးပေါင်းဖို့ မြူဆွယ်ခဲ့ပါတယ်။

Photo: redanianintelligence/ Twitter
Photo: redanianintelligence/ Twitter

ဒါပေမယ့်လည်း Geralt ဟာ နိုင်ငံရေးတွေမှာ ဝင်မပါချင်တာကြောင့် Vilgefortz ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ Geralt ဟာ အာဏာသိမ်းဖို့ ကြိုးစားတယ်လို့ စွပ်စွဲခံခဲ့ရပြီး Tower of Gulls မှာ Vilgefortz နဲ့ Geralt တို့ဟာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာလည်း Vilgefortz ဟာ Nilfgaardian တွေနဲ့ ပူးပေါင်းဖို့ ထပ်မံပြောခဲ့ပါသေးတယ်။ တိုက်ခိုက်ကြတဲ့ အခါမှာတော့ Vilgefortz ဟာ Geralt ကို အနိုင်ရသွားပြီး သတ်မိလုနီးပါးတောင် ဖြစ်သွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Geralt ကို Triss Merigold က ရှာတွေ့ခဲ့ပြီး Tissaia ရဲ့အကူအညီနဲ့ ဒီကျွန်းနဲ့ဝေးရာကို တယ်လီပို့ ပြုလုပ်ပေးခဲ့ပါတယ်။ အာဏာသိမ်းမှု ဖြစ်နေစဉ်အတွင်းမှာတော့ မျှတတဲ့တိုက်ပွဲ ဖြစ်သွားအောင်ဆိုပြီး Tissaia ဟာ Nilfgaardian သစ္စာဖောက်တွေကို လွှတ်ပေးခဲ့ပြီး အဲဒီထဲမှာတော့ Vilgefortz လည်း ပါဝင်နေပါတယ်။

Photo via redanianintelligence

အဲဒီနောက်မှာတော့ ဒီလုပ်ရပ်ဟာ ကြီးမားလွန်းတဲ့ အမှားဆိုတာကို သိသွားတာကြောင့် Tissaia ဟာ Geralt နဲ့ Triss တို့ကို လွတ်မြောက်အောင် ကူညီပြီးတဲ့နောက်မှာတော့ သူမကိုယ်သူမ အဆုံးစီရင်သွားခဲ့ပါတယ်။ ယခုမြင်တွေ့ရတဲ့ ရိုက်ကွင်းပေါ်က ဓာတ်ပုံကတော့ Geralt နဲ့ Vilgefortz တို့ တိုက်ခိုက်နေကြတာကြောင့် အပေါ်မှာ ဖော်ပြထားသလို ဇာတ်လမ်းဇာတ်ကွက်တွေကို Season 3 မှာ မြင်ရနိုင်ချေ ရှိနေပါတယ်။

Legos

Source: screenrant/redanian intelligence

RELATED ARTICLES

Most Popular