HomeCharacterBlack Widow ရုပ်ရှင်ထဲက Yelena Belova အကြောင်း စိတ်ဝင်စားစရာများ

Black Widow ရုပ်ရှင်ထဲက Yelena Belova အကြောင်း စိတ်ဝင်စားစရာများ

Yelena Belova ဟာ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Inhumans #5 Marvel ကောမစ်မှာ စတင်ပါဝင်လာခဲ့တာပါ။ Yelena ဟာ Marvel ကောမစ်အများစုမှာ ပါဝင်ခဲ့ဖူးပေမယ့်လည်း Natasha လောက်တော့ လူသိမများပါဘူး။ ဒါပေမယ့်လည်း အခုချိန်မှာတော့ Black Widow ရုပ်ရှင်ထဲမှာ Yelena လည်း ပါဝင်လာပြီ ဖြစ်တာကြောင့် MCU ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း အခုဖော်ပြပေးသွားမယ့် အကြောင်းတွေကတော့ ကောမစ်ထဲက အကြောင်းအရာတွေ ဖြစ်တာကြောင့် MCU ထဲက ဖြစ်ရပ်တွေနဲ့ အနည်းငယ် ကွာခြားနေတာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့်ပဲ Yelena ရဲ့ အကြောင်းကို ထပ်မံသိချင်သူတွေအတွက် အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(1) Black Widow လည်း ဖြစ်ခဲ့ဖူးပါတယ်။
photo via screenrant

Yelena ဟာ Natasha လိုပဲ Red Room မှာ ကြီးပြင်းလာတာဖြစ်ပြီး သူမဘဝတလျှောက်လုံး Black Widow ဖြစ်လာအောင် လေ့ကျင့်ခဲ့ရပါတယ်။ Yelena ရဲ့ ပထမဆုံးမစ်ရှင်ကတော့ Red Room ရဲ့ စမ်းသပ်ချက်တစ်ခု ဖြစ်နေပြီး သူမဟာ အဲ့ဒီမစ်ရှင်ကို ခံစားချက်တွေ မပါဝင်ဘဲ အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့တာကြောင့် Black Widow ဖြစ်လာခဲ့ပါတယ်။

(2) Natasha နဲ့ ပထမဆုံး တွေ့ဆုံခြင်း
photo via screenrant

Yelena ဟာ သူမကိုယ်သူမ Black Widow ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်သူတစ်ယောက်လို့ ယူဆထားတာကြောင့် Red Room ရဲ့ ရန်သူဖြစ်သူ Natasha ကို တိုက်ခိုက်ဖို့ သဘောတူခဲ့ပါတယ်။ Natasha နဲ့ Yelena တို့ နှစ်ယောက် ဆုံတွေ့ကြတဲ့အချိန်မှာတော့ တကယ့်တိုက်ပွဲတစ်ခု ဖြစ်မသွားခဲ့ပါဘူး။

အကြောင်းကတော့ Natasha ဟာ သူမကို မတိုက်ခိုက်ခဲ့ဘဲ Widow ဘဝကို စွန့်လွှတ်ကာ လွတ်လွတ်လပ်လပ် နေထိုင်ဖို့ ဖြောင်းဖြခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Natasha ရဲ့ စကားတွေဟာ Yelena ကို အမြင်မှန်ရအောင် မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ Natasha ဟာ Red Room ရဲ့ ရက်စက်လွန်းတဲ့ မျက်နှာချင်းလဲတဲ့ ပရောဂျက်မှာ Yelena ကို ထည့်သွင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှသာ Yelena ဟာ Red Room ရဲ့ သရုပ်မှန်ကို သိသွားပြီး အသုံးချခံရတယ်လို့ ခံစားလာရတာ ဖြစ်ပါတယ်။

(3) ပုံမှန်ဘဝနဲ့လည်း နေထိုင်ခဲ့ပါသေးတယ်။
photo via screenrant

အပေါ်မှာ ဖော်ပြထားတဲ့ ပရောဂျက်ကို ကြုံတွေ့ပြီးနောက်မှာတော့ Yelena ဟာ ရုရှားကို စိတ်ကုန်သွားပြီး Black Widow အဖြစ်ကနေ အနားယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Yelena ဟာ သာမန်ဘဝနဲ့ နေထိုင်ခဲ့ပြီး အမျိူးသမီးအတွင်းခံတွေ ကြော်ငြာတဲ့ မော်ဒယ်တစ်ယောက် ဖြစ်လာပါတယ်။ ဒါတင်မကသေးဘဲ နောက်ပိုင်းမှာတော့ အမျိူးသမီးအတွင်းခံ ကုမ္ပဏီအကြီးကြီးကို ပိုင်ဆိုင်ခဲ့ပြီး မီလျံနာတစ်ယောက်တောင် ဖြစ်လာခဲ့ပါတယ်။

(4) Sauron
photo via screenrant

နောက်ပိုင်းမှာတော့ SHIELD ကြောင့်ပဲ Yelena ဟာ စပိုင်လုပ်ငန်းထဲကို ပြန်လည်ဝင်ရောက်လာပြီး တရားမဝင် ဗိုင်ဘရေနီယမ် တူးဖော်ရေးတစ်ခုနဲ့ ပါဝင်ပတ်သက်ခဲ့ပါတယ်။ ထုံးစံအတိုင်း Avengers တွေက အဲ့ဒီအကြောင်းကို သိရှိသွားပြီး တိုက်ပွဲအတွင်းမှာတော့ Sauron ဆိုတဲ့ ဗီလိန် ရောက်ရှိလာပါတယ်။ Sauron ဟာ Yelena ကို ဒဏ်ရာအပြင်းအထန်ရအောင် မီးရှို့ခဲ့ပြီး Yelena လည်း သေလုမြောပါး ဖြစ်သွားပါတယ်။ အဲ့ဒီနောက် ဆေးရုံတက်နေတဲ့အချိန်မှာပဲ Hydra က Yelena ကို ကမ်းလှမ်းလာပြီး သူမကလည်း သူမရဲ့ လက်စားချေချင်စိတ်ကြောင့် သဘောတူခဲ့ပါတယ်။

(5) Hydra နဲ့ A.I.M.
photo via screenrant

Yelena ဟာ သူမရဲ့ ဆိုးဆိုးရွားရွား ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်ကို Hydra ဆီမှာ ကုသခဲ့ပါတယ်။ ဒါ့အပြင် A.I.M. အဖွဲ့အစည်းရဲ့ နည်းပညာတွေကို အသုံးပြုပြီး သူမဟာ လူသားနဲ့ စက်ပစ္စည်းပေါင်းစပ်ထားတဲ့ Super-Adaptoid ဗားရှင်းသစ် ဖြစ်လာပါတယ်။ အဲ့ဒီနောက်မှာတော့ Luke Cage နဲ့ Jessica Jones တို့ရဲ့ မင်္ဂလာပွဲ မစခင်မှာပဲ Avengers တာဝါကို တိုက်ခိုက်ခဲ့ပါတယ်။

Yelena ဟာ New Avengers တွေရဲ့ စွမ်းအားတွေကို ပုံတူကူးယူကာ ပြန်လည်တိုက်ခိုက်ခဲ့ပြီး အနိုင်ရလုနီးပါး ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သူမဟာ Iron Man နဲ့ Sentry တို့နှစ်ယောက်နဲ့ တိုက်ခိုက်ရတဲ့အချိန်မှာ ရှုံးနိမ့်သွားပါတယ်။ Yelena ဟာ Avengers တွေကို နိုင်နိုင်ချေ မရှိတော့ဘူးဆိုတာ သိလိုက်တဲ့အချိန်မှာတော့ A.I.M. ဟာ သူမကို တပ်ဆင်ပေးထားတဲ့ စက်ပစ္စည်းတွေကို ပိတ်ချလိုက်ပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီအချိန်မှာတော့ Yelena ကို သေသွားပြီလို့ ကောမစ် ပရိသတ်တွေက ထင်သွားကြပါတယ်။

(6) Vanguard နဲ့ Thunderbolts
photo via screenrant

နောက်ပိုင်းမှာတော့ Yelena ဟာ ကောမစ်ထဲမှာ ပြန်လည်ပါဝင်လာပြီး Vanguard ဆိုတဲ့ လျှိူ့ဝှက်အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးခဲ့ပါတယ်။ အဲ့ဒီအဖွဲ့အစည်းကြီး ပျက်စီးသွားတဲ့အချိန်မှာတော့ သူမဟာ ပြန်လည်ပျောက်ကွယ်သွားပြန်ပါတယ်။ အဲ့ဒီနောက်မှာတော့ Norman Osborn ဟာ Yelena ကို Thunderbolts အဖွဲ့ထဲကို ဝင်ရောက်ဖို့ ကမ်းလှမ်းခဲ့ပြီး သူမကလည်း သဘောတူခဲ့ပါတယ်။

နောက်ထပ် အဖြစ်အပျက်တွေများစွာ ဖြစ်ပြီးနောက်မှာတော့ ဒီ Yelena ဟာ Yelena အစစ်မဟုတ်ဘဲ Natasha က ရုပ်ဖျက်ပြီး Nick Fury ရဲ့ အမိန့်အရ စပိုင်လုပ်နေတာလို့ သိလိုက်ရပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာကတော့ Norman Osborn ကလည်း အဲ့ဒီအချက်ကို အစောကြီးကတည်းက သိနေပြီး Natasha ကို ပြန်အသုံးချနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Norman Osborn ဟာ တကယ့် Yelena အစစ်ကိုတော့ မေ့မျောနေတဲ့ အခြေအနေနဲ့ ထိန်းသိမ်းထားပါသေးတယ်။

(7) A.I.M. ကောင်စီကိုလည်း အလုပ်လုပ်ပေးခဲ့ပါတယ်။
photo via screenrant

အပေါ်မှာဖော်ပြထားသလိုပဲ Yelena ဟာ မေ့မျောနေတဲ့ အခြေအနေကနေ A.I.M. အဖွဲ့အစည်းကြောင့် ပြန်လည်နိုးထလာပြီး Taskmaster တို့လို ဗီလိန်တွေနဲ့အတူ A.I.M. ကောင်စီအတွက် အလုပ်လုပ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ‌တော့ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ Yelena ဟာ သူမရဲ့ Super Adaptoid စွမ်းအားတွေကိုလည်း ပြန်လည် ရရှိလာပါတယ်။ အဲ့ဒီနောက်မှာလည်း A.I.M. အဖွဲ့အစည်းက လူတစ်ယောက်ဟာ Yelena ကို SHIELD အဖွဲ့က Mockingbird လို့ အထင်မှားကာ သေနတ်နဲ့ ပစ်လိုက်တာကြောင့် နောက်ထပ်တစ်ကြိမ် သေမလို ဖြစ်သွားပြန်ပါတယ်။

(8) နောက်ထပ်တစ်ကြိမ် Black Widow ပြန်ဖြစ်လာပါတယ်။
photo via screenrant

Hydra က Captain America ကိုယ်ပွားရဲ့ လက်ချက်ကြောင့် Natasha သေဆုံးသွားချိန်မှာတော့ Yelena ဟာ Natasha ရဲ့ သေဆုံးမှုကို လက်စားချေဖို့အတွက် နောက်ထပ်တစ်ကြိမ် Black Widow နာမည်ကို ထပ်မံ ခံယူခဲ့ပါတယ်။ သူမဟာ Hydra ရဲ့ ရာထူးကြီးတဲ့ အဖွဲ့ဝင်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေကို ပစ်မှတ်ထားကာ တစ်ကမ္ဘာလုံးကို လှည့်လည် သွားလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူမရဲ့ လုပ်ရပ်တွေကို Hawkeye နဲ့ Winter Soldier တို့က သတိထားမိလာပါတော့တယ်။

(9) Natasha နဲ့ Yelena
photo via screenrant

ကောမစ်ဇာတ်လမ်းတွေ တလျှောက်မှာတော့ Natasha နဲ့ Yelena တို့ဟာ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ တခါတလေကျရင် သူတို့နှစ်ယောက်ဟာ အနီးစပ်ဆုံး မိတ်ဆွေတွေ ဖြစ်ကြသလို တခါတရံကျရင်လည်း ကမ္ဘာ့ရန်တွေ ဖြစ်နေတတ်ပါတယ်။ Natasha ကတော့ Yelena ကို ” Little One ” လို့ ခေါ်လေ့ရှိပြီး သူမကိုယ်သူမ အစ်မကြီးတစ်ယောက်လို့ ခံယူထားပါတယ်။ Natasha ကတော့ တတ်နိုင်သမျှ မကောင်းမှုတွေကို ရှောင်လေ့ရှိပေမယ့်လည်း Yelena ကတော့ Anti-Hero ပိုဆန်တာကြောင့် ဒီအချက်ဟာ သူတို့နှစ်ယောက်ကြားမှာ မကြာခဏ ပြဿနာတွေ ဖြစ်စေခဲ့ပါတယ်။

ဒါကတော့ Yelena Belova နဲ့ ပတ်သက်တဲ့ ကောမစ်ထဲက အကြောင်းအရာအချို့ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular